• 周五. 5 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

လှိုင်းတံပိုးကြားကယုံကြည်ခြင်း

ဆရာရဲမင်း

3 月 20, 2026

လှိုင်းတံပိုးကြားကယုံကြည်ခြင်း

နိဒါန်း
​လောကီပင်လယ်ပြင်ကို ဖြတ်သန်းနေကြတဲ့ ကျွန်ုပ်တို့ရဲ့ လူ့ဘဝခရီးလမ်းမှာ “လှိုင်းတံပိုး” ဆိုတာ ရှောင်လွှဲလို့မရတဲ့ အရာတစ်ခုပါ။ လှိုင်းတံပိုးဟာ ပြင်းထန်ရင် ကြောက်စရာကောင်းသလို၊ အခန့်မသင့်ရင် အသက်အန္တရာယ်အထိ ဒုက္ခပေးနိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တပည့်တော်တော်တွေဟာ ဂါလိလဲအိုင်ကို ဖြတ်ကူးစဉ်မှာ ပြင်းထန်တဲ့ လှိုင်းတံပိုးဒဏ်ကို ခံခဲ့ရပြီး သေဘေးကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ စိုးရိမ်ထိတ်လန့်မှုတွေဟာ ယေရှုခရစ်တော်ကြောင့် ငြိမ်းချမ်းခြင်းအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
​ယနေ့ ကျွန်ုပ်တို့ အသက်တာမှာလည်း ရေလှိုင်းတွေနဲ့ အမြဲမကြုံရပေမဲ့၊ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ စိတ်သောကတည်းဟူသော “ဘဝလှိုင်းတံပိုး” တွေကို လူတိုင်း ကြုံတွေ့နေရပါတယ်။ ဒီလှိုင်းတံပိုးတွေကြားကနေ ယုံကြည်ခြင်းနဲ့ ဘယ်လိုအောင်မြင်စွာ ရုန်းထွက်မလဲဆိုတာကို သမ္မာကျမ်းစာလာ (ရှင်မဿဲ ၁၄:၂၂-၃၃) ပါ အဖြစ်အပျက်ကို အခြေခံပြီး အချက် (၃) ချက်နဲ့ ဝေငှလိုပါတယ်။

​၁။ မကြောက်နှင့်၊ယေရှုသည်သင့်အနားမှာအမြဲရှိတယ်။(မဿဲ၁၄:၂၂-၂၇)
​တပည့်တော်တွေ လှေပေါ်မှာ လှိုင်းဒဏ်ကို ပြင်းစွာခံနေရတဲ့ ညအချိန်မှာ ယေရှုခရစ်တော်ဟာ ရေပေါ်မှာ လမ်းလျှောက်ပြီး သူတို့ဆီ ကြွလာခဲ့ပါတယ်။ အစပိုင်းမှာ တပည့်တော်တွေဟာ ထိတ်လန့်ပြီး “ဖုတ်တစ္ဆေ” လို့ ထင်မှတ်ကာ အော်ဟစ်ခဲ့ကြပေမဲ့ ကိုယ်တော်က “တည်ကြည်သောစိတ်ရှိကြလော့၊ ငါပင်ဖြစ်သည်။ မကြောက်လန့်ကြနှင့်” လို့ ချက်ချင်း နှုတ်ဆက် ခွန်အားပေးခဲ့ပါတယ်။
​ဘဝရဲ့ အမှောင်ဆုံးအချိန်၊ လှိုင်းတံပိုး အပြင်းဆုံးအချိန်တွေမှာ ကျွန်ုပ်တို့ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သတိရဖို့ လိုပါတယ်။ ကိုယ်တော်ဟာ ကျွန်ုပ်တို့ရဲ့ ဘေးနားမှာ အမြဲရှိနေပြီး “ငါရှိတယ်၊ မကြောက်နဲ့” လို့ ပြောနေပါတယ်။ ကိုယ်တော် ရှိနေခြင်းဟာ ကြောက်ရွံ့ခြင်းကို အောင်နိုင်တဲ့ ပထမဆုံးသော သော့ချက် ဖြစ်ပါတယ်။

​၂။ ယုံကြည်ခြင်းကိုဘုရားစကားပေါ်၌သာတည်ဆောက်ပါ။(မဿဲ၁၄:၂၇-၂၉)
ယေရှုခရစ်တော်ရေပေါ်မှာလမ်း လျှောက်လာတဲ့အခါ၊​တပည့်တော် ပေတရုက ယေရှုမှန်ရင် သူ့ကိုလည်း လာဖို့ အမိန့်ပေးပါလို့ တောင်းဆိုခဲ့ပါတယ်။ ယေရှုက “လာခဲ့လော့” လို့ တစ်ခွန်းတည်းသော စကားကို မိန့်တော်မူတဲ့အခါ ပေတရုဟာ ထိုစကားကို ယုံကြည်ပြီး လှေပေါ်ကနေ ဆင်းကာ ရေပေါ်မှာ လမ်းလျှောက်နိုင်ခဲ့ပါတယ်။
​ယုံကြည်ခြင်းဆိုတာ မိမိရဲ့ စိတ်ကူးယဉ်မှု မဟုတ်ဘဲ ဘုရားသခင်ရဲ့ ကတိတော်နဲ့ စကားတော်ပေါ်မှာ တည်ဆောက်ခြင်း ဖြစ်ပါတယ်။ လှိုင်းတံပိုးတွေ ဘယ်လောက်ကြီးပါစေ၊ ဘုရားသခင်ရဲ့ “စကားတော်” ကို ကိုင်စွဲထားနိုင်ရင် ကျွန်ုပ်တို့ဟာ လောကရဲ့ မဖြစ်နိုင်တဲ့ အခြေအနေတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

​၃။ လှိုင်းတံပိုးထက်ယေရှုခရစ်တော်ကိုသာအာရုံပြုပါ။(မဿဲ၁၄:၂၉-၃၃)
​ပေတရုဟာ ရေပေါ်မှာ လမ်းလျှောက်နေရင်းကနေ “လေပြင်းသည်ကို မြင်လျှင်” ကြောက်လန့်ပြီး ရေထဲကို နစ်မြုပ်သွားခဲ့ပါတယ်။ ပေတရုရဲ့ အမှားဟာ အာရုံစိုက်မှုကို လှိုင်းတံပိုးဆီ ပြောင်းလဲလိုက်ခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူ “ကယ်မတော်မူပါ” လို့ ဟစ်ကြော်တဲ့အခါ ယေရှုက လက်တော်ကို ဆန့်ပြီး ချက်ချင်း မစခဲ့ပါတယ်။ သူတို့နှစ်ဦး လှေပေါ်ရောက်တဲ့အခါမှာတော့ လေပြင်းတွေ ငြိမ်းသွားခဲ့ပါတယ်။
​ကျွန်ုပ်တို့ရဲ့ အသက်တာမှာလည်း ပြဿနာ (လှိုင်းတံပိုး) ကိုပဲ ကြည့်နေရင် ယုံကြည်ခြင်း အားနည်းပြီး နစ်မြုပ်သွားတတ်ပါတယ်။ ပြဿနာထက် ကြီးမြတ်တဲ့ ယေရှုခရစ်တော်ကိုသာ အမြဲအာရုံပြုမယ်ဆိုရင် ဘယ်လို လေပြင်းမျိုးကိုမဆို အောင်မြင်စွာ ဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။အာမင်။

​နိဂုံး
​ဘဝလှိုင်းတံပိုးတွေဟာ ကျွန်ုပ်တို့ကို နစ်မြုပ်အောင် ဒုက္ခပေးနိုင်ပေမဲ့၊ ယေရှုခရစ်တော်ကို ယုံကြည်ကိုးစားတဲ့သူအတွက်တော့ အဲဒီလှိုင်းတံပိုးတွေဟာ ဘုရားသခင်ရဲ့ ဘုန်းတော်ကို မြင်တွေ့ရမယ့် အခွင့်အရေးတွေ ဖြစ်လာပါတယ်။ လှိုင်းတံပိုးတွေကို ကြည့်ပြီး ကြောက်ရွံ့နေမယ့်အစား၊ ကျွန်ုပ်တို့အနားမှာ ရှိနေတဲ့ ကိုယ်တော့်ကို အာရုံပြုပြီး စကားတော်ကို ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းကြပါစို့။​လှေပေါ်ကို ကိုယ်တော် ရောက်လာတဲ့အခါ လေပြင်းတွေ ငြိမ်းသွားသလို၊ သင့်ရဲ့ ဘဝထဲခရစ် တော်ရောက်လာခဲ့ရင်၊သင့်ဘဝလှိုင်းတံပိုးတွေကိုလည်း ကိုယ်တော် ငြိမ်ဝပ်စေမှာ ဖြစ်ပါတယ်။အာမင်။

မူရင်း-ဆရာရဲမင်း