• 周六. 5 月 23rd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဝတ်ပြုစည်းဝေးမှာအိပ်ငိုက်ရခြင်းအကြောင်းရင်း(၅)ချက်

ဆရာရဲမင်း

3 月 20, 2026

ဝတ်ပြုစည်းဝေးမှာအိပ်ငိုက်ရခြင်းအကြောင်းရင်း(၅)ချက်

ဘုရားကျောင်းဝတ်ပြုစည်းဝေးမှာအိပ်ငိုက်တတ်တာဟာယုံကြည်ခြင်းမရှိလို့မဟုတ်သလိုအာရုံမပြုလို့လဲမဟုတ်ရပါဘူး။တခါတ‌လေကိုယ့်အသားကိုဆွဲစိတ်ပြီးလန်း‌အောင်လုပ်ရင်တောင်မရတဲ့အခြေအနေရှိတတ်ပါတယ်။ဒါကြောင့်အမြဲအိပ်ငိုက်တတ်နေရင်ဒါတွေကိုသတိပြုပြင်ဆင်ကြည့်ပါ။

၁။အိပ်ရေးမဝခဲ့လို့ပါ။
တနင်္ဂနွေနေ့ဝတ်ပြုဖို့ရှိတာမို့ယုံကြည်သူတိုင်းစနေနေ့ညမှာစောစောအိပ်ရာဝင်သင့်ပါတယ်။ဒါမှအိပ်ရေးဝမယ်၊အိပ်ရေးဝမှနောက်နေ့ဝတ်ပြုစည်းဝေးမှာလန်းဆန်းနေနိုင်ပါမယ်။ဒီလိုမဟုတ်လို့စနေညမှာဂိမ်းဆော့/အဆက်ကားကြည့်/ဖုန်းပွတ်ပြီးအိပ်ရေးပျက်ခဲ့ရင်နောက်နေ့ဝတ်ပြုစည်းဝေးမှာအိပ်ငိုက်မှာသေချာပါတယ်။

၂။အလုပ်ပင်ပန်းလွန်းလို့ပါ။
အလုပ်တအားပင်ပန်းသူအနေနဲ့၊‌စနေနေ့တပိုင်းသာလုပ်ပြီးကြိုတင်အနားယူသင့်ပါတယ်။တချို့ကစနေနေ့တင်မကဘူး၊တနင်္ဂနွေနေ့ဝတ်ပြုခြင်းမတိုင်ခင်ထိအလုပ်လုပ်နေတတ်တာမို့၊ဝတ်ပြုစည်းဝေးလာထိုင်တာနဲ့ပင်ပန်းပြီးငိုက်တော့တာပါဘဲ။ဒါကြောင့်ကြိုတင်အနားယူအားမွေးထားပါ။

၃။ရောဂါ‌နဲ့ဆေးအရှိန်တွေကြောင့်ပါ။
တချို့ယုံကြည်သူတွေမှာနာတာရှည်ရောဂါတခုခုရှိနေပြီး၊ရေရှည်ဆေးကိုစွဲသောက်နေရသူရှိပါတယ်။ဒီလူတွေကသူတို့ရောဂါနဲ့ဆေးအရှိန်ကြောင့်ရေရှည်အာရုံမပြုနိုင်ဘဲအိပ်ငိုက်လာတတ်ပါတယ်။ဒီလူတွေအနေနဲ့အိပ်ငိုက်လာရင်ခေတ္တအပြင်ထွက်ပြီးဝင်လာသင့်ပါတယ်။

၄။တရားဟောရှည်ပြီးအဟောမကောင်းလို့ပါ။
တချို့အမှုတော်ဆောင်တွေကဒေသနာကိုသေချာမပြင်ဆင်ဘဲတောင်ပြောမြောက်ပြောနဲ့၊အရှည်ကြီးစွဲပြောနေတတ်တာမို့နားထောင်သူတွေအတွက်စိတ်ဝင်စားမှုမရှိလို့အိပ်ငိုက်လာတတ်ပါတယ်။ဒါကြောင့်အမှုတော်ဆောင်တွေ”ဟောရှည်”မလုပ်ကြဘဲဒေသနာကိုသေချာကြိုတင်ပြင်ဆင်လာသင့်ပါတယ်။

၅။ဘုရားကိုဆာငတ်ခြင်းမရှိလို့ပါ။
တချို့ကဝတ်ပြုစည်းဝေးလာတာဘုရားစကားကိုဆာငတ်လို့မဟုတ်ဘဲဘာသာရေးအရသာလာထိုင်နေတတ်ပါတယ်။ဝတ်ပြုနေရင်လဲစိတ်မပါဘဲအလုပ်နဲ့တခြားဟာဘဲတွေးနေတတ်တာမို့ထိုင်တာကြာလာရင်အိပ်ငိုက်လာကြတာပါဘဲ။ဒီလူတွေအနေနဲ့ဝတ်ပြုလာတိုင်းသေချာဆုတောင်းပြီးလာဖို့အကြံပြုပါတယ်။
စာတန်ကယုံကြည်သူ‌တွေကိုနည်းမျိုးစုံနဲ့ဘုရားဆီမရောက်အောင်တားဆီးနေတတ်ပါတယ်။အထူးသဖြင့်တပတ်မှတခါဝတ်ပြုသွားတဲ့အခါအိပ်ငိုက်စေခြင်းဖြင့်အကွက်ဆင်တတ်တာပါ။ဒါကိုအထက်ပါအချက် တွေအားဖြင့်ပြင်ဆင်ရင်းကာကွယ်သွားဖို့တိုက်တွန်းလိုက်ပါတယ်။ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။

(၁ပေ၅:၈ သ​မ္မာ​သ​တိ​ရှိ​လျက် မ​အိပ်​ဘဲ​စောင့်​နေ​ကြ​လော့။ သင်​တို့၏ ရန်​သူ​တည်း​ဟူ​သော မာရ်​နတ်​သည်၊ ဟောက်​သော​ခြင်္သေ့​ကဲ့​သို့ အ​ဘယ်​သူ​ကို မျို​ရ​မည်​နည်း​ဟူ၍ လှည့်​လည်​ရှာ​ဖွေ​လျက်​ရှိ၏။)

မူရင်း-ဆရာရဲမင်း