မာဂုပညာရှင်များရဲ့ခရစ္စမတ်မှသင်ခန်းစာ(၄)ခု
နိဒါန်း
သခင်ယေရှုမွေးဖွားတဲ့အချိန်ကာလမှာ၊ဟိုးတဖက်နိုင်ငံမှာရှိနေကြတဲ့မာဂုပညာရှင်တွေဟာထူးဆန်းတဲ့ကြယ်ကြီးအားဖြင့်သိခွင့်ရကြပါတယ်။အဲဒါနဲ့ဘဲဒီသူငယ်တော်ကိုဖူးတွေ့ဖို့ခရီးစတင်ခဲ့ပါတယ်။ဒီခရီးဟာမာဂုပညာရှင်တွေရဲ့ခရစ္စမတ်ပါဘဲ။သူတို့တွေဘယ်လိုဖြတ်သန်းခဲ့သလဲဆိုတာသမ္မာကျမ်းစာမှတ်တမ်းအရအချက်(၄)ချက်နဲ့ခွန်အားပေးချင်ပါတယ်။
၁။သူငယ်တော်ဆီသို့ကြိုးစားရှာဖွေပြီးလာခဲ့ခြင်း
(ရှင်မဿဲ 2:1 ယုဒပြည်ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည် ဖွားမြင်ခြင်းကိုခံတော်မူပြီးမှ၊ မာဂုပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်။)
အရှေ့ပြည်ဆိုတာနိုင်ငံရပ်ခြားလို့နားလည်ရပါမယ်။အဲဒီခေတ်က လေယာဉ်မရှိ၊ကားမရှိ၊ဆိုင်ကယ်စက်ဘီးတောင်မရှိတဲ့ခေတ်ပါ။ကုလားအုတ်တွေကိုသာအဓိကအားကိုးနေရတာမို့မာဂုပညာရှင်တွေအရှေ့ပြည်ကနေယုဒပြည်အထိလာဖို့ဆိုတာတော၊တောင်၊ရေ၊မြေ၊ဖြတ်ကျော်ပြီးနှစ်ချီနင်ရတဲ့ခရီးပါ။လမ်းခုလတ်မှာဖျားနာခြင်း၊အန္တရာယ်မျိုးစုံကြုံခြင်းရှိနိုင်ပါတယ်။ဒါပေမဲ့မာဂုပညာရှိတွေဟာသူငယ်တော်ယေရှုကိုဖူးမြော်ဖို့၊မရမကကြိုးစားရှာပြီးလှမ်းလာခဲ့ကြပါတယ်။
ဒါဟာယနေ့ယုံကြည်သူတွေအတွက်သင်ခန်းစာပါဘဲ။
ဘုရားကိုရှာလို့ရတုန်းကြိုးစားရှာပါ၊ဘယ်လောက်ခက်ခဲနေပါစေဘုရားကိုရအောင်ရှာပါ။ဘာလို့လည်းဆိုတော့ဒီဘုရားသာလျှင်သင့်ကိုကယ်တင်နိုင်တဲ့ဘုရားဖြစ်လို့ပါ။
(ဟေရှာယ 55:6-7 တွေ့နိုင်သည် ကာလတွင် ထာဝရဘုရားကို ရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်းပတ္ထနာ ပြုကြလော့။ ဆိုးသောသူသည် မိမိလမ်းကိုလည်းကောင်း၊ မတရားသောသူသည် မိမိအကြံတို့ကိုလည်းကောင်း စွန့်ပစ်၍၊ ထာဝရဘုရား ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ ဘုရားသခင့် ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူလိမ့်မည်။ )
၂။သူငယ်တော်ကိုစိတ်အားထက်သန်စွာပေးလှူခြင်း
(ရှင်မဿဲ 2:11 အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင် ပျပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ ဘဏ္ဍာဥစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန် တည်းဟူသော နံ့သာမျိုးကိုလည်းကောင်း၊ ရွှေကိုလည်းကောင်း ဆက်ကပ်ပူဇော်ကြ၏။)
