• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ခရစ်စမတ်နှင့်လွဲချော်ခဲ့သူ(၃)မျိုး

ဆရာရဲမင်း

10 月 10, 2024

ခရစ်စမတ်နှင့်လွဲချော်ခဲ့သူ(၃)မျိုး
(လု ၂:၇၊ မဿဲ ၂: ၁-၈)

နိဒါန်း
တခါတုန်းကဘုရားကျောင်းကြီးတခုမှာခရစ္စမတ်ပွဲကြီးကျင်းပနေကြပါသတဲ့။ဘုရားကျောင်းပြင်ပထောင့်လေးတနေရာမှာတော့အဝတ်နွမ်းနွမ်းလူတယောက်အအေးဒဏ်ကိုအံတုပြီးလျှောက်သွားလျှောက်လာလုပ်နေပါတယ်၊ဒါပေမဲ့အအေးဒဏ်ကအေးလွန်းတာကြောင့်နောက်ဆုံးမခံနိုင်တော့ဘဲခွေကျသွားပါတော့တယ်။လူတယောက်ဘေးနားလျှောက်လာပြီးသူ့ကိုထူမပေးသည်၊ပြီတော့မေးသည်၊”ဘာလို့ဘုရားကျောင်းထဲမဝင်တာလဲ?”အဝတ်နွမ်းနဲ့လူကအားစိုက်ပြီးပြန်ဖြေတယ်”ကျွန်တော့အဝတ်ကတအားစုပ်ပျက်နေလို့သူတို့တွေပေးမဝင်ကြဘူး။”ဖြေပြီးတာနဲ့အနွေးဓာတ်ကိုခံစားရပြီးခွန်အားပြန်ရလာလို့မော့ကြည့်လိုက်တော့…မျက်နာမှာအလင်းတန်းဝတ်ရုံအဖြူရောင်နှင့်လူဖြစ်နေတယ်လေ…ဒါ….သခင်….ယေရှု….ပြောရင်းဆိုရင်းဒူးထောက်လိုက်သည်။ပြီးတော့နားမလည်စွာနှင့်တုန်ရင်နေသောအသံဖြင့်မေးလိုက်သည်။”သခင်၊ဘာလို့ဒီမှာနေနေတာလဲ?ကိုယ်တော်ကဘုရားကျောင်းကလူအုပ်ကြီးဆီမှာရောက်နေရမှာမဟုတ်လား?”သခင်ယေရှု“ငါ့အတွက်နေရာမရှိတော့လို့သူတိုလည်းငါ့ကိုမဝင်ခိုင်းဘူး။ဒီနေ့မင်းဒီနေရာမှာမရှိရင်ငါလည်းလာစရာအကြောင်းမရှိပါဘူးလေ၊ခုပြန်လိုက်ပါတော့ငါမင်းနဲ့ထာဝရအတူရှိမှာပါ။”
ချစ်သောညီကိုမောင်နှမတို့၊များစွာသောခရစ်ယာန်တွေအတွက်ခရစ်စမတ်ဟာအလှပြင်Decorationနဲ့အလုပ်ရှုပ်ထွေးနေပြီးခရစ်တော်ကိုနေရာမပေးနိုင်ကြတော့ပါ။ခရစ္စမတ်တော့လုပ်နေကြပြီးခရစ်တော်ပျောက်နေပါပြီ။ဒါကိုခရစ္စမတ်နဲ့လွဲချော်နေသူများလို့ပြောချင်ပါတယ်။တကယ်တော့ယနေ့ခေတ်မှာမှလွဲချော်မှုရှိခဲ့တာတော့မဟုတ်ပါဘူး၊သမ္မာကျမ်းစာကိုလေ့လာလိုက်တဲ့အ ခါခရစ္စမတ်နဲ့လွဲချော်ခဲ့သူအနည်းဆုံးလူသုံးမျိုးကိုတွေ့ရပါတယ်။

၁။ဧည့်ခန်းပိုင်ရှင် (လုကာ၂: ၇)
