ရွှေ၊လောဗန်၊မုရန် ပုံဆောင်ချက်
သခင်ယေရှုမွေးဖွားတဲ့အခါ၊အရှေ့အရပ်ကမာဂုပညာရှိတွေဟာကြယ်ကြီးအားဖြင့်မွေးဖွားလာတဲ့သူငယ်တော်ကိုရှာပြီး၊တန်ဖိုးကြီးတဲ့ရတနာသုံးမျိုး”လောဗန်၊မုရန်၊ရွှေ ကိုဆက်ကပ်ခဲ့ကြောင်းသမ္မာကျမ်းစာရှင်မဿဲခရစ်ဝင် ၂:၁၁ မှာဖော်ပြထားပါတယ်။ဒါဟာဖူးမျော်ကိုးကွယ်ခြင်းရဲ့စံနမူနာဖြစ်ပါတယ်။တောတောင်ရေမြေသဲကန္တာရတွေကျော်ဖြတ်ပြီးခက်ခဲကြမ်းတမ်းစွာရှာပြီး၊အဖိုးတန်ပေးအပ်ဖို့ဆိုတာအတွင်းထဲကစိတ်ကပြင်းပြနေလို့သာဖြစ်တယ်၊အပေါ်ယံသာဆိုရင်ဖြစ်လာနိုင်မည်မဟုတ်ပါ။ဆိုတော့ ဒီပို့စ်မှာအဓိက လောဗန်၊မုရန်၊နဲ့ရွှေရဲ့ပုံဆောင်ခြင်းကိုအနည်းငယ်ရှင်းပြချင်ပါတယ်။
ရွှေ- ရှင်ဘုရင်
ရွှေဆိုတာယေရှုမွေးဖွားလာတဲ့ခေတ်မှာရှင်ဘုရင်ကသာအများဆုံးပိုင်ဆိုင်ထားတဲ့ရတနာဖြစ်တယ်၊ဘုရင်ရဲ့သရဖူကိုလဲ ရွှေအားဖြင့်ပြုလုပ်ကြစမြဲဖြစ်တယ်။ဒါကြောင့်မာဂုပညာရှင်တွေရွှေကိုဆက်သခြင်းအားဖြင့်ယေရှုဟာရှင်ဘုရင်ဖြစ်ကြောင်းပေါ်လွင်စေပါတယ်။ယနေ့ယုံကြည်သူတွေအတွက်သင်ခန်းစာယူရမှာကမာဂုပညာရှိလိုအကောင်းဆုံးရွှေလက်ဆောင်(ငွေကြေး၊အချိန်၊ခွန်အား၊အခြား)အားဖြင့်သူငယ်တော်ကိုဆက်သဖို့(ခရစ္စမတ်မှာရယူခြင်းထက်ပေးကမ်းခြင်းရှိဖို့)နဲ့ရွှေလိုမီးနဲ့စစ်ဆေးခြင်းခံနိုင်တဲ့ယုံကြည်ခြင်း(၁ပေ၁:၇)ရှိဖို့အရေးကြီးလှပါတယ်။
လောဗန်- ယဇ်ပရောဟိတ်
လောဗန်ဆိုတာအပင်တမျိုးကရလာတဲ့အဆီဖြစ်ပါတယ်၊အပင်ကစထိုးဖောက်လိုက်တာနဲ့ကျစီးလာတဲ့အရေကနို့ရောင်အဖြူအဆီ၊ဒါပေမဲ့လေတိုက်ခံရပြီးနောက်ခဏလေးမှာခဲသွားပြီးအဝါရောင်နဲ့သွေးရောင်ပြောင်းသွားတတ်တယ်။မီးရှို့လိုက်တဲ့အခါအင်မတန်မွေးကြိုင်ပါတယ်၊ဓမ္မဟောင်းခေတ်ကာလကယဇ်ပူဇော်အခါဘုရားသခင်နှစ်သက်အောင်အသုံးပြုတဲ့နံ့သာတမျိုးပါ(ဝတ်ပြုရာ ၂:၁၊၂၊၁၅၊၁၆)။မာဂုပညာရှိတွေသူငယ်တော်ကိုလောဗန်ပူဇော်ရခြင်းဟာယေရှုခရစ်တော်သည်လူသားအားလုံးအတွက်မွေးကြိုင်တဲ့ယဇ်ကောင်ဖြစ်သလိုလူတွေအတွက်အပြစ်ဖြေရာလုပ်ပေးမဲ့ယဇ်ပရောဟိတ်(ဟေဗြဲ၇:၂၅)ဖြစ်ကြောင်းပေါ်လွင်စေပါတယ်။ယနေ့ယုံကြည်သူတွေအတွက်သင်ခန်းစာယူရမှာကလောဗန်ဟာယုံကြည်သူတွေယေရှုနာမအားဖြင့်ဆုတောင်းတဲ့ဆုတောင်းချက်တွေဖြစ်ကြောင်းနားလည်ရပါမယ်(ဗျာဒိတ်၈:၃-၄)၊တနည်းအားဖြင့်ဆုတောင်းပြီးမျှော်လင့်စောင့်စားနေရတဲ့မျှော်လင့်ခြင်းဖြစ်တယ်။
မုရန်- ပရောဖက်
မုရန်ဆိုတာမုရန် အပင်ကရလာတဲ့ဆီပါ။မွေးတယ်၊အရသာအင်မတန်ခါးတယ်၊ဒါပေမဲ့မပုပ်မသိုးအောင်ကာကွယ်ပေးတဲ့အာနိဒင်နဲ့အနာကိုကုသနိုင်တဲ့စွမ်းအားရှိတယ်။အပင်ကနေအဝါရောင်အဆီစကျလာတတ်ပြီး၊ခဲသွားတဲ့အခါအနီရောင်ပြောင်းတတ်တယ်။မာဂုပညာရှိတွေဟာမုရန်ကိုသူငယ်တော်အားဆက်သခြင်းအားဖြင့်ယေရှုဟာလူသားတိုင်းရဲ့အပြစ်ကိုကုစားပေးမဲ့ပရောဖက်ဖြစ်ကြောင်းပေါ်လွင်စေတယ်။ဒီနေရာမှာနောက်တခုအရေးကြီးတာကယေရှုဟာကယ်တင်သောအရှင်ဖြစ်ကြောင်းပိုမိုပေါ်လွင်စေပါသေးတယ်။ယနေ့ယုံကြည်သူတွေအတွက်သင်ခန်းစာယူရမှာကမုရန်ဟာယုံကြည်သူတွေရဲ့ချစ်ခြင်းမေတ္တာဖြစ်ပါတယ်၊သူတပါးရဲ့အနာကိုကုစားပေးရသလို၊ရန်ကိုငြိမ်းစေသောသူ၊ကမ္ဘာမြေကိုငြိမ်းချမ်းစေသောသူများဖြစ်ရမှာပါ။
နိဂုံး
မာဂုပညာရှိတွေရဲ့ရတနာသုံးပါး ဖြစ်တဲ့ရွှေ၊လောဗန်၊မုရန် ဟာ သခင်ယေရှုရဲ့အရပ်အရာသုံးမျိုးဖြစ်တဲ့” ရှင်ဘုရင်၊ယဇ်ပရောဟိတ်၊ပရောဖက်”ဖြစ်ကြောင်းပေါ်လွင်စေသလို၊ယနေ့ယုံကြည်သူများရဲ့ ယုံကြည်ခြင်း၊မျော်လင့်ခြင်း၊ချစ်ခြင်း ကိုပုံဆောင်နေကြောင်းအနည်းငယ်တင်ပြခွန်အားပေးလိုက်ရပါသည်။နူတ်ကပတ်တော်ဟာနှစ်ဖက်ထက်တဲ့ဓားဖြစ်တဲ့အတွက်အခြားမတူညီတဲ့ဖွင့်ပြအနက်ပြန်မှုတွေလဲရှိနိုင်ပါတယ်။ဖတ်ရှုသူအားလုံးဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။
Ye Ming(ပတ္တမြားမြေ)