• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မွေးနေ့ပွဲအတွက်တရားဒေသနာ

ဆရာရဲမင်း

10 月 25, 2024
မွေးနေ့ပွဲအတွက်တရားဒေသနာ
(အခြေပြုကျမ်း-ယောဘ၁၂:၁၀၊သုတ္တံ၂၃:၂၅၊၁သက်၅:၁၈၊တောလည်ရာ၆:၂၄-၂၆)
နိဒါန်း
အားလုံးခရစ်တော်၌ငြိမ်သက်ခြင်းရှိပါစေ။လူတိုင်းလူတိုင်းမှာမွေးနေ့ကိုယ်စီရှိကြပါတယ်၊ဘယ်ဘာသာကိုးကွယ်နေသည်ဖြစ်ပါစေမိမိမွေးနေ့ရောက်လာရင်တော့ပွဲလေးတွေလုပ်ချင်ကြစမြဲပင်။ဒီထဲမှာယုံကြည်သူတွေလဲအပါအဝင်ပါ။ဒါကြောင့်သမ္မာကျမ်းစာထဲကနေယုံကြည်သူတွေမွေးနေ့ပွဲဘယ်လိုလုပ်သင့်ကြောင်း၊ဘယ်လိုဖြတ်ကျော်သင့်ကြောင်းအနည်းငယ်ဝေငှခွန်အားပေးချင်ပါတယ်။
သမ္မာကျမ်းစာတအုပ်လုံးထဲမှာမွေးနေ့ပွဲလုပ်ခြင်း၃နေရာတွေ့ရပါတယ်။ဓမ္မာဟောင်းကမ္ဘာဦးကျမ်း40:20-23မှာဖာရောဘုရင်၊ယောဘ၁း၄ထဲကယောသားသမီးတွေနဲ့ ၊ဓမ္မာသစ်ကျမ်းရှင်မသဲ14:6-12ထဲကဟေရုပ်မင်းတို့ဘဲဖြစ်ပါတယ်။ဒီလူတွေဟာနှစ်တိုင်းလိုလိုသူတို့မွေးနေ့ပါတီပွဲလုပ်ကြကြောင်းသမ္မာကျမ်းစာကဖော်ပြပါတယ်၊နှမြောစရာကောင်းတာယောဘသားသမီးကလွဲလို့ကျန်သူတွေလုပ်တဲ့မွေးနေ့ပွဲဟာဘာအကျိုးမှမရှိဘဲလူသတ်ပွဲလိုဖြစ်နေတာပါ၊ဘုရားစစ်ဘုရားမှန်ကိုမသိတဲ့အတွက်ဖာရောဘုရင်ကသူ့မွေးနေ့မှာသူ့ရဲ့စားတော်ကဲကိုသတ်ခဲ့ပြီးဟေရုပ်မင်းကတော့သူ့မွေးနေ့မှာဗတ္တိဇံဆရာယောဟန်ကိုသတ်ခဲ့ပါတယ်။ယနေ့များစွာသောလူတွေဟာလဲထို့အတူပင်၊မွေးနေ့ပွဲလုပ်တဲ့အခါနေ့ရက်နဲ့လက်ဆောင်အသေးအကြီးကိုသာအထူးအလေးထားကြပါတယ်၊လာတဲ့ပရိသတ်တွေလဲအစားအသောက်ကိုသာအလေးထားဂရုစိုက်နေကြပါတယ်။ဒီအရာတွေမလုပ်ရဘူးလို့ရယ်တော့မဟုတ်ပါဘူး၊ဒါပေမဲ့ယုံကြည်သူတွေအနေနဲ့ဒီအရာတွေထက်အရေးကြီးတာတွေရှိနေတာမမေ့သင့်ပါ။
၁။အသက်ပေးသောဘုရားကိုကျေးဇူးတင်ပါ။