ကျမ်းစာရှင်လုကာခရစ်ဝင်၂:၇မှာ”သားဦးကိုဘွားမြင်၍အဝတ်နှင့်ပတ်ရစ်ပြီးမှ၊ဧည့်သည်တည်းရာစရပ်၌သူတို့နေစရာမရှိသောကြောင့်၊သူငယ်ကိုနွားစာခွက်၌သိပ်ထားလေ၏။”လို့ဆိုပါတယ်။ဒီကျမ်းချက်ရဲ့ရှေ့နောက်ကိုသေချာဖတ်ကြည့်ခြင်းအားဖြင့်သမ္မာကျမ်းစာထဲမှာခရစ်စမတ်နဲ့ပထမဆုံးလွဲချော်ခဲ့သူဟာဧည့်ခန်းပိုင်ရှင်ဘဲဖြစ်ပါတယ်။သူ့ဆီလာတည်းတဲ့ယောသပ်နှင့်မာရိကိုနေစရာမရှိတော့လို့နေစရာမပေးနိုင်ခဲ့သူပါ။ကိုယ်ဝန်အရင့်မာကြီးနဲ့လင်မယားကိုအရေးကြီးနေရာတခုရှာပေးခဲ့ခြင်းသို့မဟုတ်အကူညီပေးခဲ့ခြင်းမျိုးလဲကျမ်းစာမှာမတွေ့ရပါ။နောက်ဆုံးမြင်းသေးနွားသေးနဲ့၊မြင်းမစင်နွားမစင်တွေအလွန်နံစော်နေတဲ့တဲလေးထဲမှာဘဲအရေးကြီးမီးဖွားခဲ့ရပါတယ်။အဲဒီချိန်ဟာကဲသာဘုရင်အမိန့်နဲ့တစ်နိုင်ငံလုံးနာမည်စာရင်းယူတဲ့အချိန်မို့လူတိုင်းလိုလိုအလုပ်ရှုပ်နေကြတာပါ၊မည်သူမဆိုသူ့အလုပ်နဲ့သူများနေကြလို့(အထူးသဖြင့်တည်းခိုခန်းပိုင်ရှင်)ယောသပ်နဲ့မာရိကိုကူညီဖို့အချိန်မပေးနိုင်ခဲ့တာဖြစ်ပါမယ်။
ဒီလိုနဲ့ဘဲအခွင့်ရပေမယ့်ခရစ္စမတ်နဲ့လွဲချော်ခဲ့သူကတော့ဧည့်ခန်းပိုင်ရှင်သာဖြစ်ပါတယ်။
ချစ်သောညီအစ်ကိုမောင်နှမတို့၊ငါသာဧည့်ခန်းပိုင်ရှင်ဆိုရင်မလွဲချော်စေရဘူးလို့တွေးနေကြပါသလား?တကယ်လက်တွေ့ကျကျသုံးသပ်မယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀၀ကျော်ကတည်းခိုခန်းပိုင်ရှင်ရဲ့လွဲချော်မှုဟာယနေ့
သင်နဲ့ကျွန်ုပ်တို့ရဲ့အခြေနေလဲဖြစ်နိုင်ပါတယ်။တည်းခိုခန်းပိုင်ရှင်ရဲ့ခရစ္စမတ်နဲ့လွဲချော်ခဲ့တဲ့အဓိကပြသနာဟာအလုပ်များပြီးမအားနိုင်ခြင်းပါ။ဆိုတော့ယနေ့သင်နဲ့ကျွန်ုပ်တို့မှာလဲခရစ္စမတ်ရောက်တိုင်းအလုပ်များခြင်းနှစ်မျိုးရှိနေတတ်ကြပါတယ်။ပထမတမျိုးကစားဝတ်နေရေးကြောင့်ခရစ္စမတ်ရောက်ရင်လဲမအားနိုင်မနားနိုင်ဖြစ်နေကြရခြင်းပါ။ကျွန်တော်တို့နှလုံးသားထဲမှာလောကအရာတွေကိုသာအလေးပေးပြီးငွေကြေးဥစ္စာနောက်လိုက်နေလို့ခရစ္စမတ်ကိုအလေးမထားနိုင်ကြတာပါ။တချိန်တုန်းကတည်းခိုခန်းပိုင်ရှင်လိုပေါ့၊ငွေဝင်ဖို