ခရစ်ယာန်အိမ်ထောင်ဖွင့်ဆိုချက်(၁၀)ချက်
၁။ခရစ်ယာန်အိမ်ထောင်သည်တစ်လင်တစ်မယားစနစ်ဖြစ်သည်။မိန်းမအများကြီးယူလို့မရသလို၊ယောကျာ်းအများကြီးလည်းယူခွင့်မပြုထားပါ။
(တရားဟောရာ၁၇:၁၇ သူ၏စိတ်နှလုံးသည် ဖောက်ပြန်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း များစွာသော မယားတို့ကို မယူရ။)
၂။ခရစ်ယာန်အိမ်ထောင်သည်လွယ်လင့်တကူကွာရှင်းလို့မရပါ။တသက်လုံးသစ္စာရှိရှိပေါင်းသင်းဖို့သာဖြစ်ပါသည်။
(မဿဲ၁၉:၆လင်မယားတို့သည် နှစ်ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်၏။ ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင် တော်မူသောအရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ၏။)
၃။ခရစ်ယာန်အိမ်ထောင်သည်ကျားတစ်ဦးမတစ်ဦးဖြင့်သာတည်ထောင်သောအိမ်ထောင်ဖြစ်သည်။လိင်တူချင်းခရစ်ယာန်အိမ်ထောင်ပြုခွင့်မပြုထားပါ။
(ဝတ်ပြုရာ၁၈:၂၂-၂၃ မိန်းမနှင့် ပေါင်းဖော်သကဲ့သို့ ယောက်ျားချင်းမပေါင်းဖော်ရ။ ရွံရှာဖွယ်အမှုဖြစ်၏။ ကိုယ်ကိုကိုယ်ညစ်ညူးစေ၍ တိရစ္ဆာန်နှင့်မပေါင်းဖော်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ပေါင်းဖော်ခြင်းကိုမခံရ။ ရွံရှာဖွယ်သော ရောနှောခြင်းဖြစ်၏။)
၄။ခရစ်ယာန်အိမ်ထောင်ဖက်သည်ဘုရားပေးသောကျေးဇူးတော်ဖြစ်သည်၊ဘုရားပေါင်းစပ်ပေးထားတာမို့တန်ဖိုးထားရပါမည်။
(သုတ္တံ၁၈:၂၂မယားကိုရသောသူသည် ကောင်းသောအရာကိုရ၍၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ခံရ၏။)
၅။ခရစ်ယာန်အိမ်ထောင်သည်သင့်မြတ်စွာပေါင်းသင်းရန်ဖြစ်သည်။စကားများရန်ဖြစ်ဖို့အိမ်ထောင်ပြုထားခြင်းမဟုတ်ပေ။စကားများရန်ဖြစ်ဖို့အကြောင်းဖန်လာတိုင်းခေတ္တရှောင်ထားသင့်ပေသည်။
(သုတ္တံ၂၁:၉ရန်တွေ့တတ်သောမိန်းမနှင့်အတူ လူများသောအိမ်၌ နေသည်ထက်၊ အိမ်မိုးပေါ်ထောင့်ထဲမှာနေသော် သာ၍ကောင်း၏။)
၆။ခရစ်ယာန်အိမ်ထောင်သည်အချင်းချင်းသစ္စာရှိဖို့ဖြစ်သည်။မိမိ၏ကာမပိုင်အိမ်ထောင်ဖက်မှတပါးဖောက်ပြန်ခြင်းလုံးဝ(လုံးဝ)မပြုရပါ။
(၁ကော၇:၃-၄ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအား ပြုစေလော့။ ထိုနည်းတူ၊ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုစေလော့။မိန်းမသည် မိမိကိုယ်ကိုမပိုင်၊ လင်သည်ပိုင်၏။ ထိုနည်းတူ ယောက်ျားသည်လည်း မိမိကိုယ်ကိုမပိုင်၊ မယားသည်ပိုင်၏။)
