• 周五. 4 月 17th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သမ္မာကျမ်းစာမှရှိမုန်(၉)ဦး

ဆရာရဲမင်း

11 月 16, 2024

သမ္မာကျမ်းစာမှရှိမုန်(၉)ဦး

ရှိမုန်(Simon)ဆိုတဲ့နာမည်ဟာဂရိလိုနဲ့-ကြားပြီသို့မဟုတ်ဘုရားနားညောင်းပြီလို့သက်ရောက်ပါတယ်။သမ္မာကျမ်းစာထဲမှာရှိမုန်နာမည်တူသူအနည်းဆုံး(၉)ဦးလောက်တွေ့ရပါတယ်။အကျဉ်းချုပ်တင်ပြပါမယ်။

၁။တမန်တော်ရှိမုန်ပေတရု
ယောဟန်ရဲ့သားရှိမုန်ဗာယောနဖြစ်ပါတယ်။အ‌‌န္ဒြေရဲ့အကိုဖြစ်ပြီးနဂိုကတံငါသည်ဖြစ်ပါတယ်။ ခရစ်တော်နောက်လိုက်ပြီး ကေဖဆိုတဲ့ပေတရုအမည်သစ်ကိုရတဲ့တပည့်တော်ဖြစ်ပါတယ်။(မဿဲ၁၆:၁၇-၁၈၊မာကု၁:၁၆၊ယောဟန်၁:၄၀-၄၄)

၂။ယေရှုခရစ်ရဲ့ညီတော်ရှိမုန်
သခင်ယေရှုခရစ်တော်မှာအမေတူမောင်နှမတွေရှိကြောင်းကျမ်းစာကဖော်ပြပါတယ်။ဒီအထဲမှာရှိမုန်ဆိုတဲ့နာမည်ရှိတဲ့ညီတော်တစ်ယောက်ပါဝင်နေပါတယ်။
(မဿဲ၁၃:၅၅၊မာကု၆:၃)

၃။ကုသခံရသည့်‌ဗေဿနိရွာကနူနာရှိမုန်
နဂိုကနူနာ‌ ရောဂါရှိပေမဲ့၊သခင်ယေရှုရဲ့ကုသပေးမှုကိုခံခဲ့ရလို့၊သူ့အိမ်မှာပွဲလုပ်ပြီးယေရှုခရစ်‌ကိုကျေးဇူးတင်ခဲ့တဲ့သူပါ။အဲဒီပွဲမှာမာရိမာသနဲ့သေရွာပြန်လာဇရုလဲပါဝင်ခဲ့ကြောင်းကျမ်းစာကဖော်ပြပါတယ်။
(မဿဲ၂၆:၆၊မာကု၁၄:၃-၉)

၄။ကားတိုင်ထမ်းကူရသောရှိမုန်
အာလေဇန္ဒြုနှင့် ရုဖု၏အဘ၊တောရွာမှာနေတဲ့သူပါ။ရောမ၁၆:၁၃မှာသူ့သားကတပည့်တော်အဖြစ်သစ္စာရှိကြောင်းဖော်ပြပါတယ်။
(မဿဲ၂၇:၃၂၊မာကု၁၅:၂၁၊လုကာ၁၆:၁၃)

၅။တမန်တော်ရှိမုန်ဇေလုပ်
သခင်ယေရှုရဲ့တပည့်တော်၁၂ပါးမှာရှိမုန်နှစ် ယောက်ရှိပါတယ်။တစ်ယောက်ကတံငါသည်ရှိမုန်ပေတရုဖြစ်ပြီး၊အခုတစ်‌‌ ယောက်ကတော့ နဂိုဇေလုပ်အဖွဲ့အဝင်ဖြစ်ခဲ့ဖူးတဲ့ရှိမုန်ပါ။(သူ့ကိုကာနနိတ်လူရှိမုန်လိူ့လည်းခေါ်ပါတယ်။)
(လုကာ၆:၁၅၊တမန်၁:၁၃)

၆။‌ယေရှုကိုထမင်းစားဖိတ်တဲ့ဖာရိရှဲရှိမုန်
ယေရှုကိုထမင်းစားဖို့ဖိတ်ပေမဲ့အပြစ်သားကိုတော့လက်မခံနိုင်သူ၊ယေရှုကိုယ်တိုင်ဥပမာပေးပြီးဆုံးမပေးခဲ့ရသူပါ။
(လုကာ၇:၃၆-၄၄)

၇။ယုဒရှကာယုတ်ဖခင်ရှိမုန်
တမန်တော်၁၂ပါးအဝင်ဖြစ်တဲ့၊သခင်ယေရှုကိုရောင်းစားခဲ့တဲ့ယုဒရှကာယုတ်ရဲ့ဖခင်ဟာလည်းရှိမုန်လို့ခေါ်ပါတယ်။
(ယောဟန်၆:၇၁၊၁၃:၂၊၂၆၊ယောဟန်၁၂:၄)

၈။မှော်ဆရာရှိမုန်
ရှမာရိနယ်တစ်ဝိုက်မှာနတ်ဝိဇ္ဇာအတတ်ပညာနဲ့ပြစားတဲ့သူဖြစ်ပါတယ်။သင်းထောက်ဖိလိပ္ပုရဲ့အံ့ဩဖွယ်ပြုခြင်းကိုမြင်တော့ဗတ္တိဇံခံခဲ့သူပါ၊ဒါပေမဲ့သေချာနားမလည်ဘဲပေတရုနဲ့ယောဟန်ဆီမှာငွေပေးပြီးအခွင့်အာဏာဝယ်လို့ကျိန်ခြင်းခံရသူပါ။‌ နောက်ပိုင်းအင်္ဂလိပ်လိုမှာသာသနာဆိုင်ရာ ငွေကြေးချစားခြင်းကိုSimonyလို့သုံးလာတာသူ့ကြောင့်ပါဘဲ။
(တမန်၈:၉-၂၄)

၉။ယုပ္ပေမြို့ကသားရေလုပ်သမားရှိမုန်
တမန်တော်ရှင်ပေတရုတည်းခဲ့တဲ့အိမ်ပါ၊အဲဒီအိမ်မှာဘဲတပါးအမျိုးသားကိုဧဝံဂေလိလုပ်ဖို့ပေတရုယူပါရုံမြင်ခဲ့ရတာပါ။
(တမန်၉:၄၃၊၁၀:၆၊၁၇-၃၂)

မှတ်ချက်-ကျန်ခဲ့သည်များရှိလျှင်ကျနော်ရဲမင်း၏အားနည်းချက်ဖြစ်‌ ကြောင်းဝန်ခံပါသည်။နောက်ထပ်ရှိပါကကောမန့်မှာချပြနိုင်ပါသည်။