့အရေးဧည့်သည်တွေနဲ့အလုပ်ရှုပ်ရင်းမွေးဖွားလာမယ့်ကယ်တင်ရှင်အကြောင်းမသိဘဲလွဲချော်ခဲ့ရသလိုပါ။ခရစ္စမတ်ရောက်တိုင်းအလုပ်များခြင်းဒုတိယတမျိုးကယုံကြည်သူတွေမသိမသာဖြစ်နေတတ်တဲ့ပွဲတော်အတွက်အလုပ်များခြင်းပါ။ခရစ္စမတ်ရောက်ပြီဟေ့ဆိုတာနဲ့စတင်ပြင်ဆင်လာရပါပြီ၊အိမ်သန့်ရှင်းရေးနဲ့အလှဆင်ရေး၊ဘုရားကျောင်းမှာဆိုပိုအလုပ်ရှုပ်၊ကလေး၊လူငယ်၊လူကြီး၊လူအိုအလွှာအသီးသီးကမိသာဟာယအဖွဲ့ကိုယ်စီကိုယ်စီစတင်အလုပ်များလာကြပြီ၊အစားအသောက်၊ကယ်ရို၊သီချင်းကျင့်၊ဧဝံဂေလိပွဲ၊အလှူငွေကိစ္စ၊အစည်းဝေးထိုင်ဘာညာစသဖြင့်အသင်းတော်တခုလုံးအလုပ်အများဆုံးအချိန်ပါ။တကယ်တော့ဒီအရာတွေအရေးမကြီးဘူးလို့ရယ်တော့မဟုတ်ပါ၊ဒါပေမယ့်ခရစ္စမတ်အချိန်မှာဒီအရာတွေနဲ့သာကျွန်တော်တို့နှလုံးသားထဲနေရာယူပြီးခရစ်တော်ကိုအာရုဏ်မစိုက်နိုင်ဘဲလွဲချော်စေခဲ့ရင်ရင်လေးစရာပါ။တကယ်တမ်းတော့ခရစ်တော်မွေးဖွားလာတာဟာယနေ့ကျွန်တော်တို့နဲ့အတူရှိဖို့ပါ၊ဒါကြောင့်လဲကျမ်းစာထဲမှာဧမာနွေလကျွန်ုပ်တို့နှင့်အတူရှိသောဘုရားလို့ဆိုထားပါတယ်။ဒါပေမယ့်ယနေ့ကျွန်တော်တို့ကခရစ်တော်ကို”ကျွန်တော်ခရစ္စမတ်မှာသခင့်မွေးနေ့ပွဲလုပ်ဖို့အလုပ်အရမ်းများနေလို့ခရစ္စမတ်ပြီးမှလာပါလား”ဆိုတဲ့အခြေနေဖြစ်နေပါပြီ၊သို့မဟုတ်ပထမတမျိုးအလုပ်ရှုပ်ခြင်းလိုစားဝတ်နေရေးအဆင်မပြေသေးလို့အဆင်ပြေပြီးမှသခင်လာပါဆိုသလိုဖြစ်နေပါပြီ။ချစ်သောညီကိုမောင်နှမတို့၊စားဝတ်နေရေးငွေရှာတာနဲ့ခရစ္စမတ်ပွဲပြုလုပ်ဖို့အလုပ်ရှုပ်နေရခြင်းနှစ်မျိုးလုံးဟာမကောင်းဘူးမလုပ်ရလို့ရယ်မဟုတ်ပါဘူး၊ဒါပေမယ့်ဒီအရာတွေကြောင့်ခရစ်တော်ကိုနှလုံးသားထဲမှာနေရာပေးဖို့မရှိဘဲဖြစ်နေခဲ့ရင်သင်နဲ့ကျွန်ုပ်ဟာလဲတချိန်တုန်းကတည်းခိုခန်းပိုင်ရှင်နဲ့အတူတူပါဘဲ။ခရစ္စမတ်နဲ့ကြုံခွင့်ရခဲ့ပေမယ့်နှလုံးသားထဲခရစ်တော်အတွက်နေရာပေးဖို့မရှိမဖြစ်မိစေဖို့ဆင်ခြင်ရင်း၊ကျွန်တော်တို့နှလုံးသားထဲခရစ်တော်ကိုနေရာပေးကြပါစို့။

၂။ဟေရုဒ်မင်း (မဿဲ၂:၁-၃၊၇-၈)