မာဂုပညာရှိတွေဟာကြယ်ကြီးရဲ့လမ်းပြမှုအားဖြင့်သူငယ်တော်ရှိရာအိမ်ကိုရှာတွေ့ခဲ့ကြပါတယ်။အဲဒါနဲ့ဘဲဝင်ရောက်ဖူးမြော်ကြရင်းသူတို့မှာပါလာကြတဲ့ရွှေ၊လောဗန်နဲ့မုရန်ကိုပေးလှူဆက်သခဲ့ကြတာဖြစ်ပါတယ်။သတိထားရမှာကပညာရှိတွေဟာသူငယ်တော်ကိုတွေ့မှပေးလှူဖို့ကမန်းကတန်းရှိတာထုတ်လှူခြင်းမဟုတ်ပါ၊ဟိုးအဝေးကြီးကနေလာကတည်းကပေးလှူဖို့ကြိုတင်ပြင်ဆင်လာတယ်ဆိုတာပါဘဲ။ဒါကပေးလှူမှုမှာစိတ်အားထက်သန်ခြင်းကိုပေါ်လွင်စေသလို၊အဖိုးတန်တဲ့အရာတွေကိုပြင်ဆင်လာတာကြည့်ရရင်သူတို့တွေဟာသူငယ်တော်ကိုဘယ်လောက်တန်ဖိုးထားကြောင်းပေါ်လွင်စေပါတယ်။ရွှေ၊လောဗန်၊မုရန်ဟာသခင်ယေရှုရဲ့ဘုရင်ဖြစ်ခြင်း၊ယဇ်ပရောဟိတ်ဖြစ်ခြင်း၊နဲ့ပရောဖက်ဖြစ်ခြင်းကိုပုံဆောင်သလိုဒီအရာတွေအားဖြင့်မာရိနဲ့ယောသပ်တို့အီဂျီကိုထွက်ပြေးဖို့စရိတ်အနေနဲ့ဘုရားကကြိုတင်ပြင်ဆင်ပေးခဲ့တာပါ။
ယနေ့ယုံကြည်တွေရဲ့အသက်တာမှာလည်းပညာရှိတွေရဲ့ပေးလှူမှုကိုသင်ခန်းစာယူရပါမယ်။ကယ်ရိုလှည့်ပြီးငွေလိုက်တောင်းဖို့မဟုတ်၊ဘယ်မှာဘာစားရမလဲလိုက်ရှာဖို့မဟုတ်၊ဘာလက်ဆောင်ရမလဲမြော်နေဖို့မဟုတ်၊ခရစ္စမတ်ဆိုတာပေးကမ်းတဲ့ကာလပါ၊ဒါကြောင့်အငယ်ဆုံးသောသူကိုပေးကမ်းပါ၊ဒါကယေရှုခရစ်ကိုပေးလှူခြင်းဘဲလို့ယေရှုကိုယ်တိုင်ပြောခဲ့ပါတယ်။
(ရှင်မဿဲ 25:40 မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီဟု ပြန်၍မိန့်တော်မူလတ္တံ့)
၃။လူစကားထက်ဘုရားစကားကိုနာခံတတ်ခြင်း
(ရှင်မဿဲ 2:12 နောက်မှ ဟေရုဒ်မင်းကြီးထံသို့ မပြန်ရမည်အကြောင်း အိပ်မက်တွင် ဗျာဒိတ်တော်ကိုရ၍ မိမိတို့ပြည်သို့ အခြားသောလမ်းဖြင့် ပြန်သွားကြ၏။)
မာဂုပညာရှိတွေဟာသူငယ်တော်ကိုဖူးတွေ့ပြီးအိမ်ပြန်ဖို့စီစဉ်တဲ့အခါ၊ညမှာအိမ်မက်ကနေဘုရားသခင်ကသူတို့ကိုစကားပြောပါတယ်။ဟေရုဒ်မင်းဟာသူငယ်တော်ကိုသတ်ဖို့စီစဉ်နေကြောင်း၊ဒါကြောင့်ဟေရုဒ်ထံကလေးအကြောင်းသွားမပြောမိဖို့၊လာတဲ့လမ်းအတိုင်းမပြန်ဖို့သတိပေးတာပါ(နဂိုပညာရှိတွေကိုဟေရုဒ်ကသူငယ်တော်ကိုရှာတွေ့ရင်သူ့ထံလာပြောဖို့၊သူလည်းဖူးမြော်ချင်လို့ဆိုပြီးလိမ်လည်မိန့်မှာခဲ့တာမို့ပါ)။ဒီနောက်၊ပညာရှိတွေဟာလည်းဘုရားသခင်ရဲ့စကားအတိုင်းယုံယုံကြည်ကြည်နဲ့လိုက်လျှောက်ပြီးတခြားလမ်းကနေပြန်သွားခဲ့ကြပါတယ်။
