မေရှိယကိုရှာတဲ့နောက်ထပ်ပညာရှိတစ်ဦးအကြောင်း
ဟိုးနှစ်ပေါင်း2000ကျော်ကယေရှုခရစ်တော်မွေးဖွားတဲ့အချိန်၊အရှေ့အရပ်ကပညာရှိများဟာ လောဗန်၊မုရန်နဲ့ရွှေကိုယူပြီးမေရှိယဖြစ်တဲ့ယေရှုဆီလာဆက်ကပ်ခဲ့ကြတာယုံကြည်သူခရစ်ယာန်တိုင်းသိကြပါလိမ့်မည်။သို့ပေမဲ့ယုဒပြည်မှာအလားတူပညာရှိပုံပြင်လေးတပုဒ်ပျံ့နံ့နေပါသေးတယ်။ဒီပညာရှိတစ်ယောက်ဟာလဲအဖိုးတန်ပုလဲကြီးသုံးလုံးကိုကိုင်ဆောင်ပြီးမေရှိယကိုလာရှာပါသတဲ့…
လာတဲ့လမ်းမှာသနားစရာအလွန်ကောင်းတဲ့မုဆိုးမနဲ့အလွန်ချို့တဲ့နေတဲ့ကလေးကိုကြုံတွေ့ခဲ့ရလို့၊ပညာရှိကအလွန်သနားညာတာစိတ်ဝင်မိပြီးသူ့မှာပါလာတဲ့(မေရှိယကိုပူဇော်ဖို့)ပုလဲကြီးထဲကတစ်လုံးကိုပေးအပ်ခဲ့ပါသတဲ့၊အဲတာနဲ့ပညာရှိကမေရှိယကိုဖူးမျော်ဖို့အချိန်နောက်ကျသွားခဲ့တယ်။
ကျန်တဲ့ပုလဲကြီးနှစ်လုံးကိုယူပြီးဗက်လင်မြို့ကိုရောက်တော့သူအင်မတန်ဝမ်းနည်းမိတယ်၊ဘာလို့လဲဆိုတော့သူနောက်ကျခဲ့ပြီလေ၊ဟေရုပ်မင်းက၂နှစ်အောက်ကလေးတွေကိုလိုက်သတ်လို့မာရိနဲ့ယောသပ်ကယေရှုကိုခေါ်ပြီးတိန်းရှောင်သွားခဲ့လေပြီ။သေကြေပွဲငိုယိုပွဲနဲ့ကြုံခဲ့ရပြီ၊ဒီအချိန်မှာဘဲသူ့ရှေ့မှာကလေးတဦးကိုရဲမက်ကလိုက်သတ်နေပြီ၊သူကချက်ချင်းသွားပြီးသူ့မှာပါလာတဲ့ပုလဲထဲကတစ်လုံးနဲ့ရဲမက်ကိုပေးပြီးကလေးအသက်ကိုကယ်လိုက်ပါတယ်။ဒါနဲ့သူ့မှာပုလဲနောက်ဆုံးတစ်လုံးဘဲကျန်ပါတော့တယ်၊မေရှိယကိုခုထိရှာမတွေ့သေးဘူး……
သူကစိတ်ဓာတ်မကျသေးဘူး၊မကြာခဏယုဒပြည်တလျှောက်မှာလာပြီးယေရှုအကြောင်းမေးတယ်၊ရှာပါတယ်။
နှစ်၃၀ကြာသောအခါ…
သတင်းကြားလာပြီ
ယေရှုဆိုတဲ့သူတစ်ယောက်ဟာလူနာတွေမှန်သမျှကိုကုသပေးနေတဲ့အကြောင်း၊ကောင်းကင်တည်လုနီးပြီဆိုတဲ့တရားဟောတဲ့အကြောင်း၊ဆင်းရဲသားဆီအဓိကရောက်နေတတ်ကြောင်းသူကြားတော့ချက်ခြင်းဘဲဆင်းရဲသားတွေလူနာတွေရှိတဲ့နေရာဆီယေရှုကိုသူပြန်သွားရှာတယ်၊ဒါပေမဲ့သူရှာမတွေ့ခဲ့ဘူး။ယေရှုကိုတော့ရှာမတွေ့ဘူး၊ဆင်းရဲသားနဲ့လူနာတွေကိုအများကြီးတွေ့ခဲ့ကြုံခဲ့ရတော့သူ့မှာသနားဂရုဏာသက်မိလို့ကျန်တဲ့နောက်ဆုံးပုလဲကြီးတလုံးကိုအားလုံးအတွက်ပေးခဲ့ပြန်ပါတယ်။
တနေ့မှာတော့…
ယေရှုဆိုသူကိုကားစင်တင်သတ်မယ်ဆိုတဲ့သတင်းသူပြန်ကြားရပြန်သတဲ့၊သူကအသက်အိုနေပေမဲ့ယေရှုကိုမတွေ့ရသေးလို့ဂေါလဂေါသတောင်ကုန်းဖက်ဦးတည်ပြီးပြေးသွားပါတော့တယ်။ဒါပေမဲ့သူရောက်တော့ယေရှုသေပြီးသင်္ဂြိုလ်ထားပြီးပြီ၊သူနောက်ကျသွားပြန်ပါပြီလေ၊ဪသခင့်ကိုနောက်ဆုံးမြင်ခွင့်တောင်မရလိုက်တဲ့ငါပါလားဆိုပြီးစိတ်ဆင်းရဲစွာနဲ့ပြန်ခဲ့ပါတယ်။
