• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အပြစ်ဝန်ချခြင်းနှင့်ပတ်သက်ပြီးဆက်စပ်မေးခွန်း(၅)ခု

ဆရာရဲမင်း

11 月 9, 2024

အပြစ်ဝန်ချခြင်းနှင့်ပတ်သက်ပြီးဆက်စပ်မေးခွန်း(၅)ခု

မေးခွန်း(၁)အပြစ်ကိုအမြဲဝန်ချတောင်းပန်နေရင်ဘုရားရဲ့ခွင့်လွတ်ပေးခြင်းကိုမယုံကြည်ရာကျပါသလား?
ဖြေရှင်းချက်-ဥပမာတခုပေးပါရစေ၊အပြစ်ဆိုတာညစ်ပေနံ‌စော်နေတဲ့ ‌မစင်တွင်းလိုပါဘဲ၊အဖေနဲ့သားအရာ(ကယ်တင်ခြင်း)ရှိနေပေမယ့်မိမိမဆင်ခြင်ဘဲအားနည်းပြီးမစင်တွင်း(အပြစ်)ထဲကျရောက်သွားရင်တကိုယ်လုံးနံစော်နေမှာပါ။ဒီအခါမိဘဖြစ်သူကကျွန်တော်တို့ဟာသူ့သားမို့နံစော်နေတာကိုမမှုဘဲခေါ်ယူဆေးကြောပေးပါလိမ့်မယ်၊သတိထားရမှာကနံစော်နေတာကိုမိဘဖြစ်သူက“ငါ့သားမင်းမစင်ထဲရောက်သွားပေမယ့်အင်မတန်သန့်ရှင်းတယ်”လို့ပြောပြီး‌‌ပွေ့ဖက်ထားမှာမဟုတ်ပါဘူး။ထို့အတူယုံကြည်အသက်တာမှာအားနည်းလို့အပြစ်ပြုမိတဲ့အခါသန့်ရှင်းတဲ့ဘုရားက“ငါ့သားသမီးမင်းတို့မမှားဘူး၊မင်းတို့သန့်ရှင်းတယ်”လို့ ပြောမှာမဟုတ်ဘဲ၊ဆုံးမခြင်းနဲ့ပြုပြင်ပေးပါလိမ့်မယ်၊မိမိလည်းငါပေတူးနံစော်နေပါတယ်ဆိုတာဝန်ခံရပါမယ်။ဒီလိုဝန်ခံခြင်းဟာဘုရားခွင့်လွတ်ခြင်းကိုမယုံကြည်တာမဟုတ်ဘဲ၊ခွင့်လွတ်‌ပေးမှာယုံကြည်လို့ကိုကအရှိကိုအရှိတိုင်းဝန်ခံခြင်းပါ။

မေးခွန်း(၂)-ကျမ်းစာထဲမှာယေရှုရဲ့အသွေးကကျွန်တော်တို့အပြစ်ကိုတကြိမ်ထဲနဲ့အကုန်ဆေးကြောပေးခဲ့ပြီလေ၊ငါတို့အသက်တာမှာအားနည်းပြီးအပြစ်လုပ်မိတာလည်းအပြစ်မဟုတ်တော့ဘူးဆိုတာမှန်သလား?
ဖြေရှင်းချက်-‌ ယေရှုရဲ့တကြိမ်ထဲနဲ့‌အပြီး‌ ဆေးကြောပေးခဲ့ခြင်းဟာကယ်တင်ခြင်းအတွက်၁၀၀%အာမခံခြင်းဖြစ်‌ ကြောင်းနဲ့၊ကယ်တင်ခြင်းရပြီးအပြစ်ဆက်ပြုမိခြင်းကအဲဒီအာမခံချက်ကိုမထိခိုက်နိုင်ပေမယ့်အသက်တာရဲ့ငြိမ်သက်ခြင်း၊သန့်ရှင်းခြင်း၊မိသဟာယဖွဲ့ခြင်းကိုထိခိုက်နိုင်ကြောင်းရှေ့စာပို့စ်မှာအသေးစိပ်ဖြေပြီးပါပြီ။ဒါ‌ကြောင့်စစ်မှန်သောကယ်တင်ခြင်းရထားတဲ့ယုံကြည်သူတယောက်ဟာသူ့အသက်တာမှာအားနည်းမိရင်မိမိအပြစ်ကိုမ‌ဖော်ပြမဝန်ချဘဲနေမှာမဟုတ်ပါဘူး၊အကယ်၍မိမိအားနည်းပြီးပြုမိတဲ့အပြစ်ကိုအပြစ်မဟုတ်ပါဘူးလို့ခံယူ‌နေရင်၊အင်မတန်အန္တာရာယ်ရှိတဲ့စာတန်လှည့်ကွက်ထဲဝင်‌ရောက်နေပါပြီပါ။

