ယုံကြည်သူအမျိုးသမီးများ၏ဝိညာဉ်ရေးရာစံနမူနာ
နိဒါန်း
မတ်လ(၈)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် အမျိုးသမီးထုတစ်ရပ်လုံးကို ဂုဏ်ပြုသောအားဖြင့် သမ္မာကျမ်းစာလာ စံနမူနာပြုထိုက်သည့် အမျိုးသမီး (၅) ဦး၏ ဝိညာဉ်ရေးရာ အရည်အချင်းများကို ဖော်ပြခွန်အားပေးလိုက်ပါသည်။
၁။နှုတ်ကပတ်တော်ကိုဆာငတ်တောင့်တသောမာရိ
(လုကာခရစ်ဝင် ၁၀:၃၈-၄၂ယေရှုက၊ မာသ၊ မာသ၊ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်၍ နှောင့်ယှက်ခြင်းကို ခံရ၏။ လိုသောအရာတစ်ခုတည်း ရှိ၏။မာရိမူကား၊ ကောင်းသောအဖို့ကို ရွေးယူပြီ။ ထိုအဖို့ကို အဘယ်သူမျှ မနုတ်မယူရာဟု မိန့်တော်မူ၏။)
မာရိသည် လောကီအမှုကိစ္စများထက် သခင်ယေရှု၏ခြေတော်ရင်း၌ ထိုင်၍ နှုတ်ကပတ်တော်ကို နားထောင်ခြင်းကို ပိုမိုတန်ဖိုးထားခဲ့သူဖြစ်သည်။
သင်ခန်းစာ: ကျွန်ုပ်တို့၏ အလုပ်ရှုပ်လှသော နေ့စဉ်ဘဝထဲတွင် ဘုရားသခင်၏ စကားတော်ကို နားထောင်ခြင်းသည် “အကောင်းဆုံးသော အဖို့” ဖြစ်ကြောင်း သတိပြုရပါမည်။
၂။နောင်တရ၍သက်သေခံသောရှမာရိအမျိုးသမီး
(ယောဟန်ခရစ်ဝင် ၄: ၃၉ ရှမာရိမိန်းမက၊ အကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကို သူသည်ထုတ်ဖော်ပြီဟု သက်သေခံသော စကားကြောင့်၊ ထိုမြို့၌နေသော ရှမာရိလူအများတို့သည် ယေရှုကိုယုံကြည်ကြ၏။)
မိမိ၏ အတိတ်က အမှားများကို ဝန်ခံနောင်တရပြီးနောက်၊ သူမသည် မြို့ထဲသို့ ပြေးဝင်ကာ သခင်ယေရှုအကြောင်းကို ရဲရဲဝံ့ဝံ့ သက်သေခံခဲ့သည်။
သင်ခန်းစာ: ဘုရားသခင်သည် ကျွန်ုပ်တို့၏ အတိတ်ထက် ယခုနောင်တရခြင်းနှင့် ကိုယ်တော်ကို သက်သေခံလိုသော စိတ်နှလုံးကို ပိုမိုနှစ်သက်တော်မူသည်။
၃။ နှိမ့်ချစွာ ယုံကြည်သော ခါနန်အမျိုးသမီး
(မဿဲခရစ်ဝင် ၁၅:၂၆-၂၈ကိုယ်တော်က၊ သား၏အစာကိုယူ၍ ခွေးအားမပေးမချအပ်ဟု ပြန်ပြောတော်မူ၏။မိန်းမကလည်း မှန်ပါ၏သခင်၊ ခွေးမည်သည်ကား မိမိသခင်၏ စားပွဲမှကျသောစားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု လျှောက်ပြန်လျှင်၊အို မိန်းမ၊ သင်သည် ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏သမီးသည် ကျန်းမာပကတိဖြစ်လေ၏။)
တစ်ပါးအမျိုးသမီးဖြစ်သော်လည်း သခင်ယေရှု၏ စမ်းသပ်မှုကို နှိမ့်ချစွာဖြင့် ကျော်ဖြတ်ခဲ့သည်။ သူမသည် ဘုရားသခင်၏ ကရုဏာတော်ကိုသာ အားကိုးခဲ့သူဖြစ်သည်။
သင်ခန်းစာ: မည်မျှပင် ခက်ခဲသော အခြေအနေဖြစ်ပါစေ၊ နှိမ့်ချသောစိတ်နှင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အကြွင်းမဲ့ ကိုးစားသူသည် ကောင်းကြီးကို ခံစားရမည်ဖြစ်သည်။
၄။ ခိုင်မာသော ယုံကြည်ခြင်းရှိသည့် သွေးသွန်သောအမျိုးသမီး
