ယုံကြည်သူဖခင်ကောင်း
Ye Ming(ပတ္တမြားမြေ)
နိဒါန်း
လူတိုင်းဖခင်မဟုတ်ကြသလို၊ဖခင်ဖြစ်နေတဲ့သူတိုင်းလဲဖခင်ကောင်းတယောက်ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်၊ဒါပေမဲ့ဘုရားသခင်ကတော့ဖခင်တိုင်းကိုဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့အလိုတော်ရှိမှာပါ။သမ္မာကျမ်းစာကိုလေ့လာတဲ့အခါယုံကြည်သူခရစ်ယာန်ဖခင်ကောင်းတွေမှာရှိတဲ့အချက်သုံးချက်ကိုတွေ့နိုင်ပါတယ်။ဒီအချက်သုံးချက်အားဖြင့်ယနေ့ယုံကြည်သူခရစ်ယာန်တွေဖြစ်တဲ့ဖခင်များအတွက်စံနမူနာတည်ဆောက်စရာဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်။
၁။ဘုရားသခင်နှင့်အတူသွားလာသောဖခင်
လူတိုင်းလူတိုင်းမပြည့်စုံကြပါဘူး၊ထို့အတူဖခင်တွေဟာလဲလူတွေဖြစ်တဲ့အတွက်အားနည်းချက်တွေရှိကောင်းရှိပါလိမ့်မယ်။ဒါပေမဲ့ဘုရားသခင်နဲ့အတူသွားလာတတ်တဲ့ဖခင်မျိုးဟာဒီလိုအားနည်းချက်တွေနဲ့ကင်းစင်ပြီးအကောင်းဆုံးသောဖခင်တဦးဖြစ်နိုင်ပါတယ်။သမ္မာကျမ်းစာထဲမှာဘုရားသခင်နဲ့အတူသွားလာတဲ့ဖခင်နှစ်ဦးကိုတွေ့ရပါတယ်။သူတို့တွေကတော့ဧနောက်နဲ့နောဧဘဲဖြစ်ပါတယ်။ကမ္ဘာဦးကျမ်း၅:၂၂ထဲဘယ်လိုပြောထားသလဲဆိုရင်”မသုရှလဖွားမြင်သောနောက် ဧနောက်သည် အနှစ်သုံးရာပတ်လုံးဘုရားသခင်နှင့်အတူသွားလာ၍သားသမီးများကိုမြင်လေ၏။”…လို့ဆိုပါတယ်။ချစ်သောညီကိုမောင်နှမတို့ဒီကျမ်းချက်ထဲမှာအထူးသတိပြုရမဲ့နေရာကတော့ဘုရားသခင်နဲ့အတူသွားလာပြီးသားသမီးမွေးဖွားတယ်ဆိုတာပါဘဲ၊တနည်းအားဖြင့်ဘုရားသခင်နဲ့အတူသွားလာခြင်းဟာမိသားစုကိုပစ်ပယ်ပြီးတိတ်ဆိတ်တဲ့နေရာသွားတရားကျင့်တာမျိုးမဟုတ်ကြောင်းပေါ်လွင်ပါတယ်။မိမိအလုပ်ထဲမှာဘုရားသခင်နဲ့အတူသွားလာတတ်ခြင်းဖြစ်ပါတယ်။ဘုရားသခင်နဲ့အတူသွားလာတတ်ခြင်းဆိုတာနှလုံးသားထဲအမြဲဘုရားရှိပြီးအချိန်မရွှေးဘုရားနဲ့တရားနဲ့အသက်ရှင်နေထိုင်သောလူဖြစ်ပါတယ်။ထို့အတူကမ္ဘာဦးကျမ်း ၆:၉မှာလဲ”နောဧသည် ဖြောင့်မတ်သောသူ၊မိမိအမျိုး၌စုံလင်သောသူဖြစ်၏။ဘုရားသခင်နှင့်အတူသွားလာ၏။”လို့ဖော်ပြထားပါတယ်။နောဧကိုဘုရားသခင်မရွှေးကောက်ခင်ကတည်းကသူဟာဖြောင့်မတ်ပြီးဘုရားသခင်နဲ့အတူသွားလာသောသူဖြစ်ကြောင်းကျမ်းစာကဖော်ပြထားပါတယ်။
ချစ်သောယုံကြည်သူဖခင်တို့၊ယနေ့ဘုရားသခင်ဖြစ်စေချင်တဲ့ဖခင်ကောင်းတဦးဟာဘုရားသခင်နဲ့အတူသွားလာတတ်သောသူဘဲဖြစ်ပါတယ်။အလုပ်များတယ်မအားဘူးလို့မပြောပါနဲ့၊ဧနောက်နဲ့နောဧကိုကြည့်ခြင်းအားဖြင့်အလုပ်နဲ့ယုံကြည်ခြင်းဟာတလမ်းထဲလုပ်ရမှာဖြစ်ကြောင်းနားလည်ရပါတယ်။ယနေ့အလုပ်များတယ်ဆိုတဲ့ဖခင်များအလုပ်လုပ်ရင်းလဲဘုရားသခင်နှင့်အတူသွားလာလို့ရပါတယ်၊အလုပ်ထဲမှာခရစ်ယာန်ကောင်းပီသစွာအသက်ရှင်ပြီးပုံသက်သေဖြစ်စေပါ၊အမြဲတမ်းသမ္မာတရားနဲ့နေပါ၊ဘုရားကိုဦးထိပ်ထားပါ၊ကောင်းသောဖခင်တဦးဖြစ်ဖို့ဘုရားသခင်နဲ့အတူသွားလာတတ်သောသူများဖြစ်ပါစေ။
၂။သားသမီးအတွက်ဆုတောင်းသောဖခင်
များသောအားဖြင့်အဖေလုပ်တဲ့သူတွေဟာမိသားစုနဲ့အဝေးတနေရာမှာအလုပ်လုပ်နေကြတာများပါတယ်၊မိသားစုစားဝတ်နေရေးအတွက်သားသမီးနဲ့အမြဲနေခွင့်မရကြဘဲလောကဓံမှာရုန်းကန်နေရကြပါတယ်။ဒီလိုသားသမီးတွေနဲ့ဝေးနေတဲ့အခါဖခင်တိုင်းကနူတ်ကမပြောပေမဲ့၊စိတ်ထဲမှာတော့သားသမီးကိုအမြဲတမ်းသတိယစိတ်ပူပေးနေမြဲပါ။ငါ့သားသမီးပညာရေး၊ကျန်းမာရေး၊ဟိုဟာဒီဟာ…စသဖြင့်စိုးရိမ်နေတတ်ကြပါတယ်။ဒီချိန်မျိုးမှာသားသမီးတွေကိုငွေကြေးထောက်ပံ့ပေးတာကလွဲလို့ဖခင်များသားသမီးကိုလုပ်ပေးနိုင်တဲ့အကောင်းဆုံးအရာတခုကသူတို့အတွက်ဆုတောင်းပေးခြင်းဘဲဖြစ်ပါတယ်။ဖခင်တယောက်ရဲ့ဆုတောင်းခြင်းဟာသားသမီးပေါ်ဂယက်ရိုက်နိုင်ပါတယ်။
