ခရစ္စမတ်ကိုကြိုဆိုတဲ့စိတ်ထား(၁၂)မျိုး
၁။ဧလိရှဗက်-အားပေးသောစိတ်ထား
(ရှင်လုကာခရစ်ဝင် ၁:၄၀-၄၅)
ဗတ္တိဇံဆရာယောဟန်ရဲ့မိခင်ဖြစ်တဲ့ဧလိရှဗက်ဟာမာရိနဲ့တူညီတဲ့အစေခံခြင်းကိုလက်ခံထားသူပါ၊ဒါကြောင့်မာရိနဲ့တွေ့တာနဲ့ဗိုက်ထဲကကလေးခုန်လာလို့ကောင်းကြီးပေးပြီးအားပေးခြင်းနဲ့ကြိုဆိုခဲ့သူပါ။
၂။ကောင်းကင်တမန်-မေတ္တာပို့ချီးမွမ်းသောစိတ်ထား
(ရှင်လုကာခရစ်ဝင် ၂:၁၄)
ကောင်းကင်တမန်တွေဟာကယ်တင်ရှင်မေရှိယကိုချီးမွမ်းသီချင်းနဲ့အားရပါးရကြိုဆိုကြပြီးဒီသီချင်းအားဖြင့်မေတ္တာပို့ကောင်းကြီးပေးခဲကြပါတယ်။
၃။မာရိ-ဝန်ခံသောစိတ်ထား
(ရှင်လုကာခရစ်ဝင် ၁:၃၈)
အသက်နဲ့အရှက်ကိုရင်းရမှန်းသိပေမယ့်အသုံးတော်ခံဖို့ဝန်ခံသောစိတ်နဲ့ကြိုဆိုခဲ့တယ်။
၄။ယောသပ်-နာခံသောစိတ်ထား
(ရှင်မဿဲခရစ်ဝင် ၁:၂၄)
နဂိုတိတ်တိတ်လေးကွာရှင်းဖို့စဉ်းစားထားပေမယ့်ကောင်းကင်တမန်အားဖြင့်ဘုရားစကားရောက်လာတဲ့အခါဆင်ခြေတွေတခွန်းမှမပေးခဲ့ဘဲလုံးဝနာခံခြင်းနဲ့ကြိုဆိုခဲ့ပါတယ်။
၅။သိုးထိန်း-အားတက်သောစိတ်ထား
(ရှင်လုကာခရစ်ဝင် ၂:၈-၁၈)
ကယ်တင်ရှင်မွေးလာတဲ့သတင်းကြားတာနဲ့ချက်ချင်းအလုပ်ကိုပစ်ခဲ့ပြီးနွားတင်းကုတ်အရောက်သွားခဲ့သလို၊ဒီသတင်းကိုလူတကာကြားသိသွားအောင်အားသက်သရောလိုက်လံဝေငှခြင်းနဲ့ကြိုဆိုခဲ့ကြသူတွေပါ။
၆။မာဂုပညာရှိ-စစ်မှန်သောစိတ်ထား
(ရှင်မဿဲခရစ်ဝင် ၂:၁)
ဟိုး…အဝေးကြီးကနေခက်ခက်ခဲခဲရောက်လာပြီးအဖိုးတန်ဆုံးကိုဆက်ကပ်ခြင်းအားဖြင့်ကြိုဆိုခဲ့တဲ့အတွက်စစ်မှန်သောစိတ်ထားပေါ်လွင်ပါတယ်။
၇။ဟေရုပ်မင်း-မနာလိုသောကြောက်စိတ်
(ရှင်မဿဲခရစ်ဝင် ၂:၃)
ဘုရင်လုပ်သူကသူ့နေရာမှာဘုရင်တပါးမွေးလာတာကြားတော့အတော်တုန်လုပ်မိပြီးသူ့နေရာလာလုမှာကိုကြောက်မိသလို၊ပညာရှင်တွေကအစကျမ်းဟောင်းမှာပါအတည်ပြုထားတော့မနာလိုခြင်းနဲ့ခရစ္စမတ်ကိုကြိုဆိုခဲ့သူပါ။