ယောဘဝတ္တု ၁၂:၁၀မှာဒီလိုပြောပါတယ်”အသက်ရှင်သော သတ္တဝါအပေါင်းတို့၏ ဇိဝအသက်နှင့် လူသတ္တဝါခပ်သိမ်းတို့၏ထွက်သက်ဝင်သက်သည်ဘုရားသခင့်လက်တော်၌ ရှိ၏။”…ညီကိုမောင်နှမတို့ယနေ့အသက်ရှင်ခွင့်ရနေတာဟာဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဆိုတာသိထားသင့်ပါမယ်၊ဘုရားသခင်ကြောင့်သာမဟုတ်ရင်ယနေ့အချိန်မရွှေးပျောက်ကွယ်နိုင်ပါတယ်။ဒါကြောင့်မိမိမွေးနေ့ရောက်တိုင်းသတိရကျေးဇူးတင်ရမှာကဖန်ဆင်းရှင်ဘုရားသခင်ကိုပါ။ဒီလိုပြောလိုက်လို့မွေးနေ့မှဘုရားကိုကျေးဇူးတင်ရမယ်လို့မဆိုလို၊အချိန်တိုင်းနေရာတိုင်းအသက်ပိုင်ရှင်ဘုရားသခင်ကိုကျေးဇူးတင်သင့်ပါတယ်။
၂။မိဘတွေကိုကျေးဇူးတင်ပါ။
သမ္မာကျမ်းစာထဲမှာမိဘကျေးဇူးဘယ်လောက်ကြီးမားကြောင်းနဲ့မိဘကိုရိုသေဖို့အများကြီးသွန်သင်ထားပါတယ်၊အထူးသဖြင့်သုတ္တံကျမ်း ၂၃:၂၅မှာ”သင်၏မိဘတို့သည် ဝမ်းမြောက်၍၊ သင့်ကို မွေးဖွားသောသူသည် ရွှင်လန်းလိမ့်မည်။”လို့ဆိုထားပါတယ်။ဒီထဲမှာအဓိပြောချင်တာကမွေးဖွားပေးခဲ့ပြီးကြွေးမွေးစောင့်ရှောက်သွန်သင်ခဲ့တဲ့မိဘကျေးဇူးကိုအောက်မေ့တတ်ဖို့ပါ။မိမိမွေးနေ့ရောက်မှသာမိဘကိုကျေးဇူးတင်ပါလို့တော့မဟုတ်ပါဘူး၊ဒီမွေးနေ့အားဖြင့်ကိုယ့်ကိုမွေးဖွားပေးခဲ့တဲ့မိဘကိုကိုယ်ဘယ်လောက်ကျေးဇူးဆပ်ခဲ့ပြီးလဲ။ဘယ်လောက်ရိုသေနေပြီလဲဆိုတာအောက်မေ့တတ်ဖို့ပါ။မွေးနေ့ပွဲကိုလာရောက်တဲ့ပရိတ်သတ်အတွက်လဲဆင်ခြင်စရာတခုဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်။
၃။မိသားစုနဲ့သူငယ်ချင်းတွေကိုကျေးဇူးတင်ပါ။
သမ္မာကျမ်းစာ၁သက် ၅:၁၈မှာ”အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့”ဆိုပြီးမိန့်မှာထားပါတယ်၊ဒါကြောင့်ယနေ့ယုံကြည်သူတွေရဲ့အသက်တာမှာအပြစ်ကလွဲလို့ကြုံလာသမျှမှာကျေးဇူးတော်ချီးမွမ်းရမှာဖြစ်သလိုကျေးဇူးတင်တတ်သောသူဖြစ်ဖို့ဘုရားသခင်အလိုတော်ရှိပါတယ်။ယနေ့လူတိုင်းမိသားစုကိုယ်စီရှိကြသလိုသူငယ်ချင်းတွေလည်းရှိခဲ့ကြမှာဧကန်ပါ၊ဒီလူတွေဟာကျွန်တော်တို့ကြီးပြင်းလာတဲ့လမ်းမှာအထောက်အမအကူအညီနဲ့အဖော်မွန်တွေမို့သူတို့ကိုအောက်မေ့ကျေးဇူးတင်သင့်ပါတယ်။ကိုယ့်မွေးနေ့မှာအသက်တနှစ်ကြီးလာတိုင်းဒီအရာတွေကိုသတိရသင့်ပါတယ်။တိုတောင်းလှတဲ့လူ့ဘဝမှာကိုယ့်အနီးဆုံးလူတွေကိုတန်ဖိုးထားတတ်ရမှာပါ။
