• 周五. 4 月 17th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သမ္မာကျမ်းစာမှယာကုပ်(၇)ဦး

ဆရာရဲမင်း

11 月 16, 2024

သမ္မာကျမ်းစာမှယာကုပ်(၇)ဦး

‌နိဒါန်း
ယာကုပ်ဆိုတဲ့နာမည်ဟာဟေဘရူးအမျိုးသားတွေမှည့်နေကျအမည်တခုပါ။အဓိပ္ပာယ်က“ဖမ်းဆုပ်ခြင်း”၊“‌လိုက်သွားခြင်း”၊“အစားထိုးခြင်း”လို့သက်ရောက်ပါတယ်။သမ္မာကျမ်းစာထဲမှာဒီနာမည်နဲ့လူ၇ဦးလောက်ရှိပါတယ်။ဒီလူတွေကိုတစ်ဦးချင်းအတိုချုပ်ချပြပါမယ်။

၁။ဣဇာက်သားယာကုပ်
(ကမ္ဘာ25:26ထို​နောက်​မှသူ့​ညီ​သည်၊ အစ်​ကို​ဧ​သော၏​ဖ​နှောင့်​ကို​ကိုင်​လျက် ဖွား​လာ၏။ သူ့​ကို​ကား၊ ယာ​ကုပ်​အ​မည်​ဖြင့် မှည့်​ကြ၏။ ထို​သား​နှစ်​ယောက်​ကို ဖွား​သော​အ​ခါ၊ ဣ​ဇာက်​သည် အ​သက်​ခြောက်​ဆယ်​ရှိ​သ​တည်း။)
ဓမ္မဟောင်းထဲကတဦးတည်းသောယာကုပ်ပါ။အာဗြံဟံရဲ့မြေး၊ဣဇာက်ရဲ့သားငယ်ဖြစ်ပါတယ်။သူ့မှာအမွာအကိုဧသောတယောက်ရှိပါသေးတယ်။သူ့အသက်တာကိုအတိုချုံးပြောရရင်၄နေရာခွဲပြီးတွေ့ရမှာပါ။
(၁)သားဦးနေရာကိုလိုချင်လို့အမေဖြစ်သူနဲ့ပူးပေါင်းပြီးအဖေနဲ့အကိုကိုလိမ်ခဲ့ပါတယ်။ဒါကြောင့်နှစ်ဆယ်ချီမိသားစုနဲ့ရှင်ကွဲကွဲခဲ့ရတယ်။(မွေးပြီးအသက်၇၇အထိဖခင်အိမ်မှာနေခဲ့)
(၂)ဘုရားကောင်းကြီးပေးခဲ့လို့ဆယ်ဖို့တဖို့ထည့်ခဲ့သူပါ။ဦးလေးလာဗန်ဆီမှာနေပြီးသူ့သမီးတွေနဲ့အိမ်ထောင်ပြုရင်းကြီးပွားချမ်းသာခဲ့ပါတယ်။(ဦးလေးအိမ်မှာအနှစ်၂၀ကြာနေခဲ့ရ)
(၃)အိမ်အပြန်လမ်းမှာဘုရားသခင်နဲ့ဆုံတွေ့ခွင့်ရပြီးအသက်တာပြောင်းလဲသွားသူ၊အကိုနဲ့ပြန်သင့်မြတ်ခြင်းရသူပါ။ဣသရေလဆိုတဲ့အမည်သစ်ကိုရပြီး၊ဣသရေလလူ၁၂မျိုးရဲ့ဖခင်ဖြစ်လာခဲ့သူပါ။(၃၃နှစ်ခန့်ခါနန်အိမ်မှာပြန်နေခွင့်ရ)
(၄)အသက်၁၃၀မှာသား‌ယောသပ်ရဲ့ခေါ်ဆောင်မှုကြောင့်အီဂျစ်ကိုပြောင်းရွေ့နေထိုင်ခဲ့ပြီး၊အသက်၁၄၇နှစ်ရှိချိန်အီဂျစ်မှာဘဲသေခဲ့ပါတယ်။(ကမ္ဘာ၄၇:၉-၂၈)(အိဂျစ်မှာပြောင်းရွေ့ပြီး၁၇နှစ်ကြာနေခဲ့ရ)

