သစ်သုံးပင်ရဲ့ဘဝရည်မှန်းချက်
အပိုင်း(၁)
မဲနက်စိမ်းရင့်ပြီးညို့မှိုင်းနေတဲ့တောနက်ကြီးထဲမှာအများနဲ့မတူဘဲလှပထောင်ထွက်နေတဲ့သစ်ပင်ကြီးသုံးပင်လူမသိသူမသိရှင်သန်နေပါတယ်။
တရက်မှာတော့သူတို့အချင်းချင်းကိုယ်စီဖြစ်ချင်တဲ့ရည်မှန်းချက်(အိပ်မက်)ကိုပြောဆိုတိုင်ပင်ကြပါတယ်။
ပထမဆုံးသစ်ပင်ကြီးက”ငါတချိန်ကျရင်အဖိုးတန်ရတနာတွေထည့်ထားတဲ့သေတ္တာဖြစ်ချင်တယ်၊ဒါမှငါ့အလှကိုလူတိုင်းတွေ့မြင်မှာ”ဟုစ၍ပြောလိုက်သည်။
ဒုတိယသစ်ပင်ကြီးကလည်း”ငါကတော့ဘုရင့်နန်းတော်ကဘုရင်စီးတဲ့အဆင့်မြင့်သင်္ဘောကြီးဖြစ်ချင်တယ်၊ကမ္ဘာပတ်ချင်တယ်၊ဒါမှငါ့ရဲ့ခိုင်မာမူကိုလူတိုင်းမြင်မိမှာပါ”ဟုခပ်တည်တည်ပြောလိုက်သည်။
နောက်ဆုံးသစ်ပင်ကြီးက”ငါကတော့အမြင့်ဆုံးနဲ့အထင်ရှားဆုံးသစ်ပင်ဖြစ်ချင်တယ်၊လူတွေငါ့ကိုမြင်သာထင်သာပြီးထာဝရမှတ်မိစေချင်တာပါ”ဟု၍ပင်။
ဒီလိုနဲ့အချင်းချင်းအမြဲတိုင်ပင်ပြီး၊ကိုယ်စီအိမ်မက်လက်တွေ့ဖြစ်လာဖို့အတူဘုရားသခင်ဆီဆုတောင်းထားခဲ့ကြပါသတဲ့။
အပိုင်း(၂)
သစ်ပင်ခုတ်တဲ့မုဆိုးတသိုက်
တောထဲလှည့်လည်ရင်းဒီသစ်ပင်တွေဆီရောက်လာပါတယ်…
ထူးခြားထောင်မတ်နေတဲ့သစ်သုံးပင်ကိုတွေ့တော့ခုတ်ယူသယ်ပြန်ဖို့ဆုံးဖြတ်ကြပါတော့သည်။
သစ်ပင်ခုတ်သူတွေဟာပထမသစ်ပင်ရှေ့ရပ်ပြီး”အင်း…ဒီသစ်ပင်ကိုခုတ်ပြီးလက်သမားကိုရောင်းပေးရမယ်”ဆိုပြီးခုတ်ပါတော့သည်။သစ်ပင်ကိုယ်၌တော့ငါရတနာသေတ္တာဖြစ်တော့မယ်ဆိုပြီးကြိတ်ပျော်နေရှာပါတယ်။
ဆက်ပြီးသစ်ပင်ခုတ်သူတွေဟာဒုတိယသစ်ပင်ရှေ့ရပ်ပြီး
“အင်း…ဒီသစ်ပင်ကခိုင်ခံ့တဲ့ပုံစံဘဲ၊ဒါကိုခုတ်ပြီးသင်္ဘောလုပ်သူကိုရောင်းပေးရမယ်”ဆိုပြီးခုတ်ကြပါတော့တယ်။သစ်ပင်ကိုယ်၌ကတော့သူ့ဆန္ဒပြည့်ဝတော့မယ်ဆိုပြီးသူလဲပျော်နေရှာပါတယ်။
နောက်ဆုံးသစ်ပင်ကိုခုတ်တဲ့အခါမှာတော့သစ်ပင်ကိုယ်၌ကအင်မတန်ကြောက်ပြီးဝမ်းနည်းနေရပါတယ်၊ဘာကြောင့်လဲဆိုတော့သူ့အိပ်မက်ကိုယ်၌ကဆက်ပြီးအမြင့်ဆုံးဖြစ်အောင်ပေါ်လွင်ဖို့ရှင်သန်နေရအုံးမှာမို့ပါ။ဒါပေမယ့်သစ်ပင်ခုတ်သူတွေဟာသူ့ကိုခုတ်လဲလိုက်ကြပါပြီလေ။
အပိုင်း(၃)
ဒီလိုနဲ့သစ်ခုတ်သူတွေဟာသူတို့ကိုမြို့ထဲသယ်သွားကြပါပြီ…
