ယေရှုခရစ်ငါ့အိမ်လာမယ်ဆိုပါလား
တခါကအလွန်ချမ်းသာသောယုံကြည်သူ သူဌေးတဦးရှိ၏။တရက်သောညတွင်အိမ်မက်ယူပါရုံမှသခင်ယေရှုသူ့ကိုစကားလာပြောသတဲ့”မနက်ဖြန်ငါမင်းအိမ်လာမယ်”။
နိုးလာတော့အိမ်မက်လိုလိုယူပါရုံလိုလိုပေါ့၊
ဒါပေမဲ့တိတိကျကျရှင်းရှင်းလင်းလင်းမှတ်မိတာတခုကသခင်ယေရှုငါ့အိမ်လာမယ်ဆိုတာပါဘဲ။
ဒါနဲ့မိုးလင်းတာနဲ့အိမ်သန့်ရှင်းရေးလုပ်၊အလှပြင်ဆင်၊ဈေးအကောင်းဆုံးထွက်ဝယ်ပြီးသကာလ၊စပယ်ရှယ်ဟင်းတွေနဲ့ဧည့်ခံဖို့အမျိုးမျိုးအဆင်သင့်လုပ်ထားပြီးယေရှုရောက်လာမှာကိုစောင့်နေတော့သတဲ့…
ခဏအကြာမှာတော့၊တံခါးခေါက်သံကြားတယ်၊သူဌေးကလည်းဒါယေရှုဘဲဆိုပြီးချက်ချင်းထပြေးဖွင့်တော့တာပေါ့၊ဒါပေမဲ့တံခါးဖွင့်လိုက်မှ…
ဆုတ်ပြတ်နံဆော်နေတဲ့သူတောင်းစားတယောက်ဖြစ်နေတာတွေ့လိုက်တယ်၊ဒါနဲ့သူဌေးကြီးကလည်း “ဘာလာလုပ်တာလဲ?သွားသွား၊ငါဒီနေ့ မဟာဧည့်သည်ကြီးတယောက်ကိုစောင့်နေတာဟဲ့၊သွား” …သနားစရာသူတောင်းစား၊ကိုယ့်ဗိုက်လေးကိုင်ပွတ်ပြီးထွက်သွားပါတယ်။
သိပ်မကြာဘူး၊တံခါးခေါက်သံကြားရပြန်ပြီ၊ “ဒါယေရှုဘဲ”ဆိုပြီးခပ်သွက်သွက်သွားဖွင့်ကြည့်ပြန်တယ်…“ဟဲ့ သူတောင်းစားတွေလာပြန်ပြီလား?ခုနဘဲတယောက်လာသွားပြီးပြီ၊ ငါစောင့်နေတာနင်တို့တွေကိုမဟုတ်ဘူးဟဲ့၊သွား!ဒီမှာနံကုန်ပြီဟဲ့”
အချိန်အနည်းငယ်ကြာပြီးနောက်…
“ခေါက်၊ခေါက်၊ခေါက်၊”
“ဟေး…တခါးလာခေါက်ပြီ၊ဒီတခါတော့သခင်ယေရှုခရစ်ဘဲသေချာပြီ”ဆိုပြီးအပြေးကလေးနဲ့သွားဖွင့်ကြည့်လိုက်တော့…
အရင်နှစ်ခါလာခေါက်တဲ့သူတောင်းစားထက်ပိုအိုပြီး၊ပိုညစ်ပေနေတဲ့သူတောင်းစားအဖိုးကြီးဖြစ်နေတာကိုတွေ့တော့၊သူဌေးကြီးမှဒေါသထွက်လွန်းလို့စကားတောင်မပြောချင်တော့ဘဲတံခါးချက်ချင်းဆွဲပိတ်လိုက်ပါတော့သည်။
ဒါနဲ့ထပ်စောင့်ပါတယ်…
စောင့်ရင်း…စောင့်ရင်း…မိုးချူပ်လာပြီ။
သန့်ရှင်းထားတဲ့အိမ်နဲ့စပယ်ရှယ်လုပ်ထားတဲ့အစားအစာတွေကိုကြည့်ရင်း…စိတ်ထဲမအီမသာနဲ့မျှော်လင့်ချက်ကင်းမဲ့နေလို့သူလဲစားမဝင်ဘူး၊စဉ်းစားရင်း…စဉ်းစားရင်းအိပ်ပျော်သွားသတဲ့။
ဒါနဲ့အိမ်မက်ယူပါရုံမှာယေရှုခရစ်သူ့ကိုနောက်တခါစကားလာပြောပြန်သတဲ့၊သူဌေးကြီးကလည်းချက်ချင်းမေးခွန်းထုတ်တော့တာပေါ့…
“သခင်၊ဘာလို့မလာတာလဲ၊ကျနော်သခင်လာမယ်ဆိုလို့ရှယ်ပြင်ဆင်ထားပြီးတနေကုန်ထိုင်စောင့်နေတာသခင်ရယ်၊လုပ်ရက်လိုက်တာ”ဟုငြီးငြူ ပြောဆိုလိုက်သောအခါ…
ယေရှုကလည်း”ငါဒီနေ့မင်းဆီလာပါတယ်၊လာတာမှသုံးခါတောင်လာတာ၊ငါလာတိုင်းမင်းငါ့ကိုပြန်ပြန်မောင်းထုတ်လိုက်တော့၊ငါဘယ်လိုလုပ်အတင်းဝင်လို့ရမလဲ”ဟူ၍ပင်။
သူဌေးကြီးကလည်း” ဟာ….ဟာ…ဒါဆိုသခင်ကဟိုတံခါးလာလာခေါက်တဲ့သူတောင်းစားသုံးယောက်အသွင်ယူထားတာပေါ့…အောင်မလေးမှားပါပြီသခင်ရယ်၊ထပ်အခွင့်လေးပေးတော်မှုပါ”ဟူ၍ပင်။
…………………………………………..
ချစ်သောမိတ်ဆွေ..
ဒီပုံပြင်လေးအားဖြင့်ယနေ့သင့်ဘဝအသက်တာထဲတွင်လည်းသခင်ယေရှုမလာတာမဟုတ်၊သခင်ဘယ်နှစ်ခါလာသွားမှန်းသင်မသိလိုက်တာပါ။မိဘမဲ့များ၊မရှိဆင်းရဲသားများ၊ဒုက္ခိတများ၊အကူညီလိုနေသောသူများအားဂရုဏာအားဖြင့်ဖေးမကူညီကြွေးမွေးခြင်းသည်သခင့်ကိုလုပ်ပေးခြင်းဖြစ်ကြောင်းကျမ်းစာကအတိအလင်းဖော်ပြထားပါပြီ။ဒါကြောင့်နောက်တခါသခင်လာရင်သင့်အတွင်းစိတ်ကိုသူသိချင်တာမို့ချပြဖို့မမေ့ပါနဲ့လေ။
ကျမ်းချက်
ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသောသူတယောက်အား ပြု ကြသမျှတို့ကိုငါ့အား ပြု ကြပြီဟု ပြန်၍မိန့်တော်မူလတံ့။
(ရှင်မဿဲခရစ်ဝင် ၂၅:၄၀)
အကြင်သူသည် တပည့်တော်၏ မျက်နှာကိုထောက်၍ ဤသူငယ်တစုံတယောက်အား ရေတခွက်ကို မျှပေး၏။ ထိုသူသည် အကျိုးကို မရဘဲမနေရာ၊ ငါအမှန်ဆိုသည်ဟု မှာထားတော်မူ၏။
(ရှင်မဿဲခရစ်ဝင် ၁၀:၄၂)