• 周五. 4 月 17th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သမ္မာကျမ်းစာထဲကတရားသူကြီး(၁၆)ဦး

ဆရာရဲမင်း

2 月 13, 2025

သမ္မာကျမ်းစာထဲကတရားသူကြီး(၁၆)ဦး

နိဒါန်း
တချိန်ကဣသရေလလူမျိုးတွေရဲ့ခေါင်းဆောင်မောရှေနဲ့ ယောရှုဆုံးပြီးနောက်ပိုင်း၊ဘုရားသခင်က‌တရားသူကြီးအဖြစ်လူတချို့ကိုရွေးကောက်ပြီးပြည်သူတွေကိုဆက်လက်အုပ်ချုပ်ကာကွယ်စေခဲ့ပါတယ်။ဒီတရားသူကြီးတွေကိုလေ့လာရင်တရားသူကြီးမှတ်စာမှာ(၁၂) ယောက်နဲ့ ၁ရာမှာ(၄)ယောက် ပေါင်း(၁၆)ယောက်လောက်တွေ့ရပါတယ်။သူတို့ရဲ့နာမည်နဲ့ကျမ်းချက်ကိုအကျဥ်းချုပ်ဖော်ပြပေးလိုက်ပါတယ်။

၁။ဩသံယေလ (တရားသူကြီးမှတ်စာ ၃:၇-၁၁)
နှစ်ပေါင်း(၄၀)လောက်ဣသရေလကိုအုပ်ချုပ်ငြိမ်းချမ်းစေခဲ့ပြီး၊ရန်သူ မေသောပေါတာမိ လူမျိုးကိုတိုက်ထုတ်ခဲ့ပါတယ်။ထူးခြားတာကသူဟာကာလတ်ရဲ့တူဖြစ်သလိုသားမတ်လဲဖြစ်ပါတယ်။(တချို့ဘာသာပြန်ဗားရှင်းမှာကာလတ်ရဲ့ညီလို့ဆိုထားပေမဲ့၊၁ရာချုပ်၄:၁၃-၁၅ကိုလေ့လာရင်ကာလတ်ရဲ့တူဖြစ်ကြောင်းနားလည်ရပါတယ်)။

၂။ဧဟုဒ (တရားသူကြီးမှတ်စာ ၃:၁၂-၃၀)
နှစ်ပေါင်း(၈၀)လောက်ဣသရေလကိုအုပ်ချုပ်ငြိမ်းချမ်းစေခဲ့ပြီး၊ရန်သူ မောဘ လူမျိုးကိုတိုက်ထုတ်ခဲ့ပါတယ်။

၃။ရှံဂါ(တရားသူကြီးမှတ်စာ ၃:၃၁)
အုပ်ချုပ်ခဲ့တဲ့နှစ်ကိုမဖော်ပြပါ။ထူးခြားတာက တုတ်ချွန် လေးတခုနဲ့ရန်သူဖိလိတ္တိ လူမျိုး(၆၀၀)ကိုတိုက်ထုတ်ခဲ့ပါတယ်။

၄။ဒေဗောရ(တရားသူကြီးမှတ်စာ အခန်းကြီး၄-၅ထိ)
နှစ်ပေါင်း(၄၀)လောက်ဣသရေလကိုအုပ်ချုပ်ငြိမ်းချမ်းစေခဲ့ပြီး၊ရန်သူ ခါနန် လူမျိုးကိုတိုက်ထုတ်ခဲ့ပါတယ်။ထူးခြားတာကသူဟာအမျိုးသမီးဖြစ်ပြီးပရောဖက်လဲဖြစ်ပါတယ်။

၅။ဂိဒေါင်(တရားသူကြီးမှတ်စာ အခန်းကြီး၆-၉ထိ)
နှစ်ပေါင်း(၄၀)လောက်ဣသရေလကိုအုပ်ချုပ်ငြိမ်းချမ်းစေခဲ့ပြီး၊ရန်သူ မိဒျန်လူမျိုးကိုတိုက်ထုတ်ခဲ့ပါတယ်။ထူးခြားတာကသူဟာဘုရားအားဖြင့်လူ(၃၀၀)နဲ့ရန်သူ(၁၃၅၀၀၀)ရှိတဲ့စစ်တပ်ကိုတိုက်နိုင်ခဲ့သူပါ။သူ့မှာသားအရင်းအယောက်(၇၀)ရှိခဲ့ပါတယ်။