သမ္မာကျမ်းစာထဲမှာလဲမိမိသားသမီးကိုဆုတောင်းပေးတဲ့ဖခင်နှစ်ဦးရှိပါတယ်။ပထမတဦးကတော့ရှင်မာကုခရစ်ဝင်၅:၂၂ထဲကယာဣရုအမည်ရှိတဲ့ဖခင်တဦးပါ၊သူဟာယေရှုခရစ်တော်ခြေရင်းမှာပြပ်ဝပ်ပြီးသူ့သမီးကိုမသေအောင်ကယ်တင်ပေးဖို့ဆုတောင်းခဲ့တာဖြစ်ပါတယ်။ဝမ်းနည်းစရာကောင်းတာကယေရှုသူ့အိမ်ရောက်တဲ့အခါသူ့သမီးသေဆုံးနေခဲ့ပါပြီ၊ဒါပေမဲ့ဒီဖခင်ရဲ့ဆုတောင်းခြင်းအားဖြင့်ယေရှုခရစ်တော်ဟာသူ့သမီးကိုသေရာကနေရှင်ပြန်ထမြောက်စေခဲ့ပါတယ်။ဟာလေလုယာ။
ကိုယ့်သားသမီးအတွက်ဆုတောင်းပေးတဲ့ဒုတိယဖခင်တဦးကတော့မာကု၉:၁၇ထဲကအမည်မဖော်ပြထားတဲ့လူအုပ်ထဲကဖခင်တဦးဖြစ်ပါတယ်။သူဟာယေရှုခရစ်တော်ဆီလာပြီးနတ်စွဲခံထားရတဲ့သားအတွက်ကုသပေးဖို့ဆုလာတောင်းခဲ့တာဖြစ်ပါတယ်။ယေရှုကပျောက်မယ်လို့ယုံကြည်သလားမေးတဲ့အခါယုံကြည်ပေမဲ့မယုံကြည်နိုင်သေးတဲ့နေရာကိုကိုယ်တော်မစပါလို့မျက်ရည်နဲ့တောင်းပန်တဲ့အခါယေရှုကသူ့သားကိုပျောက်ကင်းလွတ်မြောက်စေခဲ့ပါတယ်။ဒီအဖြစ်ပျက်ထဲကနေယနေ့ယုံကြည်သူဖခင်တွေသင်ခန်းစာနှစ်ခုသင်ယူနိုင်ပါတယ်၊တခုကသားသမီးအတွက်ဆုတောင်းပေးခြင်းဖြစ်ပြီးနောက်တခုကအကယ်၍ယုံကြည်ခြင်းမရှိရင်တောင်ကိုယ်တော်မစပါလို့တောင်းလို့ရခြင်းဘဲဖြစ်ပါတယ်။ဒါကြောင့်ကောင်းသောဖခင်တဦးဖြစ်ဖို့မိမိသားသမီးတွေအတွက်အမြဲဆုတောင်းပေးတတ်သောဖခင်များဖြစ်ကြပါစေ။
၃။သားသမီးကိုဘုရားဆီဆက်ကပ်သောဖခင်
များစွာသောယုံကြည်သူမိဘတွေမှာလုပ်မှားတတ်တဲ့အယူစတစ်မျိုးရှိပါတယ်၊အဲဒါကတော့လိမ္မာတဲ့သားသမီးကိုတော့လောကအရာအတွက်ကြိုးစားခိုင်းပြီး၊စကားနားမထောင်တဲ့၊ဆိုးတဲ့သားသမီးတွေကိုသာဘုရားကိုဆက်ကပ်နေတတ်ကြတာပါ။မိုက်တဲ့လူကိုဘုရားမသုံးဘူးလို့မဆိုလိုပါ၊ဒါပေမဲ့အိမ်ထောင်ဦးစီးဖြစ်တဲ့ဖခင်အနေနဲ့သားသမီးတိုင်းကိုအမွန်မြတ်ဆုံးအလုပ်ဖြစ်တဲ့အမှုတော်ဆောင်ဖြစ်စေဖို့တိုက်တွန်းသင့်ပါတယ်။သားသမီးကိုဘုရားသခင်လက်ထဲဆက်ကပ်တာဟာအလုံခြုံဆုံးနဲ့အမွန်မြတ်ဆုံးသောလုပ်ရပ်တခုဖြစ်ပါတယ်။