ပထမသစ်ပင်ကိုလက်သမားလက်ထဲရောင်းပေးလိုက်လို့လက်သမားကသူ့ကိုရတနာသေတ္တာတော့မလုပ်ဘဲနွားတွေမြင်းတွေအတွက်အစာထည့်ကြွေးတဲ့ခွက်ကြီးအဖြစ်အသုံးပြုဖို့လုပ်လိုက်ပါတော့တယ်။ဒါဟာပထမသစ်ပင်ကိုယ်၌ရဲ့ဖြစ်ချင်တဲ့ဆန္ဒတော့မဟုတ်ပါဘူး၊ရတနာသေတ္တာလိုအမြဲသန့်ရှင်းနေရမယ့်အစားအမြဲညစ်ပေခံနေရပြီး၊နေ့တိုင်းလိုလိုသူ့ဗိုက်ထဲမှာရတနာထည့်ထားရမယ့်အစားကောက်ရိုးတွေသာပြည့်နက်နေရပါတယ်။ဒါကြောင့်ပထမသစ်ပင်ဟာအမြဲစိတ်ဆင်းရဲနေရပြီးဘုရားသခင်ကိုဘာကြောင့်ဒီလိုဖြစ်ရကြောင်းအမြဲမေးခွန်းထုတ်နေတတ်ပါတယ်။
ဒုတိယသစ်ပင်ကတော့သင်္ဘောလုပ်သူတွေလက်ထဲရောင်းစားခံခဲ့ရပြီး၊သူဖြစ်ချင်တဲ့သင်္ဘောကြီးတော့မဖြစ်ရဘဲသူ့ကိုအပိုင်းပိုင်းဖြတ်ခံရပြီးလှေကလေးတစင်းသာပြုလုပ်ထားခဲ့ကြပါတယ်။ဒါဟာသူဖြစ်ချင်နေတဲ့ဘုရင်ကြီးစီးမယ့်အဆင့်မြင့်သင်္ဘောကြီးဖြစ်ဖို့အိမ်မက်ကိုရိုက်ချိုးဖျက်ဆီးခံလိုက်ရတာပါ၊ဒါကြောင့်သူလဲအမြဲတမ်းဘုရားသခင်ရှေ့မှာနားမလည်စွာမေးခွန်းထုတ်နေတတ်ပါတယ်။
တတိယသစ်ပင်ကိုတော့လူတွေဟာကိုယ်တိုင်အပိုင်းပိုင်းဖြတ်ပြီးသေချာအချောသပ်ပြီးမှကြိုးကြီးနဲ့တုပ်ပြီးအမှောင်ခန်းထဲထည့်သိုထားပါတော့တယ်။သူ့အိမ်မက်ဖြစ်တဲ့ပေါ်လွင်ထင်ရှားချင်တဲ့ဆန္ဒဟာအခုတော့လူသူမမြင်နိုင်တဲ့အခန်းထဲအမှောင်ချခံနေရတာအင်မတန်စိတ်ဆင်းရဲရပါတယ်။ဘုရားသခင်ဆီနှစ်ချီဆုတောင်းထားတာဘာလို့ဒီလိုဖြစ်လာရတာလဲဆိုပြီးနားမလည်ဖြစ်နေဆဲပါ။
အပိုင်း(၄)
နှစ်တွေလတွေအလီလီကျော်လာခဲ့လေပြီ၊သစ်ပင်ကြီးသုံးပင်တွေတောင်သူတို့ကိုယ်စီရဲ့မျော်မှန်းချက်အိပ်မက်တွေမေ့နေသလောက်ရှိနေပြီပေါ့။
တနေ့သောညနေမှာ…
နွားစာခွက်အဖြစ်အသုံးခံနေရတဲ့နွားတင်းကုတ်လေးမှာ၊အမျိုးသားနဲ့အမျိုးသမီးစုံတွဲရောက်ချလာပါတယ်။အမျိုးသမီးကကိုယ်ဝန်ရင့်ကြီးနဲ့ဗိုက်နာတယ်…ပြောရင်းဆိုရင်း…ခဏအကြာမှာသားယောင်္ကျးလေးဖွားမြင်ခဲ့ပြီးဒီသားလေးကိုနွားစာခွက်ထဲလာသိမ့်ထားပါတယ်။ဆက်တိုက်ဆိုသလိုသိုးထိန်းကအစပညာရှိတွေလာရောက်ဖူးမျော်ကြပြီးရတနာတွေဆက်ကပ်တဲ့အခါ၊ဒီသူငယ်လေးကရတနာထက်အဖိုးတန်မြင့်မြတ်ကြောင်းနွားစာခွက်ဖြစ်တဲ့သစ်ပင်ကြီးကိုယ်၌ကသိမြင်လာပါတော့တယ်။ဒီချိန်မှသူ့အိမ်မက်ကိုဘုရားမမေ့ဘဲလက်တွေ့အကောင်ထည်ဖော်ပြည့်စုံပေးခဲ့ကြောင်းသက်သေရခဲ့ပါပြီလေ။ဘာကြောင့်လဲဆိုတော့သူ့အထဲမှာရောက်နေတဲ့သူငယ်တော်ဟာရတနာထက်တောင်အဖိုးတန်ကြီးမြတ်နေတဲ့သူမို့ပါ။
နှစ်၃၀ကျော်ကြာသွားတဲ့အခါ…
