ခရစ္စမတ်ရဲ့အံ့ဩဖွယ်(၆)ချက်
နိဒါန်း
ဟေရှာယ၉:၆မှာငါတို့အဖို့သူငယ်တော်(ယေရှု)ကိုဖွားမြင်၏…နာမတော်ကား အံ့ဩဖွယ်…ဖြစ်တယ်လို့ဆိုထားပါတယ်။တနည်းအားဖြင့်ယေရှုခရစ်တော်ရဲ့ဖွားမြင်ခြင်းဟာအံ့ဩဖွယ်တွေနဲ့ပြည့်နက်နေတာကိုဆိုလိုတာပါ။ဒါဆိုရင်ယေရှုခရစ်ရဲ့ဖွားမြင်ခြင်း(ခရစ္စမတ်)ဟာဘာအံ့ဩဖွယ်တွေရှိနေတာလဲ?အချက်(၆)ချက်နဲ့ဖော်ပြပါမယ်။
၁။နှစ်ထောင်ချီကတည်းကပရောဖက်ပြုထားခြင်း
လူတစ်ယောက်မွေးဖွားလာပြီးဘာဖြစ်မယ်၊ဘာလုပ်မယ်ဆိုတာနှစ်ရာချီထောင်ချီကတည်းကကြိုတင်ဟောချက်ထုတ်ထားပြီး၊အတိအကျဖြစ်လာတာမျိုးဟာတကယ့်အံ့ဩဖွယ်ပါဘဲ။
(ဟေရှာယ ၇:၁၄ ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သားယောက်ျားကို ဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတ္တံ့။ )
၂။အပျိုကညာမှပဋိသန္ဓေတည်ခြင်း
တိုးတက်နေတဲ့ခေတ်ကြီးမှာတောင်ကိုယ်ဝန်ရဖို့ဆိုရင်ယောကျာ်းတွေသုတ်ပိုးမပါမဖြစ်ပါ။နောက်ဆုံးပေါ်နည်းပညာနဲ့ကလေးယူရင်တောင်(ယောကျားမပါရင်တောင်)ကျားသုတ်ပိုးကိုဆေးပညာကနေမွေးပြီးယူရပါတယ်။ဒါပေမဲ့ ယေရှုခရစ်ကတော့(ယောကျားသုတ်ပိုးမပါဘဲ)အပျိုကညာမိန်းမကနေမွေးဖွားလာတာပါ၊ဒါဟာအံ့သြဖွယ်ဘုရားတန်ခိုးတော်ပါဘဲ။
(ရှင်မဿဲ၁:၁၈ယေရှုခရစ်သည် ဖွားမြင်ခြင်းကိုခံတော်မူသော အကြောင်းအရာဟူမူကား၊ မယ်တော်မာရိသည် ယောသပ်နှင့် ထိမ်းမြားဆောင်နှင်း၍ မယှက်တင်မီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။ )
၃။ကောင်းကင်တမန်မှသတင်းကောင်းဝေငှခြင်း
ကလေးတစ်ယောက်မွေးလာတာကိုကောင်းကင်ကတမန်တော်တွေဆင်းလာပြီး၊ဒီသတင်းကိုလူတွေဆီလိုက်ပြောတဲ့အထိဆိုတာ အတိတ်မှာမရှိသလိုနောက်နောင်လဲရှိလာမှာမဟုတ်တော့ပါဘူး။ယေရှုခရစ်ဖွားမြင်လာခြင်းကိုကောင်းကင်တမန်တွေဆင်းလာပြီးသတင်းလွင့်ခဲ့ကြတာဟာတကယ့်အံ့ဩဖွယ်ပါဘဲ။
(ရှင်လုကာ၂:၁၀-၁၁ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလိုငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ။)
၄။ကောင်းကင်ကြယ်ကြီးပေါ်ထွန်းပြီးအချက်ပြခြင်း
ယေရှုမွေးဖွားတဲ့အချိန်၊တကြိမ်တခါမျှမပေါ်ထွန်းခဲ့ဖူးတဲ့ကြီးမားတဲ့ကြယ်တစ်လုံးဟာ၊အရှေ့ပြည်ကနတ်ခတ်ပညာရှိတွေကိုတကူးတကအချက်လာပြခြင်းဟာလဲတကယ့်အံ့ဩဖွယ်ပါဘဲ။
(ရှင်မဿဲ၂:၁-၂ယုဒပြည်ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည် ဖွားမြင်ခြင်းကိုခံတော်မူပြီးမှ၊ မာဂုပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်။ယခု ဖွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ ရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို ငါတို့ မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှာ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ၏။)
၅။ဘုရားသခင်မှလူ့ဇာတိလာခံခြင်း
ဘုရားသခင်ကိုယ်တိုင်လူ့ဇာတိလာခံပြီးလူလာလုပ်ခြင်းကိုယ်၌ကတကယ့်အံ့ဩဖွယ်တခုပါ။
(ရှင်ယောဟန်၁:၁၊၁၄အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။…နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။)
၆။ကျင့်စရာမလိုဘဲယုံကြည်ရုံနှင့်ကယ်တင်ခြင်းရခြင်း
လူ့ဇာတိလာခဲတဲ့ဘုရားသခင်ဟာအပြစ်နွံမှာနစ်နေတဲ့လူသားအားလုံးကိုယ်စားအသက်ပေးပြီးကယ်တင်ခဲ့ပါတယ်။ဒါကိုနားလည်ပြီးဝန်ခံယုံကြည်လိုက်ရုံနဲ့မုချကယ်တင်ခြင်းခံရမှာပါ။ဘာမှကြိုတင်တရားကျင့်စရာမလိုဘဲယုံကြည်ဝန်ခံရုံနဲ့ကယ်တင်ခြင်းရတယ်ဆိုတာဟာလဲတကယ့်အံ့ဩဖွယ်ရာပါဘဲ။
(ဧဖက်၂:၈-၁၀ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။)
နိဂုံး
ခရစ္စမတ်ရဲ့အံ့ဩဖွယ်(၆)ချက်က တော့
၁။နှစ်ထောင်ချီကတည်းကပရောဖက်ပြုထားခြင်း
၂။အပျိုကညာမှပဋိသန္ဓေတည်ခြင်း
၃။ကောင်းကင်တမန်မှသတင်းကောင်းဝေငှခြင်း
၄။ကောင်းကင်ကြယ်ကြီးပေါ်ထွန်းပြီးအချက်ပြခြင်း
၅။ဘုရားသခင်မှလူ့ဇာတိလာခံခြင်း
၆။ကျင့်စရာမလိုဘဲယုံကြည်ရုံနှင့်ကယ်တင်ခြင်းရခြင်း
ဖြစ်ပါတယ်။