မေးခွန်း(၃)များသောအသင်းတော်ဆရာတွေကယုံကြည်သူကိုပြောင်းလဲဖို့၊ကောင်းတဲ့အကျင့်ကျင့်ဖို့ဘဲသင်ပေးတယ်၊ဒါပေမယ့်တကယ်‌တမ်းမှာကောဘယ်သူလုပ်နိုင်လို့လည်း?
ဖြေရှင်းချက်-ကယ်တင်ခြင်းရဖို့ကောင်းမှုအကျင့်နဲ့မရတာတော့အမှန်ပါဘဲ၊ဒါပေမယ့်ကယ်တင်ခြင်းရပြီးသူတွေကိုဘုရားသခင်ကကောင်းတဲ့အကျင့်ကျင့်ဖို့ပြင်ဆင်ထားကြောင်းဧဖက်၂:၈-၁၀မှာအတိအလင်းဖော်ပြထားပါတယ်။ဒါကြောင့်ကောင်းတဲ့အကျင့်မှာမကျင်လည်တဲ့သူဟာစစ်မှန်တဲ့ယုံကြည်သူမဖြစ်နိုင်ပါ။ဒီကောင်းတဲ့အကျင့်ဆိုတာလည်းကယ်တင်ခြင်းရဖို့ကြိုးစားနေခြင်းမဟုတ်ပါ၊ရပြီးတဲ့ကယ်တင်ခြင်းကိုလက်တွေ့အသက်ရှင်ထွက်လာခြင်းပင်။အားလုံးကျင့်နိုင်လားဆိုတော့ခရစ်ယာန်အသက်တာမှာအားလုံးကျင့်နိုင်မှရမယ်လို့ဘုရားသခင်မကန့်သတ်ထားပါဘူး၊အားနည်းပြီးအပြစ်ပြုမိရင်‌တောင်အပြစ်ဖြေဖို့ခရစ်‌တော်ရှိကြောင်း၁ယော၂:၁မှာဖော်ပြထားပါတယ်။မနာခံနိုင်လို့မလုပ်လည်းရတယ်လို့ကျမ်းစာထဲမပါပါ၊နာခံခြင်းနဲ့‌သေသည့်တိုင်အောင်လုပ်ဆောင်သွားဖို့ဘုရားပြင်ဆင်‌နှင့်ပြီးသားပါ၊အားနည်းတတ်တာကိုခွင့်လွတ်‌ပေမယ့်ဆုံးမခြင်းကိုတော့ခံရပါလိမ့်မယ်။ဘုရားကိုဗဟိုမပြုဘဲအကျင့်ကြောင့်ကယ်တင်ခြင်းရဖို့လုပ်တာနဲ့ကျေးဇူးတော်ကြောင့်ယုံကြည်ခြင်းဖြင့်ကယ်တင်ခြင်းရပြီးပေါက်ဖွားလာတဲ့“ယုံကြည်ခြင်း၏အကျင့်”(ယာကုပ်၂:၂၆)ကိုကွဲပြားဖို့လိုပါတယ်။

