အရှေ့အရပ်ကလျပ်စစ်နှင့်လူသား
ရှင်မဿဲ၂၄:၂၇-၂၈ လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတ္တံ့။အသေကောင်ရှိရာ၌ ရွှေလင်းတတို့သည် စုဝေးကြလတ္တံ့။
ဒီကျမ်းချက်ကသခင်ယေရှုကြွလာတာကိုဖော်ပြနေတဲ့ကျမ်းချက်ပါ။ဒါပေမဲ့အနန္တတန်ခိုးရှင်အသင်းတော်(သို့မဟုတ်)အရှေ့အရပ်ကလျပ်စစ်-တရုတ်မယေရှုအဖွဲ့ ကတော့ ဒီကျမ်းချက်ဟာ တရုတ်ပြည်မကြီးမှာ ယေရှုကမိန်းမခန္ဓာနဲ့တဖန်မွေးဖွားလာပြီဖြစ်ကြောင်းမှားယွင်းစွာခံယူအနက်ဖွင့်ဟောပြောကြပါတယ်။ဒါကြောင့်ဒီကျမ်းချက်ကိုအနည်းငယ်ရှင်းပြပါမယ်။
၁။လျှပ်စစ်
သခင်ယေရှုကြွလာခြင်းကိုဘယ်သူမှကြိုတင်မသိနိုင်ဘဲရုတ်တရက်ဖြစ်လာမယ်။ဒါပေမဲ့ကြွလာ(ဖြစ်လာ)ရင်တော့လူတိုင်းမျက်ဝါးထင်ထင်မြင်ရမယ်ဆိုတဲ့သဘောပါ(မဿဲ၂၄:၃၀)။
၂။အရှေ့မှအနောက်
ဆိုလိုတာက ယေရှုခရစ်ကြွလာခြင်းကိုတကမ္ဘာလုံးကလူတွေသိမြင်ရမယ်ဆိုတဲ့သဘောပါ(လုကာ၁၇:၂၄မှာအရှေ့အနောက်မပါဘဲကောင်းကင်အနံ့အပြားလို့သာဖော်ပြပါတယ်၊ဆိုလိုတာကဒီကျမ်းချက်ဟာအရှေ့အနောက်ကိုအဓိကပြောနေတာမဟုတ်ဘဲ၊ကြွလာခြင်းရဲ့ကျယ်ပြန့်မှု့ကိုသာပြောနေတာပါ)။မိစ္ဆာအယူလွဲတွေကအရှေ့အရပ်ဟာတရုတ်ပြည်ပါလို့လွဲမှားစွာခံယူပြီး၊တရုတ်ပြည်မှာ ယေရှုလာပြီးပြီလို့ခံယူတတ်ကြတယ်၊ဒါဟာအခြေအမြစ်မရှိတဲ့အယူလွဲရဲ့ခံယူမှုသာဖြစ်ပါတယ်။
၃။လူသား
ယေရှုခရစ်ဟာလူ့ဇာတိကိုတစ်ခါခံယူဖူးတာမို့သူ့ကိုယ်သူလူသားလို့ကျမ်းစာထဲမှာအမြဲပြောတာပါ။သတိထားရမှာကလူဇာတိဒုတိယတစ်ကြိမ်လာခံမယ်လို့လုံးဝ(လုံးဝ)မသက်ရောက်ပါ။မိစ္ဆာအယူလွဲတွေက(လုကာ၂၂:၆၉၊တမန်၇:၅၆၊ဗျာ၁:၁၃၊ဗျာ၁၄:၁၄)ထဲကဒီ”လူသား”ဆိုတဲ့စကားလုံးကိုယူပြီး နောက်ဆုံးသောကာလမှာယေရှုကမိန်းမခန္ဓာနဲ့တဖန်လူ့ဇာတိလာခံမယ်လို့လွဲမှားစွာခံယူယုံကြည်နေကြတုန်းပါ။အမှန်ကဒီကျမ်းချက်ဟာယေရှုခရစ်တော်လူ့ဇာတိခံခဲ့ဖူးလို့ကျမ်းစာကသူ့ကိုလူသားလို့သုံးနုန်းထားတာဖြစ်ပါတယ်။ယေရှုကဘုရားမဟုတ်ဘူးလူသားဘဲဖြစ်တယ်လို့လုံးဝ(လုံးဝ)မသက်ရောက်ပါ။
၄။အသေကောင်ရှိရာအရပ်နဲ့လင်းတ
အဓိက-နေရာဒေသကိုပြောနေတာမဟုတ်ပါဘူး။တိကျသေချာခြင်းကိုပြောနေတာဖြစ်ပါတယ်။အသေကောင်ရှိတဲ့နေရာမှာလင်းတတွေရှိနေမှာတိကျသေချာသလို၊ယေရှုကြွလာခြင်းကလဲတိကျသေချာမှာဖြစ်ကြောင်းဖော်ပြနေတာပါ။နောက်တခုကနောက်ဆုံးသောကာလမှာစစ်ပွဲတွေဖြစ်လာမယ်၊အသေကောင်တွေများမယ်ဆိုတာဖော်ပြနေတာပါ။အသေကောင်ဆိုတာအပြစ်ရဲ့သေခြင်းကိုညွန်ပြပြီး၊လင်းတဆိုတာကတော့စီရင်ခြင်းကိုညွန်ပြနေတာပါ။
အရင်ကကျွန်တော်သတိပေးရေးသားခဲ့တာ၂၀၁၆ လောက်ကပါ၊အခုဆိုရင်မြန်မာပြည်ထဲအတော်စိမ့်ဝင်နေပါပြီ။မိစ္ဆာအယူလွဲမှကင်းဝေးကြပါစေ။