• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ယေရှုမွေးဖွားခြင်းဆိုင်ရာအချိန်စေ့ခြင်း(၇)ချက်

ဆရာရဲမင်း

10 月 9, 2024

ယေရှုမွေးဖွားခြင်းဆိုင်ရာအချိန်စေ့ခြင်း(၇)ချက်

၁။အုပ်ချုပ်မှုဆိုင်ရာအချိန်စေ့ခြင်း
ယေရှုမွေးဖွားတဲ့ခေတ်ကာလမှာဣသရေလလူမျိုးတွေဟာရောမလူတွေရဲ့ဖိနှိပ်ခြင်းကြောင့်လွတ်လပ်မှုမရှိဘူး၊ဣသရေလလူတိုင်းစိတ်ထဲမှာရောမလက်ထဲကနေကယ်တင်နိုင်တဲ့သူကိုတောင့်တနေတဲ့အချိန်ဖြစ်တယ်။ဒီချိန်မှာယေရှုမွေးဖွားလာတော့လူတိုင်းဟာသူ့ကိုလက်ခံဖို့အသင့်ဖြစ်နေပြီး၊သူ့ကိုဘုရင်လုပ်ဖို့တောင်တောင်းဆိုကြတယ်။(ယောဟန်၆: ၁၅)။

၂။ဘာသာရေးဆိုင်ရာအချိန်စေ့ခြင်း
ဓမ္မဟောင်းမာလခိအနာဂတ္တိကျမ်းပြီးတဲ့နောက်၊နှစ်၄၀ဝတိုင်တိုင်ဘုရားသခင်ကသူ့ပရောဖက်ကိုမစေလွတ်ခဲတော့ဘူး၊ဒီရာချီပြီးကြာရှည်တဲ့အချိန်ထဲမှာဣသရေလလူတွေဟာဓမ္မကိုအလွန်စာငတ်နေတဲ့အချိန်ဖြစ်တယ်၊ဒီချိန်မှာယေရှုမွေးဖွားလာတော့လူတွေရဲ့ဟာလာဟင်းလင်းဖြစ်နေတဲ့နှလုံးသားကိုပြည့်ဝစေနိုင်ခဲ့တယ်။ဒါကြောင့်လဲဗတ္တိဇံဆရာယောဟန်ကလူတွေကိုခေါ်ဖိတ်လိုက်တာနဲ့လူအမျိုးမျိုးနောင်တရပြီးဗတ္တိဇံလာခံခဲ့တာပါ။

၃။ပညာရေးဆိုင်ရာအချိန်စေ့ခြင်း
အဲဒီခေတ်က ဂရိပညာအတွေးအခေါ်ဟာမြေထဲပင်လယ်တလျှောက်ဂယက်ရိုက်နေပါပြီ၊လူတိုင်းလိုလိုဂရိစာပေကိုနားလည်နေပြီးဖြစ်တဲ့အချိန်ဖြစ်တယ်၊ဂရိအတွေးအခေါ်ကလဲအင်မတန်ထွန်းကားပြီးနာမည်ကြီးတဲ့ပညာရှင်တွေအမြောက်အမြားပေါ်ထွန်းခဲ့ပါသေးတယ်၊နောက်ဆုံးဓမ္မသစ်ကျမ်းစာကိုတောင်ဂရိဘာသာနဲ့ရေးခဲ့ကြတဲ့အထိပါဘဲ။ဒါပေမဲ့ဂရိအတွေးအခေါ်နဲ့ပညာရပ်မည်သို့ပင်ထွန်းကားပါစေ၊လူတွေရဲ့အတွင်းနှလုံးသားကလိုအပ်ချက်ကိုမဖြည့်ဆီးပေးနိုင်ခဲ့ဘူး၊ဒါကြောင့်ဂရိလူမျိုးဖြစ်တဲ့ရှင်လုကာဟာဂရိလူတွေအတွက်ဒီလိုအပ်ချက်ကိုဖြည့်စည်းပေးဖို့ရှင်လုကာခရစ်ဝင်ကိုရေးသားခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒီချိန်မှာယေရှုမွေးဖွားလာတာလူတွေရဲ့လိုအပ်ချက်ကိုဖြည့်ဆီးပေးဖို့နဲ့ယေရှုသာလျှင်ပြည့်စုံခြင်းတရားဖြစ်ကြောင်းပညာရေးဆိုင်ရာအချိန်စေ့ခြင်းဖြစ်ပါတယ်။

၄။လမ်းပမ်းဆက်သွယ်ရေးဆိုင်ရာအချိန်စေ့ခြင်း
အဲဒီခေတ်ကာလအနေနဲ့ရောမအုပ်ချုပ်တဲ့အချိန်ဖြစ်ပါတယ်၊လမ်းပမ်းဆက်သွယ်ရေးအင်မတန်ထွန်းကားလို့တောင်“All Roads Lead to Rome”ဆိုပြီးတင်စားခဲ့ကြပါသေးတယ်။ဒီချိန်မှာယေရှုမွေးဖွားလာတော့ဒီသတင်းကောင်းပြန့်နှံ့ဖို့အလွန်အထောက်အကူဖြစ်ပြီးလွယ်လွယ်လေးနဲ့မြန်မြန်လေးသိနိုင်ကြားနိုင်ဖို့အချိန်စေ့ခဲ့တယ်လို့ပြောရမှာပါ။

