ယေဟောဝါသက်သေခံရဲ့အလွဲများ
နိဒါန်း
ဝတ်စုံသန့်သန့်ပြန့်ပြန့်လေးနဲ့အမျိုးသား(သို့မဟုတ်)အမျိုးသမီးတွေအိမ်တိုင်ရာရောက်တံခါးခေါက်တရားလာဟောတာကြုံဖူးပါသလား?နောက်ဆုံးသောကာလဝေစာလာဝေပေးတာမျိုးကောကြုံဖူးပါသလား?လိုင်းပေါ်မှာJW Orgစာသား လေးတွေနဲ့နူတ်ကပတ်တော်ဝေငှတာတွေ့ဖူးကြပါသလား?အဲဒီလူတွေဟာ၉၀%လောက်ကယေဟောဝါသက်သေခံအဖွဲ့(Jehovah’s Witnesses)ကဖြစ်ကြပါတယ်။ဒီယေဟောဝါသက်သေခံအဖွဲ့ဆိုတာခရစ်ယာန်ပါလို့နာမည်ခံထားကြပေမယ့်ခရစ်ယာန်မဟုတ်တဲ့အယူလွဲဝါဒီအဖွဲ့ဖြစ်တာမို့အထူးသတိပေးချင်ပါတယ်။သူတို့အကြောင်းကိုဒီမှာဖတ်ပါအခုဒီပို့စ်မှာတော့သူတို့အဓိကဘာလွဲနေလည်းဆိုတာအနည်းငယ်တင်ပြပါမယ်။
၁။ငရဲမရှိဘူးလို့ခံယူကြပါတယ်။
ယေဟောဝါသက်သေခံတွေဟာလူသေသွားရင်မီးငြိမ်းသွားသလိုဘာမှမရှိတော့ဘူးလို့ခံယူကြတာပါ။ဘုရားဟာချစ်ခြင်းမေတ္တာရှင်မို့ထာဝရငရဲနဲ့အပြစ်စီရင်ခြင်းမရှိဘူးလို့ယုံကြည်ကြပြီး၊ရှင်ပြန်ထမြောက်ပြီးရင်လူဆိုးဝိညာဉ်တချို့ငရဲသွားမှာမဟုတ်ဘဲထာဝရပျောက်ကင်းသွားမယ်လို့ခံယူကြပါတယ်။
ကျမ်းစာ(မဿဲ၈:၁၂၊၂၂:၁၃။မာကု၉:၄၄၊မဿဲ၁၃:၄၂၊၂၅:၄၆။ဖိလိပ္ပိ၃:၁၉။၂သက်၁:၉။ဟေဗြဲ၁၀:၃၉။ ရှင်ယုဒ၁၃။ဗျာ၂:၁၁၊၁၉:၂၀၊၂၀:၆-14၊၂၁:၈)မှာတော့ထာဝရငရဲမီးအိုင်ရှိကြောင်းအတိကျဖော်ပြထားပြီးဘုရားသခင်ဟာ မေတ္တာရှင်ဖြစ်သလိုဖြောင့်မတ်တဲ့တရားသူကြီးမို့တရားစီရင်မှာဖြစ်ကြောင်းအတိအလင်းဖော်ပြထားပါတယ်။
၂။ယေရှုခရစ်ဟာဘုရားမဟုတ်ဘူးလို့ခံယူပါတယ်။
ယေရှုခရစ်တော်ဟာဖန်ဆင်းရှင်မဟုတ်ဘဲဖန်ဆင်းခံသာဖြစ်ပြီး၊ယေရှုဟာ(ဘုရားငယ်)ကောင်းကင်တမန်မင်းမိခေလဖြစ်တယ်လို့ယုံကြည်ခံယူတာပါ။(ဒီနေရာမှာမော်မွန်တွေရဲ့ခံယူချက်နဲ့တူပါတယ်၊မော်မွန်တွေကယေရှုဟာလူစီဖာရဲ့ညီလေးလို့ခံယူကြပါတယ်)။
အမှန်တော့ယေရှုခရစ်ဟာဘုရားဖြစ်ကြောင်းကျမ်းစာမှာအများကြီးဖော်ပြထားပြီးသားပါ။အသေးစိတ်ဖတ်လိုလျှင်