သမ္မာကျမ်းစာမှာကိုယ့်သားသမီးကိုဘုရားဆီပေးလှူဆက်ကပ်တဲ့ဖခင်နှစ်ဦးတွေ့ရပါတယ်။အဲဒါကတော့အာဗြံဟံနဲ့ဇေဗေဒဲတို့ဘဲဖြစ်ပါတယ်။ကမ္ဘာဦးကျမ်း၂၂:၁-၁၉ထဲကအာဗြံဟံကိုပြောရရင်အသက်ကြီးမှကလေးတစ်ယောက်ဘဲရထားတာပါ၊ဒီတဦးတည်းသောသားကိုဘုရားသခင်ဆီဆက်ကပ်ဖို့ဆိုတာအလွန်ကြီးမားတဲ့ယုံကြည်ခြင်းရှိမှပါ၊ယနေ့ယုံကြည်သူဖခင်တွေမှာသားတယောက်ဘဲရှိနေရင်ဘုရားကိုဆက်ကပ်ရဲမည်လော?အာဗြံဟံကတော့တကယ်သူ့သားကိုဆက်ကပ်ရဲခဲ့လို့သူ့ကိုယုံကြည်ခြင်းဖခင်အဖြစ်တင်စားခံခဲ့ရပါတယ်။သူ့ရဲ့ဒီဆက်ကပ်မှုလေးအားဖြင့်နောင်ရေးမျိုးဆက်ထွန်းကားပြီးနိုင်ငံကြီးတခုဖြစ်လာခဲ့တဲ့အထိကောင်းကြီးသက်ရောက်ခဲ့ပါတယ်။ထို့အတူရှင်မဿဲခရစ်ဝင်၄:၂၁ထဲကယာကုပ်နဲ့ယောဟန်ရဲ့ဖခင်ဇေဗေဒဲဟာလဲသားနှစ်ယောက်ကိုယေရှုနောက်လိုက်ဖို့ဖိတ်ခေါ်ခံရတဲ့အခါဘာမှမငြင်းခဲ့ဘဲဆက်ကပ်ခဲ့ပါတယ်။ဒါကြောင့်ယနေ့ယုံကြည်သူဖခင်များအနေနဲ့မိမိသားသမီးတွေကိုဘုရားသခင်ဆီဆက်ကပ်တတ်ဖို့အင်မတန်အရေးကြီးလှပါတယ်။ကိုယ့်သားသမီးရဲ့ရှေ့ရေးနဲ့ထာဝရအရေးလုံခြုံစိတ်ချဖို့ဘုရားသခင်ဆီဆက်ကပ်အပ်နှံတတ်သောခရစ်ယာန်ဖခင်ကောင်းများဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
နိဂုံး
ဒီနေ့အတူတကွလေ့လာခွန်အားယူခဲ့တဲ့နူတ်ကပတ်တော်ကတော့ခရစ်ယာန်ဖခင်ကောင်းဖြစ်ဖို့အချက်၃ချက်ဘဲဖြစ်ပါတယ်။ပထမအနေနဲ့ယုံကြည်သူခရစ်ယာန်ဖခင်ကောင်းတယောက်ဟာဘုရားသခင်နှင့်အတူသွားလာတတ်သောသူဖြစ်ပါတယ်၊ဒုတိယအချက်ကသားသမီးတွေနဲ့နီးနေပါစေဝေးနေပါစေသူတို့အတွက်အမြဲဆုတောင်းပေးတတ်သောသူပါ၊နောက်ဆုံးတချက်ကတော့မိမိသားသမီးကိုဘုရားဆီဆက်ကပ်တတ်သောဖခင်ဘဲဖြစ်ပါတယ်။ယနေ့နူတ်ကပတ်တော်ကိုကြားနာခဲ့တဲ့ဖခင်များအားလုံးခရစ်တော်၌ယုံကြည်သူဖခင်ကောင်းများဖြစ်ကြပါစေလို့ဆုတောင်းခွန်အားပေးလိုက်ရပါတယ်။နူတ်ကပတ်တော်ကိုဤမျှလောက်နဲ့နိဂုံးချုပ်ပါရစေ၊ဖတ်ရှုသူအယောက်ဆီတိုင်းအပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။
Ye Ming(ပတ္တမြားမြေ)