ခရစ်စမတ်နဲ့လွဲချော်ခဲ့သူနောက်တစ်ဦးကတော့ဟေရုပ်မင်းဖြစ်ပါတယ်။ကျမ်းစာရှင်မဿဲခရစ်ဝင်၂:၁-၃မှာ”ယုဒပြည်ဗက်လင်မြို့၌ဟေရုဒ်မင်းကြီးလက်ထက်၊ယေရှုသည်ဘွားမြင်ခြင်းကိုခံတော်မူပြီးမှ၊မာဂုပညာရှိတို့သည်အရှေ့ပြည်ကယေရုရှလင်မြို့သို့ရောက်လာကြလျှင်။ယခုဘွားမြင်သောယုဒရှင်ဘုရင်သည်၊အဘယ်မှာရှိတော်မူသနည်း။အရှေ့ပြည်၌သူ၏ကြယ်ကိုငါတို့မြင်ရသည်ဖြစ်၍ဖူးတွေ့ပူဇော်ခြင်းငှါရောက်လာပြီဟုမေးမြန်းပြောဆိုကြ၏။ထိုစကားကို
ကြားလျှင်ဟေရုဒ်မင်းကြီးသည်ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့နှင့်တကွစိတ်ပူပန်ခြင်းသို့ရောက်သဖြင့်၊”လို့ဆိုထားပါတယ်။ဟေရုပ်မင်းကသူငယ်တော်ယေရှုမွေးဖွားတာကိုနဂိုကမသိဘဲမာဂုပညာရှိတွေလာမေးမှသိခဲ့ရတာပါ။ဘုရင်တပါးမွေးလာကြောင်းသိလိုက်တာနဲ့နားထင်ထဲမိုးကြိုးပစ်ခံရသလိုထိတ်လန့်မိပါတော့တယ်၊အကြောင်းကသူဟာအဲဒီနေရာမှာဘုရင်လုပ်နေလို့ပါ၊သူ့သမိုင်းကြောင်းကိုအခြားစာအုပ်တချို့မှာလေ့လာကြည့်တဲ့အခါသူဘုရင်လုပ်ရဖို့အတော်ပေးဆပ်ခဲ့ရတယ်ဆိုပါတယ်။ဆိုတော့ပေးဆပ်မှုကြိုးစားမှုတွေအများကြီးရင်းပြီးဘုရင်နေရာလေးရလာပြီငြိမ်လာပြီဆိုကာမှအခုဘုရင်လုပ်မယ့်သူတစ်ယောက်ဖွားမြင်လာပြီဆိုတဲ့သတင်းကြားရတော့သူ့ဘုရင်နေရာပျောက်မှာအင်မတန်စိုးရိမ်ကြောက်ကြမိတာပါ။ဒါကြောင့်ဒီသတင်းကိုသေချာစုံစမ်းမေးမြန်းစေပြီးဒီကလေးကိုလုပ်ကြံသတ်ဖြတ်ဖို့စီစဉ်ပါတော့တယ်။ပထမအစီစဉ်ဖြစ်တဲ့မာဂုပညာရှိကနေကလေးနေရာအတိကျသိဖို့လုပ်တာမအောင်မြင်တဲ့အခါမှာတော့ဒုတိယအစီစဉ်ဖြစ်တဲ့၂နှစ်အောက်ကလေးအကုန်လိုက်သတ်စေပါတော့တယ်။သူငယ်တော်ယေရှုလေးဟာ၁-၂ကြားမှာဖြစ်မယ်လို့ခန့်မှန်းပြီးကလေးပေါင်းထောင်ချီမှားသတ်မိပါစေတစ်ယောက်မှအလွတ်မပေးဖို့အမိန့်ထုတ်ခဲ့ပါတယ်။ဒါတွေအားလုံးဟာဘုရင်နေရာမပေးနိုင်လို့၊အလုခံရမှာစိုးလို့ပုန်ကန်ရင်းနဲ့ခရစ္စမတ်နဲ့လွဲချော်ခဲ့သူဟေရုပ်မင်းဖြစ်ပါတယ်။