ယနေ့ယုံကြည်သူတွေအတွက်သင်ခန်းစာကတော့လူ့စကားထက်ဘုရားစကားကိုနာခံတတ်ဖို့ပါဘဲ။အစိုးရမင်းနဲ့အထက်လူကြီးစကားဟာမှန်ရင်လိုက်နာရမှာပါ။ဒါ ပေမဲ့အစိုးရမင်းတွေရဲ့စကားနဲ့ဘုရားစကားဆန့်ကျင် နေတဲ့အခါမှာဘုရားသခင်ရဲ့စကားကိုသာရဲရဲဝံ့ဝံ့နာခံလိုက်လျှောက်တတ်ဖို့ခရစ္စမတ်မှာသင်ယူကြပါစို့။
(တမန်တော် 5:29 ပေတရုနှင့် အခြားသော တမန်တော်တို့ကလည်း၊ လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏။)
(မဿဲ၁၀:၃၂)
၄။ဘုရားသခင်အားဖြင့်ပြည့်စုံကျေနပ်နိုင်ခြင်း
မာဂုပညာရှိတွေဟာအဖိုးတန်ရတနာကိုအဓိကမထားဘဲဘုရားသခင်ကိုအဓိကထားခဲ့ကြတယ်၊ဘုရားသခင်ကိုရှာတွေ့ပြီးရတနာတွေကိုပေးအပ်ခဲ့တယ်။ခက်ခဲကြမ်းတမ်းစွာသွားခဲ့ပြီးရတနာတွေပေးလှူခဲ့၊ခက်ခံကြမ်းတမ်းစွာပြန်လာခဲ့ရပေမဲ့ကျေနပ်အားရမှုကိုရခဲ့ကြတာဖြစ်ပါတယ်။ဘာလို့လည်းဆိုတော့ပညာရှိတွေဟာဘုရားသခင်ကိုသူတို့ဘဝအတွက်အရေးအကြီးဆုံးလို့သတ်မှတ်ခဲ့ကြတာမို့ပါ။
ယနေ့ယုံကြည်တွေရဲ့အသက်တာကိုဆင်ခြင်ကြည့်ရအောင်ပါ၊ပညာရှိတွေလိုဘုရားသခင်ကိုသိရှိရခြင်းကသင့်အတွက်အဖိုးအတန်ဆုံးဖြစ်နေပြီလား?သို့မဟုတ်ဘုရားကိုခုတုံးလုပ်ပြီးရွှေငွေလိုချင်နေတာလား?ပညာရှိတွေတော့ဘုရားကိုတွေ့ရဖို့ကိုယ့်မှာရှိတဲ့ရွှေတွေနဲ့တောင်ကျေကျေနပ်နပ်ပေးဆပ်ခဲ့သူတွေပါ။ချစ်သောယုံကြည်သူများ၊ဘုရားကိုရှိပြီးနောက်သင်ကျေနပ်ပြည့်စုံခြင်းကိုခံစားရပြီလား?မရသေးရင်သင်ဘုရားကိုသေချာမှီးစမ်းကြည့်ဖို့လိုပါတယ်၊ဒါကိုဒီနှစ်ခရစ္စမတ်မှာသင်ခန်းစာယူမိပါစေ။
(ဖိလိပ္ပိ 3:8-10 ထိုမျှမက ငါ၏ သခင်ယေရှုခရစ်ကိုသိသော ပညာသည် အဘယ်မျှလောက် မြတ်သည်ကို ထောက်၍၊ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏။)
နိဂုံး
ယနေ့ဝေငှသွားတာကတော့မာဂုပညာရှင်များရဲ့ခရစ္စမတ်မှသင်ခန်းစာ(၄)ခု ဖြစ်ပါတယ်။
၁။သူငယ်တော်ဆီရောက်ဖို့ကြိုးစားရှာဖွေခြင်း
၂။သူငယ်တော်ကိုစိတ်အားထက်သန်စွာပေးလှူခြင်း
၃။လူစကားထက်ဘုရားစကားကိုနာခံတတ်ခြင်း
၄။ဘုရားသခင်အားဖြင့်ပြည့်စုံကျေနပ်နိုင်ခြင်း
ဖြစ်ပါတယ်။ဖတ်ရှုနားစင်သွားသူများလည်းပညာရှိများအားဖြင့်သင်ခန်းစာများရရှိကြပါစေ။
သာယာပျော်ရွှင်တဲ့ခရစ္စမတ်ဖြစ်ပါစေ။
အာမင်။