၅။ဘာသာစကားဆိုင်ရာအချိန်စေ့ခြင်း
အပေါ်ကအချက်၃အရအဲဒီခေတ်ဟာဂရိဘာသာအင်မတန်ထွန်းကားတဲ့အချိန်ဖြစ်တယ်၊လူတိုင်းလိုလိုဘာသာစကားအားလုံးတူညီနေတဲ့အချိန်၊လူတစ်ယောက်နဲ့တစ်ယောက်ပြောဆိုဆက်ဆံဖို့အင်မတန်လွယ်ကူတဲ့အချိန်ဖြစ်သလိုဓမ္မသစ်ကျမ်းတောင်ဂရိလိုနဲ့ရေးခဲ့တဲ့အဆင့်ထိဖြစ်ခဲ့တယ်။ဒီချိန်မှာယေရှုမွေးဖွားလာတော့၊ကယ်တင်ရှင်လာတဲ့သတင်းကောင်းအတွက်လွယ်ကူစွာဟောပြောဖို့ဘာသာစကားဆိုင်ရာအချိန်စေ့ခြင်းလို့ခံယူရမှာပါ။

၆။စီးပွားရေးဆိုင်ရာအချန်စေ့ခြင်း
ရောမအင်ပါယာထွန်းကားတဲ့အချိန်၊အုပ်ချုပ်မှုနဲ့စစ်ရေးထွန်းကားနေသလိုလမ်းပမ်းဆက်သွယ်ရေးအဆင်ပြေတဲ့အတွက်စီးပွားရေးပါအင်မတန်တိုးတက်ထွန်းကားတဲ့အချိန်ဖြစ်ပါတယ်။ဒီချိန်မှာယေရှုဘုရားမွေးဖွားလာတာဟာ၊စီးပွားရေးကူးသန်းရောင်းဝယ်ရေးအားဖြင့်ကယ်တင်ရှင်အကြောင်းကိုအနယ်နယ်အရပ်ရပ်ကလူတွေသိလွယ်သလိုဒီသတင်းကိုလဲစီးပွားရေးလုပ်ရင်းသယ်ဆောင်သွားရလွယ်ကူတာမို့စီးပွားရေးဆိုင်ရာအချိန်စေ့တယ်လို့ပြောရခြင်းဖြစ်ပါသည်။

၇။သေဒဏ်ဆိုင်ရာအချိန်စေ့ခြင်း
ရောမအင်ပါယာမတိုင်ခင်ရှေ့ကအင်ပါယာသုံးခုရှိခဲ့ပါတယ်၊သုံးခုလုံးသေဒဏ်ပေးနည်းမတူခဲ့ပါဘူး။ပထမတခုကဗာဗုလုန်အင်ပါယာ၊သူတို့ရဲ့သေဒဏ်ပေးခြင်းကလူကိုအပိုင်းပိုင်းသတ်ဖြတ်ခြင်းပါ။ဒုတိယအင်ပါယာကပေရတိပါ၊သူတို့ရဲ့သေဒဏ်ပေးနည်းကကြိုးကွင်းပေးခြင်းပါ။တတိယအင်ပါယာကတော့ဂရိပေါ့၊သူတို့ရဲ့သေဒဏ်ပေးနည်းဟာခေါင်းဖြတ်သတ်ပါတယ်။ရောမအင်ပါယာကတော့လက်ဝါးကပ်တိုင်မှာသေဒဏ်ပေးကြပါတယ်၊ဒီရောမအင်ပါယာခေတ်မှာမှသခင်ယေရှုမွေးဖွားလာတာဟာသေဒဏ်ဆိုင်ရာအချိန်စေ့ခြင်းဖြစ်ပါတယ်။

နိဂုံး
ယေရှုဘုရားဟာအချိန်စေ့လို့ဘုရားသခင်စေလွတ်ခြင်းခံပြီးမိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ပညတ်တရားအောက်မှာလူသားအားလုံးအတွက်မွေးဖွားခဲ့ပါတယ်၊ဘာကြောင့်ပညတ်တရားအောက်မှာလာမွေးရသလဲဆိုတော့ပညတ်တရားအောက်မှာရှိနေတဲ့လူသားအားလုံးကိုကယ်တင်ဖို့အတွက်ဖြစ်ပါတယ်၊ပညတ်တရားကအပြစ်ချမှတ်လိုက်တဲ့လူတွေကိုအပြစ်မှကယ်တင်ပြီးဘုရားသားသမီးဖြစ်စေဖို့အတွက်မွေးဖွားလာပြီးလူသားအားလုံးအတွက်လက်ဝါးကပ်တိုင်မှာအသေခံပေးဆပ်ခဲ့ပါတယ်။

ဂလာတိဩဝါဒစာ ၄:၄-၇
အချိန်ကာလစေ့သောအခါ၊ ငါတို့သည်သား၏အခွင့်အရာကို ခံရမည်အကြောင်း၊ ပညတ်တရားလက်၌ရှိသောငါတို့ကို ရွေးနှုတ်စေခြင်းငှါ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ်တရား အောက်၌ဘွားမြင်ရသော သားတော်ကို ဘုရားသခင်သည်စေလွှတ်တော်မူ၏။

May God Bless You
Ye Ming(ပတ္တမြားမြေ)