ချစ်သောညီအစ်ကိုမောင်နှမများ၊ကျွန်တော်တို့လူတွေရဲ့နှလုံးသားပလ္လင်မှာလဲဘုရင်တပါးကိုယ်စီရှိနေကြပါတယ်။အဲတာဘယ်သူထင်လဲ?”ငါ”ဆိုတဲ့ကိုယ်ပိုင်အုပ်ချုပ်သူဘဲဖြစ်ပါတယ်။ဘဝအသက်ရှင်ခြင်း၊သွားလာလုပ်ရှား
ခြင်းတခုစီတိုင်းမှာစီမံခန့်ခွဲဆုံးဖြတ်နေတာကျွန်တော်တို့မိမိကိုယ်တိုင်ပါ။တနည်းအားဖြင့်သင့်နှလုံးသားထဲကဘုရင်ဟာသင်ကိုယ်တိုင်ပါ။ဆိုတော့သူငယ်တော်ယေရှုမွေးဖွားလာပြီးသင့်နှလုံးသားထဲမှာဘုရင်လာလုပ်မှာပါ၊အစစအရာရာမှာသူ့ခွင့်ပြုချက်နဲ့သာအသက်ရှင်ရတော့မယ်လို့ကြားမိရင်သင်တုန်လှုပ်သွားမလား?စိုးရိမ်သွားမလား?မစိုးရိမ်ပါဘူးလို့တော့လက်လွတ်စပယ်မပြောမိဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ပုံမှန်သင့်အချိန်သင်ခန့်ခွဲခဲ့ပေမယ့်ယေရှုဘုရင်လာလုပ်ရင်သူ့စကား(ကျမ်းစာ)အတိုင်းလိုက်နာရတော့မှာပါ၊သင့်အိမ်ထောင်ရေး၊အချစ်ရေး၊မိသားစုရေး၊နောက်ဆုံးသင့်ငွေကြေးကိစ္စပါသူခန့်ခွဲတာလိုက်နာရမယ်ဆိုရင်ဘယ်လိုနေမလဲ?သင်ထင်သလိုဒီအပိုင်းငါဆုံးဖြတ်မယ်၊ဟိုအပိုင်းကိုတော့ယေရှုဆုံးဖြတ်ပါ၊သို့မဟုတ်ဒီအပိုင်းကလွဲလို့ကျန်တာအကုန်အုပ်စိုးပါလို့တော့မရပါဘူး။အစစအရာရာအကုန်သူ့ကိုအုပ်စိုးခွင့်အပ်ရမှာမို့ပါ။ဒါကြောင့်ဟေရုပ်မင်းကိုဘဲလူဆိုးလို့မထင်ကြပါနဲ့သင်နဲ့ကျွန်ုပ်လဲအလားတူအားနည်းချက်ရှိနေနိုင်ပါတယ်။ချစ်သောမိတ်ဆွေခရစ္စမတ်နဲ့လွဲချော်ခဲ့တဲ့ဟေရုပ်မင်းလိုမဖြစ်ရလေအောင်ယနေ့ယေရှုကိုသင့်နှလုံးသားထဲကဘုရင်နေရာပေးပြီး၊သူ့စကား(ကျမ်းစာ)တိုင်းမသွေမတိမ်းလိုက်လျှောက်ကြပါစို့။

၃။ဘာသာရေးခေါင်းဆောင်များ (မဿဲ၂: ၄-၆)
ခရစ်စမတ်ကိုလွဲချော်ခဲ့တဲ့တတိယမြောက်လူကတော့ဟေရုဒ်မင်းနဲ့အတော်နီးစပ်တဲ့အဖွဲ့ပါ။ဘာကြောင့်လဲဆိုတော့မာဂုပညာရှိတွေကတဆင့်ဘုရင်တပါးမွေးလာပြီဖြစ်ကြောင်းဟေရုပ်ကြားသိသွားတာနဲ့ဒီအဖွဲ့တွေကိုချက်ချင်းခေါ်ပြီးဟုတ်မဟုတ်အတည်ပြုခိုင်းခဲ့တာပါ။ဒီလူတွေကဘယ်သူတွေလဲ?