၃။ဘုရားသခင်ကိုယေဟောဝါလို့သာခေါ်ရမယ်။
ဟေရှာယ၄၃:၁၀ကိုယူပြီးယေဟောဝါသက်သေခံလို့သူ့တို့ကိုယ်သူတို့ခံယူကြပါတယ်။နောက်ပြီးဘုရားနာမကိုယေဟောဝါကလွဲလို့ကျန်တာမသုံးရဘူးလို့ခံယူကြတာပါ။
အမှန်တော့ကျမ်းစာမှာဘုရားသခင်နာမအများကြီးရှိနေတာတွေ့ရပါတယ်၊ယေဟောဝါလို့သုံးလို့ရသလိုဘရားသခင်၊အနန္တတန်ခိုးရှင်၊အဖဘုရား၊သခင်ဘုရား၊ကိုယ်တော်ဘုရား……စသဖြင့်သုံးလို့ရပါတယ်။
၄။စစ်မှုမထမ်းရ၊သွေးမသွင်းရလို့သတ်မှတ်ထားပါတယ်။
ယေဟောဝါသက်သေခံအဖွဲ့တွေဟာစစ်မှုထမ်းဖို့မလုပ်ရကြသလို၊ဓမ္မဟောင်းကအသွေးမစားနဲ့သတ်မှတ်တာမို့၊ဖျားနာလို့အရေးပေါ်သွေးသွင်းဖို့လိုလာရင်တောင်မိမိကိုယ်ထဲသွေးမသွင်းကြပါဘူး။ဒါကြောင့်လဲမလိုအပ်ဘဲသေကြတဲ့သာဓကတွေအများကြီးကြားနေရတာပါ။
အမှန်တော့သွေးစားခြင်းနဲ့သွေးသွင်းခြင်းကမတူပါဘူး။ယနေ့တိုင်သွေးမစားကြတဲ့ဂျူးတွေတောင်သွေးသွင်းကြပါတယ်။ဒါကလူ့အသက်ကိုကယ်တင်တာမို့ကျမ်းစာမှာလည်းထွေထွေထူးထူးမကန့်သတ်ထားပါ။
၅။သမ္မာကျမ်းစာကိုပြင်ထားခြင်း
ယေဟောဝါသက်သေခံအဖွဲ့တွေမှာသူတို့လိုအပ်သလိုပြင်ဆင်ပြီးဘာသာပြန်ထားတဲ့“ကမ္ဘာသစ်ဘာသာပြန်ကျမ်း”(New World Transition)ဆိုပြီးရှိပါတယ်။ပုံမှန်သူတို့တရားဟောရင်ဒီဘာသာပြန်ကျမ်းကမှမူရင်းအတိုင်းဒဲ့ပြန်ထားတာမို့အမှန်ကန်ဆုံးလို့ဆိုတတ်ကြပါတယ်။အမှန်တော့ဒီဘာသာပြန်ကျမ်းထဲမှာ ဝိညာဉ်၊ငရဲ၊ယေရှုရဲ့ဘုရားဖြစ်ခြင်းစသဖြင့်အရေးကြီးတဲ့အရာကိုအကုန်လိုအပ်သလိုပြင်ဆင်ရေးသားထားကြတာမို့အထူးသတိပြုရမယ့်အရာပါ။ယေဟောဝါသက်သေခံတွေနဲ့တရားဆွေးနွေးတဲ့အခါမှာလည်းသူတို့ကိုင်ထားတဲ့“ကမ္ဘာသစ်ဘာသာပြန်ကျမ်း”ကိုအဓိကထားပြီးသွားမဆွေးနွေးပါနှင့်၊ယုဒသန်သို့မဟုတ်စံမီဘာသာပြန်ကျမ်းစာစွဲကိုင်သင့်ပါတယ်။
၆။သုံးပါးတဆူ(တလုံးတဝ)ကိုလက်မခံကြပါဘူး။