၂။ယေရှုရဲ့အဘိုးယာကုပ်
(ရှင်မဿဲ 1:16 ယာ​ကုပ်​မြင်​သော​သား​ကား၊ မာ​ရိ၏​ခင်​ပွန်း​ယော​သပ်​တည်း။ ထို​မာ​ရိ​သည် ခ​ရစ်​ဟု​ခေါ်​ဝေါ်​သ​မုတ်​သော ယေ​ရှု၏​မယ်​တော်​ဖြစ်၏။)
ယေရှုခရစ်ရဲ့မွေးစားဖခင်ယောသပ်ရဲ့အဖေဟာလည်းယာကုပ်လို့အမည်ခေါ်တွင်ပါတယ်။သူ့အ‌ကြောင်းကိုကျမ်းစာမှာမဖော်ပြထားပေမယ့်၊သူ့သားယောသပ်ရဲ့ရိုးသားဖြူစင်ခြင်းကိုကြည့်ရင်ဖခင်ကောင်းတစ်ယောက်ဖြစ်မယ်လို့ခန်မှန်းရပါတယ်။

၃။ဇေဗေဒဲ၏သားယာကုပ်
(ရှင်မဿဲ 4:21ထို​မှ​လွန်​ပြန်​လျှင် အ​ခြား​သော​ညီ​အစ်​ကို​နှစ်​ယောက်၊ ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် ယော​ဟန်​တို့​သည် သူ​တို့​အ​ဘ​နှင့်​အ​တူ လှေ​ပေါ်​မှာ ပိုက်​ကွန်​ပြင်​နေ​သည်​ကို မြင်၍ခေါ်​တော်​မူ၏။)
(၁)တံငါသည်ဖြစ်တယ်။
(၂)သူ့ညီယောဟန်နဲ့အတူယေရှုရဲ့တပည့်တော်ဖြစ်လာတယ်။
(၃)ဒေါသကြီးလို့ညီကိုနှစ်ယောက်ကိုမိုးကြိုးသားလို့‌ ခေါ်တွင်တယ်။(မာကု၃:၁၇)။
(၄)တမန်တော်တွေထဲမှာအဦးဆုံးဧဝံဂေလိကြောင့်အသက်ပေးခဲ့သူပါ။

၄။အာလဖဲ၏သားယာကုပ်
(မဿဲ10:2‭-‬4တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့၏ အ​မည်​ကား၊
ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် သူ့​ညီ​ယော​ဟန်၊ ဖိ​လိ​ပ္ပု​နှင့် ဗာ​သော​လ​မဲ၊ သော​မ​နှင့် အ​ခွန်​ခံ​မဿဲ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်​နှင့် သ​ဒ္ဒဲ​ဟု အ​မည်​သစ်​ကို​ရ​သော လေ​ဗဲ…။)
တမန်တော်၁၂ပါးထဲမှာယာကုပ်နှစ်ယောက်ရှိတာတွေ့ရပါတယ်။ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့်အာလဖဲ၏သားယာကုပ်ပါ။ဒီအာလဖဲ၏သားယာကုပ်အကြောင်းကိုကျမ်းစာမှာတခြားဖော်ပြထားချက်မတွေ့ရပေမဲ့သူဟာတခြားတမန်တော်တွေလိုဧဝံဂေလိကိုအသက် ပေးတဲ့အထိသစ္စာရှိရှိထမ်းရွက်သွားကြောင်းသိရပါတယ်။

၅။ယာကုပ်ငယ်
(ရှင်မာကု 15:41 ထို​မိန်း​မ​တို့​တွင် ကိုယ်​တော်​သည် ဂါ​လိ​လဲ​ပြည်​မှာ ရှိ​တော်​မူ​စဉ်၊ နောက်​တော်​သို့ အ​လုပ်​အ​ကျွေး​လိုက်​သော မာ​ဂ​ဒ​လ​မာ​ရိ၊ ယာ​ကုပ်​ငယ်​နှင့် ယော​သေ၏​အ​မိ​ဖြစ်​သော မာ​ရိ​နှင့် …။)
ဘာလို့ကျမ်းစာကသူ့ကိုယာကုပ်ငယ်လို့ရေးမှတ်ရသလဲဆိုတော့
တမန် တော်၁၂ပါးထဲကတခြားယာကုပ်(ဇေဗေဒဲသားယာကုပ်)နဲ့ကွဲပြားမှုရှိ အောင်ရေးတာဖြစ်မှာပါ။သူကအဲဒီဇေဗေဒဲသားယာကုပ်ထက်အသက်ငယ်လို့၊သို့မဟုတ်ကိုယ်ခန္ဓာငယ်လို့သူ့ကိုယာကုပ်ငယ်လို့ကျမ်းစာကခေါ်တွင်ရေးမှတ်ထားတာလို့ခန့်မှန်းရပါတယ်။ကျမ်းစာပညာရှင်တချို့ကသူ့ကိုအာလဖဲသားယာကုပ်(တမန်တော်)နဲ့တယောက်ထဲဘဲလို့မှတ်ချက်ပေးကြပါတယ်။ဘယ်လိုဘဲပြောပါစေ၊သူ့မိခင်‌ခရစ်တော်နောက်လိုက်ပြီးလုပ်ကြွေးခြင်းအမှုကိုကြည့်ခြင်းအားဖြင့်ဒီသားဟာလဲသစ္စာရှိတဲ့နောက်လိုက်တစ်ယောက်ဘဲဆိုတာသိနိုင်ပါတယ်။