၈။ဘာသာရေးခေါင်းဆောင်-ထုံထိုင်းသောစိတ်ထား
(ရှင်မဿဲခရစ်ဝင် ၂:၄-၆)
ကျမ်းစာသာတတ်ပြီးနှလုံးသားထဲမစီးဝင်တော့တကယ့်မေရှိယဖြစ်တဲ့ခရစ္စတော်ကိုတောင်ဥပေက္ခာပြုထားခဲ့တဲ့လူတွေပါ၊ဘာသာရေးစည်းကမ်းတွေထဲမှာနှစ်မြုပ်နေလို့ထုံထိုင်းသောစိတ်နဲ့သာခရစ္စမတ်ကိုကြိုဆိုခဲ့သူတွေပါ။
၉။ဣသရေလလူမျိုး-ပူပန်သောစိတ်ထား
(ရှင်မဿဲခရစ်ဝင် ၂:၃)
ကယ်တင်ရှင်ယေရှုမွေးလာတဲ့သတင်းကိုကြားတော့ဣသရေလလူတွေဟာပြဿနာတခုခုဖြစ်လာမလားဆိုပြီးပူပန်နေကြပါတယ်၊တကယ်ဘဲကျမ်းဟောင်းထဲကမေရှိယလားဆိုတာအတည်ပြု ဖို့ထက်ပူပန်သောစိတ်ထားနဲ့ကြိုဆိုခဲ့ကြတာပါ။
၁၀။ရှုမောင်-ကျေနပ်ပီတိစိတ်ထား
(ရှင်လုကာခရစ်ဝင် ၂:၂၅-၃၂)
ကျမ်းတတ်တယောက်ဖြစ်ပေမယ့်အများနဲ့မတူဘဲဗျာဒိတ်တော်ကိုစောင့်စားပြီးကျေနပ်ဝမ်းမြောက်စွာလက်ခံကြိုဆိုခဲ့ပြီးအသေဖြောင့်သွားတဲ့ဖြောင့်မတ်သောသူဖြစ်ပါတယ်။
၁၁။အန္န- သစ္စာရှိသောစိတ်ထား
(ရှင်လုကာခရစ်ဝင် ၂:၃၆-၃၈)
အသက်၈၄နှစ်ရှိနေတဲ့ပရောဖက်မတစ်ယောက်ဟာလဲမေရှိယကိုမျော်လင့်နေတဲ့သူပါ။ဗိမာန်တော်မှာအစာအမြဲရှောင်ပြီးသူ့တသက်ကိုဆက်ကပ်ခဲ့သူပါ။ဒီပရောဖက်မဟာသစ္စာရှိရှိနဲ့မေရှိယကိုစောင့်ပြီးကြိုဆိုခဲ့သူပါ။
၁၂။ယနေ့သင်နှင့်ကျွန်ုပ်-နှလုံးသားထဲလက်ခံနေရာပေးပါ။
(ဗျာဒိတ်ကျမ်း ၃:၂၀)
သမ္မာကျမ်းစာမှာမေရှိယမွေးဖွားခြင်းကိုကြိုဆိုခဲ့ကြတဲ့လူတွေစိတ်ထားအမျိုးမျိုးရှိခဲ့ကြပါတယ်၊ယနေ့သင်ကောဘယ်လိုစိတ်ထားမျိုးနဲ့ကြိုဆိုမှာလဲ?သမ္မာကျမ်းစာမှာတော့သင့်ရဲ့နှလုံးသားဖွင့်ပြီးယေရှုကိုနေရာပေးခြင်းအားဖြင့်ကြိုဆိုဖို့တိုက်သွန်းထားပါတယ်မိတ်ဆွေ။ဧမာနွေလဆိုတာသင်နဲ့အတူလာနေဖို့ပါ။အာမင်။
Ye Ming(ပတ္တမြားမြေ)