ယေဟောဝါသက်သေခံတွေဟာခမည်းတော်၊သားတော်၊သန့်ရှင်းသောဝိညာဉ်တော်ဆိုတဲ့ကျမ်းစာကသွန်သင်တဲ့သုံးပါးတဆူ(တလုံးတဝ)ကိုလက်ခံကြပါဘူး။ယေဟောဝါသာတဆူတည်းသောဘုရားဖြစ်ပြီး၊ယေရှုဟာဖန်ဆင်းခံဖြစ်ကြောင်း၊ဝိညာဉ်တော်ဟာဘုရားရဲ့တန်ခိုးသာဖြစ်ကြောင်းခံယူကြတာပါ။
အမှန်တော့ကျမ်းစာ(ဟေရှာ၊ ၄၈း၁၆၊ ၆၁း၁။လုကာ ၄း၁၄-၁၉။မဿဲ၊ ၃း၁၆-၁၇။မဿဲ၊ ၂၈း၁၉ နှင့် ၂ကော၊ ၁၃း၁၄။ ယော၊ ၁၄း၁၆-၁၇)မှာသုံးပါတဆူ(တလုံးတဝ)နဲ့ပတ်သက်ပြီးအများကြီးဖော်ပြထားသလိုအထူးသဖြင့်ယေရှုဟာဘုရားသခင်ဖြစ်ကြောင်းရှင်ယောဟန်၁:၁-၁၄မှာကြည့်ရင်သိနိုင်မှာပါ။
၇။သန့်ရှင်းသောဝိညာဉ်တော်ကိုဘုရားလို့မယုံကြည်ကြပါဘူး။
အပေါ်ကပြောခဲ့သလိုယေဟောဝါသက်သေခံတွေဟာသန့်ရှင်းသောဝိညာဉ်တော်ကိုဘုရားမဟုတ်ဘဲ၊ယေဟောဝါဘုရားရဲ့တန်ခိုးတခုသာဖြစ်ကြောင်းခံယူကြတာပါ။
အမှန်တော့ကျမ်းစာ(တမန်၊ ၅း၃-၄၊ ၁ကော၊ ၃း၁၆)ထဲမှာသန့်ရှင်းသောဝိညာဉ်တော်ဟာဘုရားသခင်ဖြစ်ကြောင်းအများကြီးဖော်ပြထားပြီးသားဖြစ်ပါတယ်။
၈။အသင်းဝင်သူတိုင်းတရားလိုက်ဟောမှကယ်တင်ခြင်းရမည်။
ယေဟောဝါသက်သေခံတွေရဲ့အသင်းဝင်ဖြစ်သွားရင်၊မဖြစ်မနေလုပ်ရမှာကအိမ်တိုင်ရာရောက်လိုက်ပြီးတရားဟောတဲ့နေရာပါဝင်ကြဖို့ပါ။သူတို့မှာကအမှုတော်ဆောင်ဆိုပြီးသီးသန့်မရှိဘဲအသင်းဝင်သူတိုင်းတရားဟောသူတွေလို့သတ်မှတ်ပါတယ်။အဲလိုမပါဝင်ရင်ကယ်တင်ခြင်းမရသေးဘူးလို့သတ်မှတ်ကြပါတယ်။ကိုဗစ်ကာလမှာတော့အိမ်အရောက်လုပ်ဖို့အတော်ခက်ခဲလာပြီမို့သူတို့ရဲ့လှလှပပလုပ်ထားတဲ့ဝေစာဖြစ်တဲ့ နိုးလော့(Awake)၊ကင်းမျော်စင်(The Watchtower)စတာတွေကိုအိမ်ရှေ့တံခါးမှာလာထားခဲ့တတ်ကြပါတယ်။
စစ်မှန်တဲ့ခရစ်ယာန်ယုံကြည်မှုမှာတော့ဒီလိုလိုက်တရားဟောမှကယ်တင်ခြင်းရနေတယ်လို့မသတ်မှတ်ပါဘူး။သူတို့လိုမရှက်မကြောက်တရားဟောတာဟာစစ်မှန်တဲ့ခရစ်ယာန်တွေသင်ယူသင့်ပေမယ့်၊ဒါကိုကယ်တင်ခြင်းနဲ့စံချိန်ထားတာတော့မှားပါတယ်။
၉။ခရစ္စမတ်နဲ့ရှင်ပြန်ထမြောက်ပွဲမလုပ်ကြပါဘူး။
