စံပြဇနီးကောင်းဖြစ်ဖို့(၁၀)ချက်
၁။မိမိခင်ပွန်း၏အုပ်စိုးခြင်းကိုနာခံပါ။
ဧဖက် ၅:၂၂-၂၃မှာအိမ်ထောင်သည်အမျိုးသမီးတွေကိုယ့်ခင်ပွန်းရဲ့ခေါင်းဆောင်မှု၊ဦးစီးမှုကိုဝန်ခံပြီးနာခံရမယ်လို့သွန်သင်ထားပါတယ်။ဒီနေရာမှာအကောင်းအဆိုးမခွဲဘဲနာခံခိုင်းတာမဟုတ်ပါဘူး၊သမ္မာတရားနှင့်အညီဦးဆောင်မှုအားလုံးကိုလိုက်နာဖို့ပါ။
၂။ကိုယ့်ခင်ပွန်းနဲ့သားသမီးကိုချစ်ပါ။
တိတု၂:၄မှာမိန်းမတွေဟာခင်ပွန်းကိုချစ်သောသူ၊သားသမီးကိုချစ်သောသူဖြစ်ရမယ်လို့သွန်သင်ထားပါတယ်။ချစ်ရမယ်လို့သွန်သင်ထားခြင်းဟာမိမိခင်ပွန်းနဲ့သားသမီးကိုမချစ်နိုင်တဲ့ဇနီးသည်တချို့ရှိနေတာမို့ဖြစ်ပါတယ်။
၃။ခင်ပွန်းအတွက်အထောက်အမကောင်းဖြစ်စေပါ။
ကမ္ဘာဦးကျမ်း ၂:၁၈မှာ ထာဝရအရှင်ဘုရားသခင်ကမိန်းမကိုဖန်ဆင်းရခြင်းဟာယောက်ျားအတွက်အထောက်အမ(ကူညီပေးသူ)ဖြစ်ကြောင်းသိရပါတယ်။နောက်ပြီးသုတ္တံကျမ်း၃၁:၁၁-၁၂မှာလည်းသီလနှင့်ပြည့်စုံတဲ့မိန်းမဟာခင်ပွန်းရဲ့အကျိုးအတွက်တသက်လုံးပြုစုတတ်ကြောင်းဖော်ပြပါတယ်။သုတ္တံကျမ်း၃၁:၂၃မှာကိုယ့်ခင်ပွန်းကိုအများရှေ့မှာထင်ရှားစေတတ်သောသူ ဖြစ်ကြောင်းဖော်ပြပါတယ်။
၄။ကိုယ်ကျင့်တရားကောင်းမွန်ပါ။
တိမောသေဩဝါဒစာ ပဋ္ဌမစောင် ၅:၁၀”ကောင်းသောအကျင့်ကိုကျင့်၍ အသရေရှိသောသူ၊ သူငယ်တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည်ဝတ်ပြုခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲသောသူတို့ကို လုပ်ကျွေးခြင်း၊ ကောင်းသောအမှုရှိသမျှတို့၌ ကြိုးစား အားထုတ်ခြင်းကို ပြုဘူးသောသူ…။
တိတု၂:၅”ဣန္ဒြေစောင့်သောသူ၊ စင်ကြယ်သောသူ၊ မိမိအိမ်ကိုပြုစုသောသူ၊ ကောင်းမွန်သောသူ၊ ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံသောသူဖြစ်စေခြင်းငှါ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ဆုံးမပေးရကြမည်အကြောင်း၊ ”
၅။မပျင်းရိဘဲအလုပ်ကြိုးစားလုပ်ကိုင်ပါ။
သုတ္တံကျမ်း၃၁:၁၃-၁၉ထဲမှာဇနီးကောင်းတစ်ယောက်ဟာမိမိအိမ်ထောင်အတွက်စောစောထအလုပ်ကြိုးစားလုပ်ကိုင်တတ်သောသူဖြစ်ကြောင်းနဲ့သုတ္တံကျမ်း ၃၁:၂၇မှာပျင်းရိခြင်းမရှိကြောင်းဖော်ပြထားပါတယ်။
၆။သနားဂရုဏာတရားရှိပါ။
သုတ္တံကျမ်း၃၁:၂၀မှာဇနီးကောင်းဆိုတာဆင်းရဲငတ်မွတ်နေသူတွေကိုကူညီပေးကမ်းတတ်သောသူဖြစ်ကြောင်းဖော်ပြပါတယ်။
၇။ပညာ၊မေတ္တာရှိစွာပြောဆိုတတ်ပါ။
သုတ္တံကျမ်း ၃၁:၂၆မှာကောင်းသောမိန်းမဟာ “ပညာစကားကို ပြောတတ်၍၊ မေတ္တာတရားအားဖြင့် နှုတ်မြွတ်တတ်၏။”လို့ပြောပါတယ်။ဇနီးတယောက်ရဲ့အပြောအဆိုဟာအင်မတန်ဆင်ခြင်ရမယ့်အရာပါ။
၈။ဘုရားသခင်ကိုရိုသေကြောက်ရွံ့သူဖြစ်စေပါ။
သုတ္တံကျမ်း ၃၁:၃၀ “ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့် ယှဉ်တတ်၏။ လှသော အဆင်းသည်လည်း အချည်းနှီးဖြစ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သော မိန်းမမူကား၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။”
၉။မိမိခင်ပွန်းပေါ်သစ္စာရှိစွာဆက်ဆံပါ။
၁ကောရ:၃မှာ” မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုစေလော့။ “ဆိုပါတယ်။အခြားသူနဲ့ဖောက်ပြန်ဖို့မဟုတ်ဘဲ၊တသက်လုံးဒီတယောက်ထဲအတွက်မိမိရဲ့ဆက်ဆံခြင်းဝတ်ကိုကျေရမှာဖြစ်ကြောင်းသွန်သင်ပါတယ်။
၁၀။အပြင်အလှထက်အတွင်းသန့်ရှင်းလှပခြင်းရှိစေပါ။
ရှင်ပေတရုဩဝါဒစာပဋ္ဌမစောင်၃:၃-၅ထဲမှာဇနီးကောင်းတစ်ယောက်ဟာအပြင်ပန်းဆင်မြန်းမှုတွေထက်အတွင်းစိတ်လှပသန့်ရှင်းဖို့တိုက်သွန်းထားသလို၊၁သက်၄:၃မှာလဲမတရားသောမေထုန်ကို ကြဉ်ရှောင်ပြီးသန့်ရှင်းစေဖို့မှာကြားထားပါတယ်။