သမ္မာကျမ်းစာမဿဲ၂:၄-၆မှာ”ယဇ်ပုရောဟိတ်အကြီးတို့နှင့်လူတို့တွင်ကျမ်းပြုဆရာရှိသမျှတို့ကိုစုဝေးစေ၍ခရစ်တော်ကိုအဘယ်အရပ်မှာဘွားမြင်လိမ့်မည်နည်းဟုမေးမြန်းတော်မူ၏။ထိုဆရာတို့ကလည်း၊ပရောဖက်တဦးရေးထားသောအချက်ဟူမူကား၊အိုယုဒပြည်ဗက်လင်မြို့၊အစိုးရသောယုဒမြို့တို့တွင်သင်သည်မြို့ငယ်မြို့ယုတ်မဟုတ်။အကြောင်းမူကား၊ငါ၏လူစုဣသရေလအမျိုးကိုအုပ်စိုးရသောသခင်သည်သင်၏အထဲမှာပေါ်ထွန်းလတံ့ဟုကျမ်းလာရှိပါ၏။ထို့ကြောင့်ယုဒပြည်ဗက်လင်မြို့၌ခရစ်တော်ကိုဘွားမြင်ရပါမည်ဟုမင်းကြီးအားပြန်ကြားလျှောက်ထားကြ၏။”လို့ဆိုထားပါတယ်။ယဇ်ပရောဟိတ်အကြီးကဲဆိုတာအုပ်ချုပ်မှုနဲ့ကိုးကွယ်မှုဆိုင်ရာညွန်ကြားရေးပါ။ကျမ်းပြုဆရာကတော့ကျမ်းစာကိုအင်မတန်တတ်ကျွမ်းကြတဲ့ဖာရိရှဲတွေပေါ။ဒီအုပ်စုနှခုလုံးဟာအဲဒီခေတ်ကာလရဲ့ဘာသာရေးခေါင်းဆောင်တွေပါဘဲ။ဆိုတော့ခရစ္စမတ်နဲ့လွဲချော်ခဲ့တဲ့တတိယလူမျိုးဟာဘာသာရေးခေါင်းဆောင်တွေဖြစ်နေတာတွေ့ရပါတယ်။မေရှိယကိုဘယ်မှာမွေးဖွားမယ်ဆိုတာကိုသူတို့နှစ်ဖွဲ့လုံးသိပြီးသားပါ၊ဘာကြောင့်လဲဆိုတော့ဟေရုပ်မင်းသူတို့ကိုမေးတဲ့အခါသူတို့ကချက်ချင်းဆိုသလိုဗက်လင်မြို့ဟာမေရှိယမွေးရပ်မြေဖြစ်တယ်လို့ပရောဖတ်တပါးကြိုဟောထားကြောင်းဖြေကြလို့ပါ။အဲဒီပရောဖတ်တဦးဆိုတာကပရောဖက်မိက္ခာပါ။မိက္ခာအနာဂတ္တိကျမ်း၅:၂မှာ”အိုဗက်လင်ဧဖရတ်မြို့၊အစိုးရသောယုဒမြို့တို့တွင်သင်သည်မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ဣသရေလအမျိုးကိုအုပ်စိုးရသောသခင်သည်ငါ့အဘို့သင်၏အထဲမှာပေါ်ထွန်းလတံ့။ထိုသခင်သည်ရှေးကပ်ကမ္ဘာမှစ၍ပေါ်ထွန်းသောသခင်ဖြစ်၏။”လို့ဆိုထားပါတယ်။ယေရှုမွေးဖွားတဲ့ခေတ်ကာလမှာ၆၆ကျမ်းအပြည့်မရှိသေးပေမယ့်သမ္မာဟောင်းကျမ်းတချို့ကိုတွင်တွင်ကျယ်ကျယ်အသုံးပြုနေပါပြီ။ဒါကြောင့်မေရှိယလာမယ်ဆို
တာကျမ်းဟောင်းကနေသေချာသိနေနိုင်ပါတယ်၊ဒါပေမယ့်ဒီဘာသာရေးခေါင်းဆောင်တွေဟာသိရက်သားနဲ့ကြိုဆိုဖို့မလုပ်ခဲ့ကြပါဘူး၊သူတို့အနေနဲ့ကယ်တင်ရှင်မေရှိယမွေးလာတာသိပေမယ့်ကယ်တင်ရှင်ကိုမလိုအပ်ကြတဲ့သဘောပါ။