မွေးနေ့ပွဲအပါအဝင်ခရစ္စမတ်နဲ့ရှင်ပြန်ထမြောက်ပွဲတွေဟာနတ်ဘုရားအယူဝါဒကြောင့်ဆင်းသက်လာတာဆိုပြီး၊ယေဟောဝါသက်သေခံတွေကမပြုလုပ်ကြသလိုပြုလုပ်သူကိုလည်းကန့်ကွက်ကြပါတယ်။
အမှန်တော့ဒီနေရာမှာသူတို့ပြောကြတာလဲအမှန်မပါတာမဟုတ်ပါဘူး၊ဒါပေမယ့်ခရစ်တော်၌အသစ်ဖြစ်ပြီဆိုတာမေ့နေကြတာပါ။ဒီပွဲတွေမလုပ်မရတော့မဟုတ်ပါဘူး၊မလုပ်လဲရပါတယ်။ဒါပေမယ့်လုပ်သူကလည်းဘုရားဘုန်းတော်နဲ့ဧဝံဂေလိအတွက်လုပ်နေကြတာမို့ကန့်ကွက်တားဆီးနေခြင်းဟာမှားတာပါဘဲ။
၁၀။လက်ဝါးကားတိုင်ကိုမသုံးကြပါဘူး။
ယေဟောဝါသက်သေခံတွေဟာလက်ဝါးကားတိုင်မသုံးကြသလို၊ယေရှုခရစ်ဟာကားတိုင်မှာသေတာလို့မခံယူကြပါဘူး။ယေရှုခရစ်သေတာဟာတိုင်တစ်တိုင်ပေါ်သာမှာသေတာဖြစ်ပြီး၊နှစ်ချောင်းယှက်ထားတဲ့ကားတိုင်မဟုတ်ဘူးလို့ခံယူကြလို့ပါ။
ဒါကြောင့်လက်ဝါးကားတိုင်ကိုသူတို့မသုံးကြသလိုကန့်ကွက်ကြပါတယ်။
အမှန်တော့ယေရှုသေခဲ့တဲ့သမိုင်းသုတေသီတွေသေချာလေ့လာရင်လက်ဝါးကားတိုင်ဆိုတာငြင်းမရပါဘူး။
၁၁။လူသေရင်ဝိညာဉ်လည်းမရှိတော့ဘူးလို့ခံယူကြပါတယ်။
ယေဟောဝါသက်သေခံတွေဟာလူသေရင်ဝိညာဉ်ပါချုပ်ငြိမ်းသွားပြီး၊ထမြောက်ဖို့စောင်နေတယ်လို့အသက်နဲ့ဝိညာဥ်မူရင်းစကားလုံးကို လိုသလိုအသုံးချပြီး၊ကျမ်းစာနဲ့လွဲမှားစွာခံယူကြပါတယ်။
အမှန်တော့သမ္မာကျမ်းစာ(မဿဲ၁၀:၂၈၊၁ဗျာ၆:၉-၁၁၊)အပါအဝင်သူတို့ကိုယ်တိုင်လိုအပ်သလိုပြုပြင်ထားတဲ့ကမ္ဘာသစ်ဘာသာပြန်ကျမ်းထဲမှ(လုကာ၁၆:၂၂-၂၅၊ဖိလပ္ပိ၁:၂၃၊၂ကော၅:၈၊ယော၁၁:၂၆)မှာလည်းဝိညာဉ်ဟာမသေကြောင်း၊လူသေပြီးလဲဝိညာဉ်ဆက်တည်ရှိနေကြောင်းသက်သေအများကြီးဖော်ပြထားပါတယ်။
၁၂။သခင်ယေရှုတဖန်ကြွလာပြီးပြီလို့ခံယူကြပါတယ်။
သူတို့ထုတ်ဝေတဲ့စာစောင်နဲ့စာအုပ်တွေမှာယေရှုခရစ်တော်ဟာ1914ခုနှစ်ကတည်းကဒုတိယအကြိမ်ကြွလာပြီးပြီလို့ခံယူကြတာပါ(ဒီသွန်သင်ချက်ကိုခဏခဏပြောင်းလဲတာလဲတွေ့ရပါမယ်။ဒီမှာဖတ်ပါသမ္မာကျမ်းစာအရတော့သခင်ယေရှုခရစ်တော်ဟာတဖန်ပြန်မကြွလာသေးဘူး(တချိန်ကျရင်ကြွလာလိမ့်မယ်)လို့ခရစ်ယာန်တွေအကြွင်းမဲ့ယုံကြည်ကြပါတယ်။