ဒုတိယသစ်ပင်ကြီးဖြစ်တဲ့လှေငယ်လေးတစင်း၊သူ့ပိုင်ရှင်နဲ့ငါးဖမ်းထွက်နေပါတယ်၊တညလုံးငါးတကောင်မှမရဘဲမိုးလင်းလို့ပြန်ကမ်းကပ်လာကြတယ်၊ဒီချိန်မှာလူအုပ်ကြီးတစုကကမ်းဘေးမှာလူတယောက်ရဲ့ဟောပြောတာကိုတိုးကြိတ်နားစဉ်နေကြပါတယ်၊သူတို့လဲကမ်းကပ်ရောဒီဟောပြောနေသူကလှေကိုခေတ္တငှားပေးဖို့ပြောပြီးလှေပေါ်တက်လာပါတယ်၊သူခေတ္တဟောပြောပြီးရေနက်ရာငါးဖမ်းခိုင်းတယ်၊လှေပိုင်ရှင်ကမလုပ်ချင်ပေမယ့်ဒီလူကအံ့ဩဖွယ်သွန်သင်နေသူမို့စမ်းကြည့်လိုက်တဲ့အခါတကယ်ဘဲပိုက်ကွန်တောင်ပြဲမတက်ငါးတွေရလိုက်ပါတယ်။ဒီချိန်မှလှေကလေးကငါတင်ထားတဲ့ဒီလူဟာတကယ့်ဘုရင်တကာဘုရင်အရှင်တကာအရှင်ပါလားဆိုတာသိမြင်လာပါတော့တယ်။ဘုရင်စီးတဲ့လှေဖြစ်ချင်နေတဲ့သူ့အိမ်မက်ပြည့်စုံခဲ့ပြီမို့ဝမ်းသာမဆုံးပါ။
နောက်သုံးနှစ်ကြာသွားတဲ့အခါ…
တတိယသစ်ပင်ကြီးကိုအမှောင်ခန်းကနေထုတ်ပြီးလူတင်သတ်ဖို့လက်ဝါးကားတိုင်အဖြစ်အသုံးပြုလိုက်ကြပါတယ်။အပြစ်သားလို့ထင်ရတဲ့လူတယောက်သူ့ကိုထမ်းပိုးပြီးလူအုပ်ကြီးရဲ့ဟားတိုက်မှုကြားမှာရှေ့လျှောက်နေရပါတယ်၊နောက်ဆုံးလူတကာမြင်သာတဲ့ဂေါလဂေါသတောင်မှာသူ့ကိုစိုက်ထူပြီးအပြစ်သားလို့ထင်ရတဲ့လူကိုရိုက်ထားကြပါတယ်၊အဲဒီထိသူနားမလည်ခဲ့သေးပါဘူး။တနင်္ဂနွေနေ့တနေ့မှာတော့နားလည်ခွင့်ရလိုက်ပါပြီ၊တကယ်တော့သူကိုထမ်းပြီးသူ့ပေါ်ရိုက်နှိပ်ခံခဲ့ရတဲ့လူဟာအပြစ်သားမဟုတ်ဘဲဘုရားသားဖြစ်ပြီးလောကလူတွေအတွက်ကိုယ်စားအပြစ်လာခံခြင်းပါ၊ဒီချိန်မှသူ့အိမ်မက်ပြည့်စုံသွားတာတွေ့မြင်နားလည်လာပါတော့တယ်၊မှန်ပါတယ်လက်ဝါးကားတိုင်ဟာယနေ့တိုင်လူတွေရဲ့နှလုံးသားမှာအမြဲထင်ရှားပြီးမှတ်မိနေတဲ့အရာတခုအဖြစ်ကျန်ရစ်နေခဲ့ပြီမဟုတ်ပါလား?။
.…………………ပြီး……………………
မိတ်ဆွေ
ဒီဝတ္တုတိုလေးအားဖြင့်ယနေ့ဘုရားသခင်ရဲ့စီမံချက်တွေဟာကျွန်တော်တို့နားမလည်နိုင်ပေမယ့်၊အကောင်းဆုံးသင့်အတွက်ပြင်ဆင်ထားပေးကြောင်းယုံကြည်ထားပါ။သင့်ရဲ့ဆုတောင်းချက်ကိုသင်ထင်ထားတဲ့နည်းနဲ့မဟုတ်ဘဲပိုမိုကောင်းမွန်တဲ့နည်းလမ်းနဲ့လည်းပြည့်စုံစေနိုင်ပါတယ်။ဒါကြောင့်အရာအားလုံးဘုရားထံစိတ်ချပုံအပ်ထားပါ၊သူအကောင်းဆုံးပြင်ဆင်ပေးပါလိမ့်မည်။
ဖတ်ရှုသူစာပေချစ်သူများအားလုံးဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။
Ye Ming(ပတ္တမြားမြေ)