၆။ယေရှုခရစ်ရဲ့ညီယာကုပ်
(မဿဲ 13:55​သည် လက်​သ​မား​သား မ​ဟုတ်​လော။ သူ့​အ​မိ​ကား မာ​ရိ​အ​မည်​ရှိ​သည် မ​ဟုတ်​လော။ သူ့​ညီ​ကား၊ ယာ​ကုပ်၊ ယော​သေ၊ ရှိ​မုန်၊ ယု​ဒ​ဟု​ဆို​ကြ​သည် မ​ဟုတ်​လော။)
ယေရှုခရစ်ရဲ့လူ့ဇာတိခံတဲ့မိသားစုတွေထဲမှာညီ/ညီမတွေရှိခဲ့ကြောင်းကျမ်းစာကရေးမှတ်ထားပါတယ်။ဒီထဲမှာယာကုပ်ဆိုတဲ့ညီတယောက်လဲပါရှိနေပါတယ်။
(၁)နဂိုကသူ့အကိုယေရှုကိုဘုရားဖြစ်ကြောင်းမယုံခဲ့ပါဘူး(
ယော၇:၃-၅)။
(၂)ခရစ်တော်ရှင်ပြန်ထမြောက်ပြီးသူ့ကိုကိုယ်ထင်ပြမှယုံကြည်ခဲ့သူပါ(၁ကော၁၅:၇)။
(၃)နောက်ပိုင်းယေရုစလင်အသင်းတော်ရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်(တမန်၁၂:၁၇၊၁၅:၁၃၊၂၁:၁၈၊ဂလာ၂:၉)။
(၄)တမန်တော်၁၂ပါးအဝင်မဟုတ်ပေမယ့်၊ကျမ်းစာကသူ့ကိုတမန်တော်လို့မှတ်တမ်းတင်ထားပါတယ်(ဂလာ၁:၁၉)။
(၅)သူဟာရှင်ယာကုပ်စာစောင်ကိုရေးသားသူဖြစ်တယ်လို့ကျမ်းပညာရှင်တွေဆိုထားပါတယ်။

၇။ရှင်ယုဒရဲ့အဖေယာကုပ်
လုကာ 6:16 ယာကုပ်​၏​သား​ယုဒ​နှင့် သစ္စာဖောက်​သော​သူ​ဖြစ်​သွား​သည့် ယုဒ​ဣရှကာရုတ်​တို့​ဖြစ်​ကြ​၏။(စံမီ)
ဆရာကြီးယုဒသန်ဘာသာပြန်ကျမ်းမှာလုကာ၆:၁၆ကို“ယာ​ကုပ်၏​ညီ​ယု​ဒ​”လို့ဘာသာပြန်ပေမယ့်၊မူရင်းကျမ်းစာမှာကညီဆိုတာထက်သားလို့ပိုသက်ရောက်ပါတယ်။
(၁)ဒီယာကုပ်ကတမန်တော်၁၂ပါးထဲကရှင်ယုဒရဲ့ဖခင်(သို့မဟုတ်အကို)ဖြစ်ပါတယ်။
(၂)သူ့သားယုဒကယေရှုကိုရောင်းတဲ့ယုဒရှကာယုတ်မဟုတ်ပါဘူး။သီးသန့်တမန်တော်ယုဒဖြစ်ပါတယ်(ယော၁၄:၂၂)။
ဘယ်လိုဘဲဖြစ်ပါစေ၊ဒီယာကုပ်ဟာလည်းယေရှုကိုယုံကြည်သူ၊သစ္စာရှိရှိနော‌က်တော်လိုက်‌တစ်ယောက်ဖြစ်ကြောင်းသိနိုင်ပါတယ်။

နိဂုံး
တင်ပြသွားတဲ့ကျမ်းစာထဲကယာကုပ်(၇)ဦးကိုအကျဉ်းချုပ်ပြန်ပြောရရင်
၁။ဣဇာက်သားယာကုပ်
၂။ယေရှုရဲ့အဘိုးယာကုပ်
၃။ဇေဗေဒဲ၏သားယာကုပ်
၄။အာလဖဲ၏သားယာကုပ်
၅။ယာကုပ်ငယ်
၆။ယေရှုခရစ်ရဲ့ညီယာကုပ်
၇။ရှင်ယုဒရဲ့အဖေယာကုပ်
ဖြစ်ကြပါတယ်။