၄။ကောင်းကြီးကိုခံယူတတ်ပါ။
ယုံကြည်သူတွေမွေးနေ့လုပ်တဲ့အခါမြင်ရတဲ့လက်ဆောင်ထက်မမြင်ရတဲ့ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာကိုခံယူတတ်ဖို့လိုပါတယ်၊သမ္မာကျမ်းစာထဲမှာဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာတွေအများကြီးပေးထားပြီးဖြစ်ပါတယ်၊ဒီထဲကနေကျွန်တော်ဒီနေ့တောလည်ရာကျမ်း ၆:၂၄-၂၆ထဲကကောင်းကြီးမင်္ဂလာအားဖြင့်ဒီနေ့မွေးနေ့ရှင်နဲ့ရောက်ရှိလာတဲ့လူအားလုံးကိုပေးချင်ပါတယ်။”ထာဝရဘုရားသည်၊သင့်ကိုကောင်းချီးပေး၍စောင့်မတော်မူပါစေသော။ထာဝရဘုရားသည်သင်၌မျက်နှာတော်အလင်းကိုလွှတ်၍ကရုဏာကျေးဇူးပြုတော်မူပါစေသော။ထာဝရဘုရားသည် သင့်ကိုမျှော်ကြည့်၍ ချမ်းသာပေးတော်မူပါစေသော”အာမင်?
နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊ယနေ့မွေးနေ့ပွဲလေးအားဖြင့်ခွန်အားယူခဲ့တဲ့နုတ်ကပတ်တော်ကတော့ကိုယ့်မွေးမေန့မှာ၁။အသက်ရှင်ခွင့်ပေးတဲ့ဖန်ဆင်းရှင်ဘုရားသခင်ကိုကျေးဇူးတင်ပါ၊၂။ကြွေးမွေးစောင့်ရှောက်သွန်သင်ခဲ့တဲ့မိဘကိုကျေးဇူးတင်ပါ၊၃။မိသားစုနဲ့သူငယ်ချင်းတွေကိုတန်ဖိုးထားကျေးဇူးတင်ပါ၊၄။ဘုရားသခင်ပေးထားတဲ့ကောင်းကြီးကိုခံယူတတ်ပါဆိုပြီးဝေငှသွားတာဖြစ်ပါတယ်။ကျေးဇူးတင်တယ်ဆိုတဲ့အခါမှာပါးစပ်ကဘဲတင်ခိုင်းတာဘဲမဟုတ်၊လက်တွေ့ကျေးဇူးဆပ်ခြင်းအားဖြင့်ကျေးဇူးတင်တတ်ရမှာဖြစ်ပါတယ်။တကယ်တမ်းတော့ယုံကြည်သူတွေပျော်ရမှာကခန္ဓာမွေးနေ့သက်သက်သာမဟုတ်ဘဲဝိညာဉ်ရေးရာမှာကယ်တင်ခြင်းရတဲ့နေ့၊ဒုတိယမွေးခြင်းမွေးနေ့ကိုပိုပြီးအလေးထားပျော်ရွှင်သင့်ပါကြောင်းတိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါတယ်၊ဖတ်ရှုသူအယောက်ဆီတိုင်းဘုရားသခင်ကောင်းကြီးပေးပါစေ၊အာမင်။