၆။တောလ(တရားသူကြီးမှတ်စာ ၁၀:၁-၂)
(၂၃)နှစ်လောက်ဣသရေလကိုအုပ်ချုပ်ငြိမ်းချမ်းစေခဲ့ပါတယ်။သူ့လက်ထက်မှာဘယ်ရန်သူကိုတိုက်ထုတ်ခဲ့တယ်ဆိုတာကျမ်းစာကမဖော်ပြထားပါ။သူ့ရှေ့ကနန်းလုတဲ့အဘိမလက်ပြုခဲ့တဲ့ပြဿနာကိုဖြေရှင်းခဲ့မယ်လို့ယူစပါတယ်။

၇။ယာဣရ(တရားသူကြီးမှတ်စာ ၁၀:၃-၅)
နှစ်(၂၂)လောက်ဣသရေလကိုအုပ်ချုပ်ငြိမ်းချမ်းစေခဲ့ပါတယ်။သူ့လက်ထက်မှာဘယ်ရန်သူကိုတိုက်ထုတ်ခဲ့တယ်ဆိုတာကျမ်းစာကမဖော်ပြထားပါ။ထူးခြားတာကသူ့မှာသားအရင်း(၃၀)ယောက်ရှိခဲ့ပါတယ်။

၈။ယေဖသ(တရားသူကြီးမှတ်စာ ၁၀:၆-၁၂:၇)
(၆)လောက်ဣသရေလကိုအုပ်ချုပ်ငြိမ်းချမ်းစေခဲ့ပြီး၊ရန်သူ အမ္မုန် လူမျိုးကိုတိုက်ထုတ်ခဲ့ပါတယ်။ထူးခြားတာကသူဟာဘုရား‌ရှေ့မှာကတိကဝတ်လွယ်လွယ်ပေးမိပြီးသူ့သမီးကိုဘုရားဆီဆက်သခဲ့ရပါတယ်။

၉။ဣဗဇန်(တရားသူကြီးမှတ်စာ ၁၂:၈-၁၀)
(၇)နှစ်လောက်ဣသရေလကိုအုပ်ချုပ်ခဲ့ပါတယ်။သူ့လက်ထက်မှာဘယ်ရန်သူကိုတိုက်ထုတ်ခဲ့တယ်ဆိုတာကျမ်းစာကမဖော်ပြထားပါ။ထူးခြားတာကသူဟာဗက်လင်သားဖြစ်ပြီးသားသုံးဆယ်သမီးသုံးဆယ်ရှိသူပါ။

၁၀။ဧလုန်(တရားသူကြီးမှတ်စာ ၁၂:၁၁-၁၂)
(၁၀)နှစ်လောက်ဣသရေလကိုအုပ်ချုပ်ခဲ့ပါတယ်။သူ့လက်ထက်မှာဘယ်ရန်သူကိုတိုက်ထုတ်ခဲ့တယ်ဆိုတာကျမ်းစာကမဖော်ပြထားပါ။

၁၁။အာဗဒုန်(တရားသူကြီးမှတ်စာ ၁၂:၁၃-၁၅)
(၈)နှစ်လောက်ဣသရေလကိုအုပ်ချုပ်ခဲ့ပါတယ်။သူ့လက်ထက်မှာဘယ်ရန်သူကိုတိုက်ထုတ်ခဲ့တယ်ဆိုတာကျမ်းစာကမဖော်ပြထားပါ။သား လေးဆယ် မြေးသုံးဆယ်ရှိသူပါ။

၁၂။ရှံဆုန်(တရားသူကြီးမှတ်စာ ၁၂:၁၃-၁၅)
(၂၀)နှစ်လောက်ဣသရေလကိုအုပ်ချုပ်ငြိမ်းချမ်းစေခဲ့ပြီး၊ရန်သူဖိလိတ္တိလူမျိုးကိုတိုက်ထုတ်ခဲ့ပါတယ်။ထူးခြားတာကသူဟာနာဇရိလူဖြစ်လို့ဘုရားကအထူးခွန်အားပေးခံထားရသူပါ။ မွေးကတည်းကဆံပင်မညပ်ရလို့ဆံရှည်ပါတယ်။ လက်ဗလာနဲ့ခြင်္သေ့ပါးစပ်ကိုဖြဲခဲ့သူပါ၊လက်ဗလာနဲ့‌ မြေခွေး(၃၀၀)ဖမ်းပြီးကစားသူ၊ မြည်းမေးရိုးတခုနဲ့ရန်သူလူထောင်ချီကိုသုတ်သင်နိုင်သူပါ။ဒါပေမဲ့မိန်းမမာယာထဲယစ်မူးမိလို့ကျရှူံးခဲ့ရသူ၊နောင်တရဆုတောင်းလို့ခွန်အားပြန်ရပြီးရန်သူနဲ့အတူသေခဲ့သူပါ။