မေးခွန်း(၄)ကိုယ်တိုင်ဘာမှမဖြစ်နိုင်ပါဘူး၊ယေရှုကမိမိအထဲမှာနေပြီးလုပ်ပေးမှကောင်းတဲ့အကျင့်ထွက်လာတာပါဆိုတာမှန်ပါသလား?
ဖြေရှင်းချက်-ဒီစကားကိုသာမန်ဆရာတွေပြောရင်မှန်ပါမယ်၊အပြစ်ဝန်ချစရာမလိုဘူးဆိုတဲ့အဖွဲ့ကပြောရင်လုံးဝမှားပါတယ်။ဘာကြောင့်လည်းဆိုတော့ခံယူမှုလွဲနေလို့ပါ၊သူတို့ကဝိညာဉ်တော်ဘုရားသို့မဟုတ်ယေရှုဘုရားကမိမိအထဲလာနေပြီးစက်ရုပ်လိုလာထိန်းချုပ်တဲ့သဘောပြောကြလို့ပါ။အမှန်ကကိုယ်ရဲ့ဖြစ်တည်မှုအကုန်မပျောက်ပါဘူး၊“မိမိ”ဆိုတာတည်ရှိနေပါသေးတယ်၊“ငါ”ဆိုတဲ့ဘုရင်နေရာကိုဘုရားအားဖယ်ပေးလိုက်ခြင်းသာဖြစ်ပါတယ်။အသက်တာမှာယေရှုကအကုန်အစင်စက်ရုပ်လိုလာထိန်းချုပ်လုပ်ကိုင်ပေးတာမဟုတ်ပါဘူး၊သူကစေခိုင်းသူပါ၊နာခံလုပ်ဆောင်ရမှာကမိမိသာဖြစ်ပါတယ်။ဒါကြောင့်“ယေရှုလုပ်ပေးမှ”ဆိုတဲ့စကားလုံးကိုခံယူချက်မှန်ကန်ဖို့လိုပါတယ်။

မေးခွန်း(၅)အပြစ်ဝန်ချခြင်းဆိုတာအပြစ်ကိုသာဝန်ခံပြီးဒုစရိုက်ကိုဝန်ချတာမဟုတ်ဘူး?မိမိအထဲမှာအပြစ်တရားရှိနေလို့သူကလုပ်တာ၊သို့မဟုတ်စာတန်လာလိမ်ပြီးစာတန်လုပ်တာ။မိမိလုပ်တာမဟုတ်ဘူး၊ဒါကြောင့်မိမိမှာအပြစ်မရှိဘူး၊တရားခံကအပြစ်တရားသို့မဟုတ်စာတန်ပါဆိုတာမှန်သလား?
ဖြေရှင်းချက်-ဒီလိုခံယူမှုဟာအပြစ်နဲ့စာတန်ရဲ့တန်ခိုးကိုဘုရားရဲ့တတ်နိုင်မှုထက်သာ‌တယ်လို့တင်စားရာ‌ရောက်သလို၊အပြစ်တရားနဲ့စာတန်ကမိမိအတွင်းစိတ်ကိုအကုန်ထိန်းချုပ်နေပြီးအသိစိတ်‌ပျောက်သွားလို့မိမိမလုပ်ချင်ဘဲအပြစ်(စာတန်)ကလုပ်ခိုင်းတယ်လို့သက်ရောက်စေပါတယ်၊ဒါဟာမှားယွင်းတဲ့ခံယူမှုပါ။ဥပမာလူသတ်ပြီးငါသတ်တာမဟုတ်ဘူးငါ့အထဲကအပြစ်တရားသို့မဟုတ်စာတန်ကသတ်တာပါ၊ငါ့မှာအပြစ်မရှိဘူး‌လို့ပြောရင်စိတ္တဇဆေးရုံပို့ခံရမှာသေချာပါတယ်။အမှန်တော့ရောမ၇:၁၉-၂၅ရဲ့အဓိပ္ပာယ်ကိုနားမလည်ကြတာပါ။ရှင်ပေါလုဆိုလိုတာကယုံကြည်သူအသက်တာထဲမှာဇာတိပကတိနဲ့ဝိညာဉ်ပကတိတရားနှစ်မျိုးအလုပ်လုပ်နေတယ်၊ဇာတိပကတိကလည်းမိမိပါဘဲ၊ဝိညာဉ်ပကတိကလည်းဘုရားအားဖြင့်ဖြစ်တည်လာတဲ့မိမိပါဘဲ။မတူတာကဇာတိပကတိကအပြစ်လုပ်ဖို့အားပေးပြီးဝိညာဉ်ပကတိကအပြစ်မလုပ်တတ်ဘူး။ခရစ်တော်၌လူသစ်ဖြစ်လာတဲ့အခါဇာတိပကတိကိုခရစ်တော်နဲ့အတူကားတိုင်မှာအသေရိုက်ခဲ့ရတယ်၊ဒါပေမယ့်ကယ်တင်ခြင်းကစုံလင်ခြင်းသို့မရောက်‌သေးတဲ့အတွက်(အပြစ်နဲ့ပြည့်နေတဲ့လောကထဲမှာရှိသေးလို့)ဇာတိပကတိကထထလာတတ်သေးတယ်။ဒါကြောင့်ကျမ်းစာ ရောမ၈:၁၃မှာဝိညာဉ်တော်အားဖြင့်ကိုယ်ကာယအကျင့်ကို‌ သေစေဖို့မှာထားတာပါ။ရှင်‌ပေါလုလိုခရစ်တော်အားဖြင့်အောင်နိုင်သူဖြစ်ဖို့လိုပါတယ်။မဟုတ်ရင်အပြစ်လုပ်တိုင်းမိမိမဟုတ်ဘဲတရားခံကအပြစ်တရားပါလို့ဆိုရင်ဘုရားသခင်ကမိမိကိုလာဆုံးမတော့မှာမဟုတ်ပါ၊အပြစ်တရားကိုဘဲဆုံးမတော့မှာပါ။လက်တွေ့မှာယုံကြည်သူတွေအမှားလုပ်မိရင်ဆုံးမခံရတာမိမိပါဘဲ။မည်သူမပြုမိမိမှုပါဆိုတာရှင်ယာကုပ်ဩဝါဒစာ၁:၁၃-၁၅မှာအတိအလင်းဖော်ပြထားပါတယ်။

