မညီသောထမ်းပိုးဆိုးကျိုး(၆)မျိုး
ယုံကြည်သူတွေကျမ်းစာ(၂ကော၆:၁၄)အရမယုံကြည်သူတွေနဲ့အိမ်ထောင်မပြုရပါဘူး။ပြုခဲ့ရင်ဒါကိုမညီသောထမ်းပိုးလို့ခေါ်ပါတယ်။အကယ်၍မညီသောထမ်းပိုးထမ်းခဲ့မိရင်ဘာဖြစ်နိုင်လဲ?ဒါကိုအချက်(၆)ချက်နဲ့တင်ပြပါမယ်။
၁။ဘုရားသခင်ရဲ့ဗိမာန်တော်ကိုပျက်စီးစေတာမို့ကိုယ်တိုင်လည်းဖျက်ဆီးခံရနိုင်ပါတယ်။
၁ ကော၃:၁၆-၁၇ သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကိုလည်းကောင်း မသိကြသလော။အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီး၏။ ထိုသူကို ဘုရားသခင် ဖျက်ဆီးတော်မူလိမ့်မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း၊ ထိုဗိမာန်တော် ဖြစ်ကြ၏။
၂။ယုံကြည်ခြင်းလမ်းလွဲပြီးဘုရားရိုက်တာခံရနိုင်ပါတယ်။
၃ရာ၁၁:၂ ထာဝရဘုရားက၊ သင်တို့သည် တစ်ပါးအမျိုးသားတို့နှင့် စုံဖက်ခြင်းကိုမပြုရ။ အကယ်စင်စစ်သူတို့သည် မိမိတို့ဘုရားများနောက်သို့ သင်တို့၏စိတ်နှလုံးကို လွဲစေကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား မိန့်တော်မူသော်လည်း၊ ရှောလမုန်သည် တစ်ပါးအမျိုးသားမိန်းမတို့ကို တပ်မက်သောစိတ်ရှိ၏။
(ရှောလမုန်မင်းကြီးရဲ့အပြစ်ကြောင့်နိုင်ငံနှစ်ခြမ်းကွဲခဲ့ရ)
ကျွန်-ရေရောဗောင်တဖက်၊သား-ရောဗောင်တဖက်။
၃။အိမ်ထောင်ရေးမှာအဆင်မပြေမှုတွေများနိုင်ပါတယ်။
အာမုတ်၃:၃ လူနှစ်ဦးသည် သဘောမတူလျှင်၊ ပေါင်းဖော်၍ ခရီးသွားနိုင်သလော။
၂ကော၆:၁၅ ခရစ်တော်သည် ဗေလျာလ နှင့် အဘယ်သို့ သင့်တင့်နိုင်မည်နည်း။ ယုံကြည်သောသူသည် မယုံကြည်သောသူနှင့်အတူ အဘယ် အကျိုးအပြစ်ကို ခံရမည်နည်း။
၄။သူတပါးအတွက်ထိမိ၍လဲကျစရာဖြစ်နိုင်ပါတယ်။
၁ကော၁၀:၃၃ ခပ်သိမ်းသောလူတို့၏ အလိုသို့ အရာရာ၌ လိုက်သည်နည်းတူ၊ သင်တို့သည်လည်း ယုဒလူ၊ ဟေလသလူ၊ ဘုရားသခင်၏ အသင်းတော်ဝင်သူတို့၌ ထိမိ၍လဲစရာအကြောင်းကို မပြုဘဲ…။
ရှင်မဿဲ၁၈:၆ ငါ့ကိုယုံကြည်သော ဤသူငယ် တစ်စုံတစ်ယောက်ကို အကြင်သူသည် မှားယွင်းစေ၏၊ ထိုသူသည် လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ နက်နဲသောပင်လယ်၌ နှစ်မြှုပ်ခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏။
၅။ကိုယ့်သားသမီးမျိုးဆက်တွေထာဝရဘုရားကိုမသိဘဲဖြစ်သွားနိုင်ပါတယ်။
(တရားဟောရာ၇:၃-၄ သူတို့နှင့် စုံဖက်ခြင်းကိုမပြုရ။ သင်၏သမီးကို သူ၏သားနှင့်လည်းကောင်း၊ သင်၏သားကို သူ၏သမီးနှင့်လည်းကောင်း ထိမ်းမြားပေးစားခြင်းကို မပြုရ။အကြောင်းမူကား၊ သူတို့သည် သင်၏သားကို ငါ၌မဆည်းမကပ်စေဘဲ၊ အခြားတစ်ပါးသောဘုရားအား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက်ထွက်၍ သင်တို့ကို ချက်ချင်းဖျက်ဆီးတော်မူလိမ့်မည်။)
၆။ကိုယ့်ရဲ့အိမ်ထောင်ဖက်ချစ်ရတဲ့သူဟာမယုံကြည်သူမို့ သေရင်ငရဲကျရမယ်ဆိုတာသိထားလို့အမြဲတမ်းစိတ်ဆင်းရဲနေရမယ်။
ရှင်မာကု၁၆:၁၆ ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတ္တံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတ္တံ့။
နိဂုံး
မညီသောထမ်းပိုးထမ်းမိလို့ငရဲမကျနိုင်ဘူဆိုပေမဲ့နာကျင်စရာတွေဆုံးရှုံးစရာတွေအများကြီးကြုံတွေ့ရနိုင်တာမို့ခရစ်ယာန်လူငယ်တွေအနေနဲ့အိမ်ထောင်ပြုတော့မယ်ဆိုရင်သေချာ(သေချာ)စဉ်းစားဆုံးဖြတ်နိုင်ကြပါစေ။ပြုမှားခဲ့တဲ့သူတွေလည်းအမြန်အပြစ်ဝန်ချတိုးဝင်ပါ၊စစ်မှန်တဲ့ နောင်တနဲ့ပြန်လာရင်ဘုရားသခင်ပြန်လည်လက်ခံပေးနိုင်ပါတယ်။