ချစ်သောညီကိုမောင်နှမတို့၊ဒီနေ့ခေတ်ကာလမှာလဲအလားတူကယ်တင်ရှင်မလိုအပ်ဘူးလို့ခံယူသူ၂မျိုးရှိနေပါတယ်။ပထမတမျိုးကမိမိကိုကိုယ်ပြည့်စုံနေပြီမို့ယေရှုရဲ့ကယ်တင်ခြင်းကိုမလိုအပ်ဘူးလို့ခံယူတဲ့သာသနာပလူနဲ့၊ဒုတိယတမျိုးကတခါယုံကြည်ပြီးရင်အသက်တာမှာယေရှုကိုထပ်မလိုအပ်တော့ဘူးလို့ခံယူနေကြတဲ့ခရစ်ယာန်ကျမ်းတတ်တချို့ပါ။ယနေ့သင်နဲ့ကျွန်ုပ်လဲကယ်တင်ရှင်ကိုသိလျက်နားလည်ရက်သားနဲ့မလိုအပ်ဘူးဆိုပြီးမဖြစ်မိဖို့လိုအပ်ပါတယ်။မဟုတ်ရင်တချိန်ကဘာသာရေးခေါင်းဆောင်တွေလိုခရစ္စမတ်နဲ့ကြုံခွင့်သိခွင့်ရပေမယ့်ကယ်တင်ရှင်နဲ့လွဲချော်သွားပါလိမ့်မည်။

နိဂုံး
ချစ်သောညီအစ်ကိုမောင်နှမများ၊ဒီနေ့သမ္မာကျမ်းစာထဲမှခရစ္စမတ်နှင့်လွဲချော်ခဲ့သူသုံးမျိုးကနေကျွန်တော်ကျွန်မတို့အားလုံးမိမိကိုယ်ကိုယ်ပြန်လည်သုံးသပ်မိမယ်လို့ယုံကြည်ပါတယ်။ငါကောခရစ္စမတ်နဲ့လွဲချော်နေသူလား?ခရစ်စမတ်တိုင်းမှာအလုပ်အမျိုးမျိုးရှုပ်လို့နေပြီးသင့်နှလုံးသားထဲမှာခရစ်တော်နေဖို့နေရာမရှိဖြစ်နေလား?ခရစ်တော်ကသင့်နှလုံးသားတံခါးကိုခုခေါက်နေတာကြားသိပါ။အမြဲတမ်းကိုယ့်ကိစ္စကိုကိုယ်ဘဲစိတ်ကြိုက်စီမံနေပေမယ့်ခုတော့အာဏာအကုန်ကိုနှလုံးသားထဲအသစ်လာမယ့်ဘုရင်ဖြစ်တဲ့ယေရှုထံအပ်ရမယ်ဆိုတော့စိုးရိမ်ကြောင့်ကြနေပြီလား?
မကြောက်ပါနဲ့မိတ်ဆွေနာခံခြင်းနဲ့အတူခရစ်တော်ကိုသင့်နှလုံးသားဘုရင်နေရာပေးလိုက်ပါ၊အံ့ဩဖွယ်ပြောင်းလဲမှုကိုသင်တွေ့မြင်ရပါလိမ့်မယ်။ကယ်တင်ရှင်ယေရှုခရစ်တော်ကိုငါမလိုအပ်ဘူးလို့သင်ငြင်းပယ်ဥပေက္ခာပြုနေပြီလား?
တကယ်တမ်းတော့သင့်အသက်တာမှာတကယ်လိုအပ်နေတာကယ်တင်ရှင်ယေရှုပါမိတ်ဆွေ။ဒါကြောင့်ဒီနှစ်ခရစ်စမတ်မှာခရစ်တော်နဲ့ကြုံသိခွင့်ရခဲ့ရင်လုံးဝမလွဲချော်မိပါစေနဲ့။ပွဲလုပ်တာကောင်းပါတယ်၊စားဝတ်နေရေးအတွက်ငွေရှာတာကောင်းပါတယ်၊ဒါပေမယ့်ဒီအရာတွေကြောင့်တော့ခရစ္စမတ်နဲ့လွဲချော်သူမဖြစ်ပါစေနဲ့။ခရစ်တော်ကိုလက်ခံနေရာပေးတတ်သောသူများဖြစ်ကြပါစေလို့ဆုတောင်းရင်းနိဂုံးချုပ်လိုက်ပါတယ်။

May God Bless You all