လူ့ဘဝတိုတောင်းခြင်းကိုခိုင်းနိုင်းသောကျမ်းချက်(၁၀)ချက်
၁။အခိုးအငွေ့ပမာတခဏသာပါ
ရှင်ယာကုပ်၄:၁၄ နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ။ သင်တို့ အသက်သည် အဘယ်သို့သောအရာ ဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။
၂။လက်ဖဝါးတစ်မိုက်မျှသာတိုပါသည်
ဆာလံ၃၉:၅အကျွန်ုပ်အသက်တာကို တစ်မိုက်မျှသာ ခန့်ထားတော်မူပြီ။ အကျွန်ုပ်အရွယ်သည် ရှေ့တော်၌ ဘာမျှမဟုတ်သကဲ့သို့ ဖြစ်ပါ၏။ အကယ်စင်စစ်လူမည်သည်ကား၊ လူ၏အထွတ်သို့ ရောက်သော်လည်း၊ အနတ္တသက်သက်ဖြစ်ပါ၏။
၃။သက်ပြင်းတစ်ချက်ချရုံမှာပင်ကုန်ဆုံးတတ်၏။
ဆာလံ၉၀:၉-၁၀ အကျွန်ုပ်တို့သည် အမျက်တော်ကိုခံရသောကြောင့်၊ နေ့ရက်ကာလရွေ့သွား၍၊ နှစ်များတို့သည် စိတ်ထင်ကဲ့သို့ (မူရင်းမှာသက်ပြင်းတစ်ချက်ချရုံမျှသာ)လွန်တတ်ကြပါ၏။ အကျွန်ုပ်တို့၏အသက်အရွယ်သည် အနှစ်ခုနစ်ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်းဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ၏။
၄။ရက်ကန်းရက်တာထက်မြန်နေသည်
ယောဘ၇:၆-၇ငါ့နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မျှော်လင့်ခြင်းမရှိဘဲ လွန်သွားတတ်ကြ၏။ ငါ့အသက်သည် လေသက်သက်ဖြစ်ကြောင်းကို အောက်မေ့တော်မူပါ။ နောက်တစ်ဖန် ကောင်းသောအကျိုးကို ငါမမြင်ရ။
၅။သင်္ဘောလိုဘဲလွန်မြန်ပါသည်
ယောဘ၉:၂၆လျင်မြန်သော သင်္ဘောကဲ့သို့လည်းကောင်း၊ အကောင်ကို သုတ်လာသော ရွှေလင်းတကဲ့သို့လည်းကောင်း လွန်သွားတတ်ကြ၏။
၆။အကောင်ဖမ်းတဲ့ရွှေလင်းတရဲ့အရှိန်လိုမြန်၏
ယောဘ၉:၂၆လျင်မြန်သော သင်္ဘောကဲ့သို့လည်းကောင်း၊ အကောင်ကို သုတ်လာသော ရွှေလင်းတကဲ့သို့လည်းကောင်း လွန်သွားတတ်ကြ၏။
၇။အရိပ်ကဲ့သို့ရွှေ့မြန်ကုန်ဆုံးတတ်၏
ယောဘ၁၄:၂ ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်ခြင်းကို ခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွေ့သွားတတ်ပါ၏။
ဒေသနာ၆:၁၂ အရိပ်ကဲ့သို့ လွန်တတ်သောအနတ္တအသက် ကာလပတ်လုံး၊ လူ၌ ကျေးဇူးပြုတတ်သောအရာကို အဘယ်သူသိနိုင်သနည်း။
၈။မီးခိုးကဲ့သို့ခေတ္တသာမြင်ပြီးကွယ်သွားတတ်၏
ဆာလံ ၁၀၂:၃ အကြောင်းမူကား၊ အကျွန်ုပ်၏နေ့ရက်ကာလသည် မီးခိုးကဲ့သို့ ကုန်တတ်ပါ၏။ အကျွန်ုပ်၏အရိုးတို့သည် မီးချေးကဲ့သို့ ကျွမ်းကြပါ၏။
၉။မြက်ပင်ကဲ့သို့ညိုးနွမ်းသွေ့ခြောက်တတ်၏
၁ပေ၁:၂၄ လူမျိုးရှိသမျှသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။
၁၀။ဧည့်သည်မို့အချိန်တန်ရင်ပြန်ရမည်
၁ရာချုပ်၂၉:၁၅အကျွန်ုပ်တို့သည် ဘိုးဘေးများကဲ့သို့ ရှေ့တော်၌ ဧည့်သည် အာဂန္တုဖြစ်ပါ၏။ မြေကြီးပေါ်မှာ နေရသောကာလသည် အရိပ်ကဲ့သို့ ဖြစ်ပါ၏။ မှီခိုရာမရှိပါ။
လူ့ဘဝဆိုတာတိုတို လေးပါ။ရှင်တန်နေချိန်ကိုတန်ဖိုးထားကြပါ။ဘာမဟုတ်တဲ့နေရာတွေမှာအချိန်မကုန်စေပါနှင့်။ဘာမှမဟုတ်တဲ့စိတ်တိုစိတ်ဆိုးခြင်းမှာအချိန်မဖြုန်းပါနဲ့။ကယ်တင်ခြင်းအတွက်ယုံကြည်ပါ။ချစ်ရမဲ့သူအတွက်အခုဘဲချစ်ပါ။ဘုရားအမှုတော်မြတ်အတွက်ပါဝင်ပါ။ငါအခုသေသွားခဲ့ရင်ငါမလုပ်ခဲ့တဲ့အရာ(အလုပ်ချင်ဆုံးအရာ)ဘာတွေလဲဆိုတာတွေးတောပြီးအသက်ရှင်တုန်းလုပ်ပါ။ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။
မူရင်း-ဆရာရဲမင်း