(မာကုခရစ်ဝင် ၅:၂၇-၂၉၊ ၃၄“ထိုမိန်းမသည် ယေရှု၏သိတင်းကိုကြားလျှင်၊ လူစုထဲ၌ နောက်တော်သို့လာ၍ အဝတ်တော်ကို တို့လေ၏။ အကြောင်းမူကား ‘ငါသည် အဝတ်တော်ကိုသာ တို့ရလျှင် ဘေးလွတ်မည်’ ဟု စိတ်ထဲ၌ ထင်မှတ်သောကြောင့် ဖြစ်၏။ ထိုခဏ၌ပင် သွေးသွန်သော အကြောင်းရင်းသည် ခန်းခြောက်၍ ရောဂါပျောက်ကင်းကြောင်းကို မိမိကိုယ်၌ သိလေ၏။ … ကိုယ်တော်ကလည်း ‘ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်ပြီ။ ငြိမ်ဝပ်စွာသွားလော့။ သင်၏ရောဂါနှင့် ကင်းလွတ်စေ’ ဟု မိန့်တော်မူ၏။”)
“အဝတ်တော်ကို တို့ရုံမျှဖြင့် ငါသည် ဘေးလွတ်မည်” ဟု အပြတ်အသတ် ယုံကြည်ခဲ့သူဖြစ်သည်။ သူမ၏ ယုံကြည်ခြင်းသည် နှစ်ပေါင်းများစွာ ခံစားခဲ့ရသော ဝေဒနာကို အဆုံးသတ်စေခဲ့သည်။
သင်ခန်းစာ: ဘုရားသခင်၏ တန်ခိုးတော်အပေါ် ထားရှိသော ခိုင်မာသော ယုံကြည်ခြင်းသည် အံ့သြဖွယ်ရာ အနာငြိမ်းခြင်းနှင့် ကယ်တင်ခြင်းကို ဆောင်ကြဉ်းပေးပါသည်။
၅။ သတိဝီရိယရှိသော ပညာရှိသတို့သမီး (၅) ဦး
(မဿဲခရစ်ဝင် ၂၅:၁-၄၊ ၁၀“ထိုအခါ ကောင်းကင်နိုင်ငံတော်သည် မီးခွက်ကိုကိုင်၍ သတို့သားကို ခရီးဦးကြိုဆိုအံ့သောငှာ ထွက်သွားသော သတို့သမီး တစ်ဆယ်နှင့်တူ၏။ ထိုသူတို့တွင် ငါးယောက်မူကား ပညာရှိကြ၏၊ ငါးယောက်မူကား မိုက်ကြ၏။ မိုက်သောသူတို့သည် မီးခွက်ကိုသာယူ၍ ဆီကိုမယူကြ။ ပညာရှိသောသူတို့မူကား မိမိတို့မီးခွက်နှင့်တူ ဆီဘူးကိုလည်း ယူကြ၏။ … ထိုသူတို့သည် ဝယ်သွားစဉ်တွင် သတို့သားသည် ရောက်လာ၍၊ အသင့်ရှိသော သတို့သမီးတို့သည် သတို့သားနှင့်အတူ မင်္ဂလာဆောင်ပွဲသို့ ဝင်ကြသဖြင့် တံခါးကို ပိတ်လေ၏။”)
၎င်းတို့သည် မီးခွက်သာမက ဆီကိုပါ အပိုပြင်ဆင်ထားသဖြင့် သတို့သား ရောက်လာချိန်တွင် အသင့်ဖြစ်နေခဲ့ကြသည်။
သင်ခန်းစာ: သခင်ဘုရား ပြန်လည်ကြွလာမည့်အချိန်အတွက် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာမီးခွက်များ၌ ဆီ (သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြင်ဆင်ခြင်း) အမြဲရှိနေရန် လိုအပ်ပါသည်။
နိဂုံး
ယနေ့ခေတ် အမျိုးသမီးများသည် မာရိကဲ့သို့ နှုတ်ကပတ်တော်ကို မြတ်နိုးခြင်း၊ ရှမာရိအမျိုးသမီးကဲ့သို့ သက်သေခံခြင်း၊ ခါနန်အမျိုးသမီးကဲ့သို့ နှိမ့်ချခြင်း၊ သွေးသွန်သောအမျိုးသမီးကဲ့သို့ ယုံကြည်ခြင်း နှင့် ပညာရှိသတို့သမီးများကဲ့သို့ ပြင်ဆင်စောင့်မျှော်ခြင်း တို့ဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသော သူများဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် အမျိုးသမီးအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
မူရင်း-Ye Ming