စာကြွင်း
ကယ်တင်ခြင်းကို‌မိမိကောင်းမှုပါမှရမယ်ဆိုသူကလွဲပါတယ်။ကယ်တင်ခြင်းရပြီး‌နောက်မိမိကောင်းမှုနဲ့ဒီကယ်တင်ခြင်းမဆုံးရှုံး‌အောင်ထိန်းသိမ်းရမယ်ဆိုတာလည်းလွဲပါတယ်။ကယ်တင်ခြင်းရပြီးအသက်တာမှာအားနည်းခြင်းမှန်သမျှဟာမိမိလုပ်တာမဟုတ်တဲ့အတွက်အပြစ်မဟုတ်ဘူးဆိုတာလည်းလွဲနေပါတယ်။စစ်မှန်‌ခြင်းဆိုတာကယ်တင်ခြင်းရပြီးသန့်ရှင်းသောအသက်တာကိုလိုက်စားသောသူ၊ကယ်တင်ခြင်းနဲ့ယှဉ်သောအသက်တာကိုအသက်ရှင်ထွက်လာသောသူ၊နှလုံးသားထဲကဝိညာဉ်တော်ဘုရားကိုနာခံအသက်ရှင်သောသူ၊အားနည်းမိရင်ဝန်ချ‌တောင်းပန်တတ်သောသူဖြစ်ပါတယ်။ဒီဝန်ချတောင်းပန်ခြင်းဆိုတာကလည်းဘုရားရှေ့မှာ“ငါသူများကိုဆဲမိပြီ၊ငါမှားပါပြီ၊ကိုယ်‌တော်ခွင့်လွတ်ပါ”လို့နူတ်နဲ့မိမိအမှားကိုအစဆုံးလာ‌ပြောပြဝန်ခံတာလေးဘဲမဟုတ်ပါ၊တကယ့်လက်တွေ့မှာကိုယ်ပြစ်မှားမိတဲ့သူကိုတောင်းပန်ပြီးသင့်မြတ်ခြင်းရယူတာပါ။ဒါမှဘုရား‌ရှေ့စစ်မှန်သောဝန်ချတောင်းပန်ခြင်းဖြစ်ပြီးအသက်တာပိုမိုသန့်ရှင်းလာပါလိမ့်မည်။လက်‌ တွေ့လုပ်ဆောင်ပြောင်းလည်းမှုမရှိတဲ့ဝန်ချတောင်းပန်ခြင်းဟာအပြစ်ထဲမှာဘဲဝန်ချလိုက်ပြန်လုပ်လိုက်နဲ့သမင်လည်ပြန်နေပါလိမ့်မယ်။

အပြစ်ဝန်ချဖို့လိုမလိုDebateဆွေးနွေးချက်များကိုစိတ်ဝင်စားပါက‌အောက်ပါpdfဒေါင်းလော့ပြီးဖတ်ရန်။
https://www.mediafire.com/download/ddhq2q9ct5fbv6d