(ဟေဗြဲ၁၃:၄ခပ်သိမ်းသော သူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသေရေ ရှိစေလော့။ မတရားသော မေထုန်ကိုပြုသောသူနှင့် သူ့မယားကို ပြစ်မှားသောသူကို ဘုရားသခင်စစ်ကြော စီရင်တော်မူလိမ့်မည်။)
၇။ခရစ်ယာန်အိမ်ထောင်သည်အမြဲအတူတူနေရမည့်အိမ်ထောင်ဖြစ်သည်။အိမ်ထောင်ပြုပြီး(ဆုတောင်းခြင်းကလွဲလို့)ခွဲပြီးတစ်ယောက်တစ်နေရာမနေသင့်ပါ။
(၁ကော၇:၅အချင်းချင်းခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်းခြင်းဝတ်ကို ပြုရသောအခွင့် ရှိစေခြင်းငှာ၊ သဘောတူ၍ ခင်ပွန်းဝတ်ကို ခဏမျှမရှောင်ရဟု မဆိုလို။ ထိုသို့ရှောင်လျှင်၊ ကိုယ်ကို မချုပ်တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့ သွေးဆောင်ရသောအခွင့် မရှိစေခြင်းငှာ၊ နောက်တစ်ဖန် အတူနေကြလော့။)
၈။ခရစ်ယာန်အိမ်ထောင်သည်ခရစ်တော်ကိုယုံကြည်သောသူနှင့်သာတည်ထောင်လို့ရသောအိမ်ထောင်ဖြစ်သည်။မယုံကြည်သူနှင့်ခရစ်ယာန်အိမ်ထောင်တည်ထောင်လို့မရပါ။
(၂ကော၆:၁၄-၁၅မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းပိုးကို မထမ်းကြနှင့်။ တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည်မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။- ခရစ်တော်သည် ဗေလျာလ နှင့် အဘယ်သို့ သင့်တင့်နိုင်မည်နည်း။ ယုံကြည်သောသူသည် မယုံကြည်သောသူနှင့်အတူ အဘယ် အကျိုးအပြစ်ကို ခံရမည်နည်း။)
၉။ခရစ်ယာန်အိမ်ထောင်သည်ခရစ်တော်နောက်လိုက်သောအိမ်ထောင်ဖြစ်သည်။ကိုယ်လုပ်ချင်သလိုလုပ်ပြီးမောင်းနှင်နေတဲ့အိမ်ထောင်မဖြစ်ရပါ။ခရစ်တော်စကားနားထောင်ပြီးလျှောက်လှမ်းသောအိမ်ထောင်ဖြစ်ရပါမည်။
(တမန်၁၁:၂၆ ထိုသူတို့သည် တစ်နှစ်ပတ်လုံး ထိုအသင်းတော်နှင့်အတူ စည်းဝေး၍၊ လူများအပေါင်းတို့အား ဆုံးမဩဝါဒပေးကြ၏။ တပည့်တော်တို့သည်လည်း ခရစ်ယာန်ဟူသော ခေါ်ဝေါ်သမုတ်ခြင်းကို အန္တိအုတ်မြို့၌ အဦးခံရကြ၏။)
ခရစ်=ယေရှုခရစ်တော်
ယာန်=အတုယူသူ၊နောက်လိုက်သူ
ခရစ်ယာန်အိမ်ထောင်=ခရစ်တော်နောက်လိုက်သောအိမ်ထောင်။
၁၀။ခရစ်ယာန်အိမ်ထောင်သည်မိသားစုယဇ်ပလ္လင်တည်ရသောအိမ်ထောင်ဖြစ်သည်။အတူဆုတောင်း၊အတူဝတ်ပြုချီးမွမ်းလျက်၊သားသမီးများကိုယုံကြည်ခြင်းအမွေပေးတတ်သောအိမ်ထောင်ဖြစ်သည်။
(ယောရှု၂၄:၁၅ ငါနှင့် ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်…။)