• 周日. 4 月 19th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အပြေးမြန်ဖို့ထက်ပန်းတိုင်မှန်ပါစေ

ဆရာရဲမင်း

11 月 20, 2024

အပြေးမြန်ဖို့ထက်ပန်းတိုင်မှန်ပါစေ

ယုန်နှင့်လိပ်အပြေးပြိုင်တဲ့ပုံပြင်အားလုံးကြားဖူးပါလိမ့်မယ်။ယုန်ကလမ်းတဝက်မှာရန်သူကိုအထင်သေးပြီးအိပ်မိလို့ရှုံးသွားခဲ့တာပါ၊ပြိုင်ပွဲပြီးဆုံးသွားပေမဲ့ယုန်ကတော့မကျေနပ်ဘဲဖြစ်နေပါတယ်။
ဒါကြောင့်နောက်တပွဲပြန်ပြိုင်ဖို့လိပ်ကိုသွားစိန်ခေါ်ပြန်ပါသတဲ့။ဒါနဲ့တောဘုရင်သတ္တဝါကြီးတွေကိုဒိုင်လုပ်ခိုင်းပြီးမကျေနပ်ပွဲပြန်ပြိုင်ကြတာပေါ့။
တစ်နှစ်သုံးပြိုင်ကြဟေ့…ဆိုတာနဲ့ယုန်ကတခါရှုံးဖူးတော့ရန်သူကိုအထင်မသေးရဲတော့ဘဲတန်းပြေးပါတော့တယ်။လမ်းမှာလဲမအိပ်ရဲတော့ဘဲ‌ရှေ့ကိုတန်းပြေးသွားပါတော့တယ်။
ပြိုင်ပွဲပြီးဆုံးလို့ဒိုင်တွေကလိပ်နိုင်ကြောင်းကြေငြာတဲ့အခါယုန်ကလုံးဝမယုံကြည်နိုင်ဘဲဒိုင်ကြီးတွေကိုစိတ်ဆိုးဆိုးနဲ့သွားမေးတာပေါ့၊ဒါနဲ့ဒိုင်တွေကလဲပြန်ဖြေတယ်”မင်းပြေးတာမြန်တယ်၊မပျင်းရိခဲ့ဘူးမအိပ်ခဲ့ဘူး။ဒါပေမဲ့မင်းပန်းတိုင်ပြေးမှားနေတယ်၊မင်းရောက်သွားတာငါတို့အားလုံးသဘောတူထားတဲ့ပန်းတိုင်မဟုတ်ဘူး၊လိပ်ကတော့နှေးပေမဲ့သတ်မှတ်ထားတဲ့ပန်းတိုင်ကိုသူသိတယ်၊ရောက်အောင်ပြေးတယ်”…။
ဒါကတော့နိုင်ချင်ဇောနဲ့ပန်းတိုင်ကိုသတိမထားဘဲပြေးတဲ့ယုန်ရဲ့အဖြစ်ပါ။အပြေးမြန်ပေမဲ့ပန်းတိုင်ကိုဦးတည်ပြေးတာမဟုတ်တဲ့အတွက်ဒီတခါပြန်ရှုံးခဲ့ရပြီ‌ပေါ့လေ။
ညီကိုမောင်နှမတို့
ခရစ်ယာန်ယုံကြည်မှုဟာအပြေးပြိုင်‌တာနဲ့တူကြောင်းရှင်ပေါလုဖော်ပြခဲ့ပါတယ်။ပန်းတိုင်ဖြစ်တဲ့ယေရှုကိုဦးတည်ပြီးအသက်ရှင်‌ပြေးလွားရတာပါ။ဒီလို‌ပြေးတဲ့အခါသတိထားရမဲ့အချက်နှစ်ချက်ရှိပါတယ်၊ရန်သူစာတန်(လောက)ကိုအထင်မသေးမိဖို့၊လမ်းတစ်ဝက်မှာပျင်းရိအိပ်ပျော်နေတာမျိုးမဖြစ်ဖို့နဲ့၊အထူးသဖြင့်အပြေးမြန်ဖို့ထက်ပန်းတိုင်(ယေရှု)နဲ့မလွဲ‌ချော်သွားဖို့အင်မတန်မရေးကြီးလှပါပေတယ်။ယုံကြည်ခြင်းအားကြီးတာကောင်းပေမဲ့ယေရှုခရစ်ကိုဗဟိုမပြုရင်ကျွန်တော်တို့ရဲ့စိတ်အားထက်တန်ခြင်းဟာဘာအကျိုးမှရှိမှာမဟုတ်ပါ။

ဟေဗြဲ၁၂း၁-၂ထိုကြောင့်၊ ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက်ရှိကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သော ဒုစရိုက်ကိုလည်းကောင်း ပယ်ရှား၍၊ ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့။ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။