၁၃။ဧလိ(၁ရာ အခန်းကြီး၁-၄ထိ)
နှစ်ပေါင်း(၄၀)လောက်ဣသရေလကိုအုပ်ချုပ်ခဲ့ပါတယ်။သူ့လက်ထက်မှာဘယ်ရန်သူကိုတိုက်ထုတ်ခဲ့တယ်ဆိုတာကျမ်းစာကမဖော်ပြထားပါ။သူဟာယဇ်ပရောဟိတ်လည်းဖြစ်ပါတယ်။ရှမွေလရဲ့လက်ဦးဆရာလည်းဖြစ်ပါတယ်။သူ့သားနှစ်‌ယောက်ကတော့အဖေ့ခြေရာမလိုက်ဘဲဆိုးသွမ်းသူမို့အသေဆိုးနဲ့သေခဲ့ရပါတယ်။

၁၄။ရှမွေလ(၁ရာ အခန်းကြီး၁-၂၅ထိ)
သူအုပ်ချုပ်ခဲ့တဲ့နှစ်ကိုမဖော်ပြပါ။ထူးခြားတာရှမွေလဟာ(ပရောဖက်-ယဇ်ပရောဟိတ်-တရားသူကြီး)အရိုက်အရာ၃မျိုးရှိသူပါ။ငယ်ကတည်းကဘုရားစကားပြောခံရသူပါ။ဘုရားကြီးမားစွာအသုံးပြုခံရသူဖြစ်ပြီးရှင်ဘုရင်ရှောလု-ဒါဒိဒ်အထိဘိသိတ်ပေးခဲ့သူပါ။တရားသူကြီးခေတ်နဲ့ရှင်ဘုရင်ခေတ်ကိုမှီတဲ့သူပါ။စိတ်မကောင်းစရာကသူ့သားနှစ်ယောက်ကသူ့ခြေရာမလိုက်ဘဲဆိုးသွမ်းခဲ့ပါတယ်။

၁၅။ယောလ(၁ရာ ၈:၁-၅)
ရှမွေလရဲ့သားကြီးပါ။ရှမွေလကိုယ်တိုင်တရားသူကြီးအဖြစ်‌တင်မြောက်ခဲ့ပေမဲ့၊သူ့အဖေလိုအကောင်းမလုပ်တာမို့ပြည်သူတွေလက်မခံခဲ့ပါ။ဒါကြောင့်တချို့ကျမ်းပညာရှင် တွေကသူ့ကိုတရားသူကြီးစာရင်းထဲမထည့်ထားကြပါ။

၁၆။အဘိရ(၁ရာ ၈:၁-၅)
ရှမွေလရဲ့သားငယ်ပါ။ရှမွေလကိုယ်တိုင်တရားသူကြီးအဖြစ်‌တင်မြောက်ခဲ့ပေမဲ့၊ အဖေလိုအကောင်းမလုပ်တာမို့ပြည်သူတွေလက်မခံခဲ့ပါ။ဒါကြောင့်တချို့ကျမ်းပညာရှင် တွေကသူ့ကိုလည်းတရားသူကြီးစာရင်းထဲမထည့်ထားကြပါ။

နိဂုံး
ကျမ်းစာထဲကတရားသူကြီး(၁၆)ယောက်ကတော့
၁။ဩသံယလေ
၂။ဧဟုဒ
၃။ရှံဂါ
၄။ဒေဗောရ
၅။ဂိဒေါင်
၆။တောလ
၇။ယာဣရ
၈။ယဖေသ
၉။ဣဗဇန်
၁၀။ဧလုန်
၁၁။အာဗဒုန်
၁၂။ရှံဆုန်
၁၃။ဧလိ
၁၄။ရှမွေလ
၁၅။ယောလ
၁၆။အဘိရ
ဖြစ်ပါတယ်။