တစ်ပတ်အကြာမှာ…
အသက်အရွယ်အိုလာပြီဖြစ်တဲ့ပညာရှိကြီးဟာအိမ်ရှေ့ထိုင်မိုင်ပြီးစိတ်ဆင်းရဲနေပါတယ်…တခဏအတွင်းမှာအဝတ်ဖြူနဲ့လူတစ်ယောက်သူ့ရှေ့ဘွားကနဲ့ပေါ်လာပြီး”သင့်ပေါ်ငြိမ်သက်ခြင်းရှိပါစေသော်”လို့နူတ်ဆက်လာသတဲ့၊ပညာရှိကြီးကသူတစ်သက်လုံးရှာလာတဲ့ယေရှုမှန်းသိတော့…ချက်ခြင်းယေရှုရှေ့ထူးထောက်ပြီအားရပါးရငိုပါတော့သတဲ့၊ငိုရင်း“သခင်!ချစ်လှစွာသောသခင်၊နောက်ကျခဲ့ပြီ…သခင်တအားနောက်ကျခဲ့ပြီ…အခုကျနော့မှာဘာမှမရှိတော့ဘူး…သခင့်ကိုပူဇော်ဖို့ပုလဲရတနာဘာမှမရှိတော့ဘူး……”ဆက်ငိုရင်းပြောနေမိသည်။
သခင်ကသူ့ကိုမထူပြီမထင်မှတ်ထားတဲ့စကားကိုပြောလိုက်သည်:“ငါမင်းပေးတဲ့ပုလဲကြီးသုံးလုံးစလုံးလက်ခံရရှိပါတယ်၊အဲဒါကြောင့်လက်ခံရရှိကြောင်းအခုလာပြောတာပါ!”
ပညာရှိကအံ့ဩစွာမျက်ရည်သုတ်ပြီး၊ယေရှုကိုနားမလည်စွာမောကြည့်လိုက်တော့…
ယေရှုကဆက်ပြီးပြောပါတယ် “ အငယ်ဆုံးသော သူတယောက်ကိုပေးတာကူညီတာဟာငါ့ကိုပေးတာငါ့ကိုကူညီတာပါဘဲ။ဒါကြောင့်မင်းရတနာပုလဲသုံးလုံးငါလက်ခံရရှိပါပြီ !”ဟုမိန့်တော်မူသတဲ့။
ပညာရှိကြီးနားထောင်ပြီးမျက်ရည်ကျရပြန်ပါတယ်၊ဒါပေမဲ့အခုကျတဲ့မျက်ရည်ဟာဝမ်းသာပီတိဖြစ်တဲ့မျက်ရည်ပေါ့၊စိတ်ထဲမှာအထုပ်ကြီးကျသွားသလိုပေါ့ပါးသွားပြီးပျော်ရွှင်ငြိမ်သက်ခြင်းခံစားသွားခဲ့ရတယ်။အဲဒီနောက်သူသေတဲ့အထိအပြုံးလေးနဲ့သေတာလို့လူတွေပြောကြပါတယ်။
ချစ်သောမိတ်ဆွေ
ဘုရားကိုချစ်ခြင်းဆိုတာဘုရားကျောင်းသွားပြီးသီချင်းဆိုဝတ်ပြုတာဘဲမဟုတ်ပါ၊အပြင်လောကလက်တွေ့အသက်တာမှာသူတပါးရဲ့လိုအပ်ချက်ကိုကြည့်ပြီးကိုယ့်တာဝန်ကိုသိတတ်ခြင်းပါ။အငယ်ဆုံးသောသူဆိုတာတွယ်ရာမဲ့တဲ့ဘိုးဘွားတွေ၊မိဘမဲ့ကလေးတွေ၊ဒုက္ခရောက်နေသူတွေ၊အကူညီလိုအပ်နေသူတွေ၊ငတ်ပြတ်နေသူတွေ၊ဒုက္ခိတတွေ အိုး…..အများကြီးအများကြီး….ဒါတွေဟာအငယ်ဆုံးသောသူဘဲ၊အငယ်ဆုံးသောသူပေါ်ပြုခြင်းဟာခရစ်တော်ပေါ်ပြုခြင်းပါဘဲ။ဒါကြောင့်ဒီနှစ်ခရစ္စမတ်မှာအငယ်ဆုံးသောသူကိုမြင်နိုင်ကြပါစေ။
ရှင်မဿဲခရစ်ဝင် ၂၅:၄၀
ယေရှုက-ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီဟု ပြန်၍မိန့်တော်မူလတံ့။
Ye Ming(ပတ္တမြားမြေ)