၁၃။ငရဲမရှိတာမို့လူဆိုးတွေဟာသေပြီးရင်ထာဝရသေပြီးပျောက်ကွယ်သွားမယ်လို့ခံယူကြပါတယ်။
အမှန်ကတော့ကျမ်းစာ(ဗျာ၂၀:၁၀)ထဲမှာမယုံကြည်သူတွေဟာသူတို့ရဲ့လုပ်ရပ်အသီးသီးကြောင့်ငရဲမှာ နေ့ညမပြတ်ထာဝရခံစားရမယ်လို့ကျမ်းစာမှာတိတိကျကျဖော်ပြထားပါတယ်။
၁၄။သူတို့ရဲ့အသင်းဝင်ဖြစ်မှကယ်တင်ခြင်းခံရမယ်လို့ဆိုပါတယ်။
ယေဟောဝါသက်သေခံတွေဟာသူတို့ရဲ့အသင်းတော်ဝင်ဖြစ်မှဘဲကယ်တင်ခြင်းရမယ်လို့ဆိုပါတယ်။
အမှန်တော့ဘယ်အသင်းတော်ဂိုဏ်းဂဏဖြစ်ပါစေ၊ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်မှသာလျှင်ကယ်တင်ခြင်းရမှာဖြစ်ကြောင်းကျမ်းစာ(တမန်၁၆:၃၁၊၄:၁၂၊ယော၃:၁၅-၁၆၊ရော၁၀:၉-၁၀)အတိအကျဖော်ပြပါတယ်။
နိဂုံး
အမှန်တော့“ယေဟောဝါ”ဆိုတဲ့နာမည်နဲ့“သက်သေခံ”ဆိုတဲ့နာမည်တွေကမမှားပါဘူး၊ဒီနာမည်ကိုယူပြီးလွဲမှားစွာသွန်သင်တာကပြဿနာပါ။(ဥပမာ ယေရှုတရုတ်မအဖွဲ့လိုပေါ့၊အနန္တတန်ခိုးရှင်ဆိုတဲ့နာမည်ကမမှားဘူး၊တရုတ်မကိုဒီနာမည်တပ်ပေးလို့လွဲမှားရတာမျိုးပါ)။ဆိုတော့ဒီပို့စ်ဟာအဖွဲ့အစည်းတခုကိုတိုက်ခိုက်ဖို့ရေးတာမဟုတ်ပါ။ မြောက်များစွာသောခရစ်ယာန်တွေဂျင်းထည့်ခံနေရတာမို့၊ဒီအယူဝါဒဟာမှားယွင်းကြောင်းတင်ပြတာဘဲဖြစ်ပါတယ်။သူတို့ကမယုံကြည်သူကိုဧဝံဂေလိလုပ်သလို၊ယုံကြည်ပြီးသားခရစ်ယာန်အိမ်ကိုပိုပြီးလာဟောတတ်တာမို့သတိထားကြပါ။အထက်ပါစာတွေကိုဖတ်ပြီးနောက်နောင်ကြုံလာရင်သတိထားရှောင်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။ဘုရားသခင်အလင်းပေးပါစေ။အာမင်။
(ယေရမိ 23:21-22ငါမစေလွှတ်ဘဲ ထိုပရောဖက်တို့သည် ပြေးကြပြီ။ ငါမမှာထားဘဲ သူတို့သည် ကိုယ်အလိုအလျောက် ဟောပြောကြပြီ။ ထိုသူတို့သည် ငါနှင့် တိုင်ပင်ဘက်ပြုလျှင်၊ ငါ့စကားကို ငါ၏လူမျိုးအားဆင့်ဆို၍၊ ငါ၏လူမျိုးကို မတရားသောလမ်းမှလည်းကောင်း၊ မကောင်းသော အကျင့်ဓလေ့မှလည်းကောင်း လွဲသွားစေကြပြီ။)