သိုးထိန်းများရဲ့ခရစ္စမတ်မှသင်ခန်းစာ
အခြေပြုကျမ်း-လုကာ၂:၈-၂၀
နိဒါန်း
နှစ်စဉ်နှစ်တိုင်းခရစ္စမတ်ပွဲရောက်လာပြီဟေ့ဆိုတာနဲ့၊ပျော်ပွဲရွှင်ပွဲလုပ်ဖို့အမျိုးမျိုးပြင်ဆင်ကြပါတော့တယ်။နှစ်တွေကြာလာတာနဲ့အမျှခရစ္စမတ်ကိုကြိုဆိုပုံဆင်နွဲပုံတွေကလည်းအမျိုးမျိုးအဖုံဖုံပြောင်းလဲပြုလုပ်လာကြတာမို့ကနဦးခရစ္စမတ်အနှစ်သာရတွေပျောက်ကွယ်လုပါဘဲ။ဒါကြောင့်ဒီနေ့မှာတော့သမ္မာကျမ်းစာထဲကနေသိုးထိန်းတွေဟာခရစ္စမတ်ပွဲကိုဘယ်လိုဆင်နွဲခဲ့သလဲဆိုတဲ့ခေါင်းစဉ်နဲ့အနည်းငယ်ဝေငှချင်ပါတယ်။
၁။ဘုရားစကားကိုနားထောင်ခြင်း
လုကာ၂:၈-၂၀အရသိုးထိန်းတွေဟာညအချိန်မှာသိုးတွေကိုအလှည့်ကျထိန်းသိန်းနေတဲ့အခါ၊ဘုရားသခင်ရဲ့ကောင်းကင်တမန်ဟာသူတို့ဆီမှာအံ့သြဖွယ်ပေါ်လာပြီးခရစ္စမတ်သတင်းကောင်းလာပြောပြပေးခဲ့ပါတယ်။ဒီခရစ္စမတ်သတင်းကောင်းကတော့လူသားအားလုံးကိုအပြစ်ကနေကယ်ချွတ်မယ့်ကယ်တင်ရှင်ယေရှုခရစ်တော်ဟာဗက်လင်ဆိုတဲ့မြို့မှာဒီညဘဲဖွားမြင်ပါပြီဆိုတဲ့အကြောင်းအရာပါ။
ဒီနေရာမှာကျွန်တော်တို့သတိထားမိရမှာကသိုးထိန်းတွေဟာအင်မတန်ကြောက်ခဲ့ကြပေမယ့်၊ဘုရားစကားကိုတော့သေသေချာချာနားထောင်သဘောပေါက်ခဲ့ကြတယ်ဆိုတာပါဘဲ။
ချစ်သောညီကိုမောင်နှမတို့၊ယနေ့ကျွန်တော်တို့တတွေခရစ္စမတ်ကိုဆင်နွဲကြတဲ့အခါအထူးသဖြင့်မဖြစ်မနေလုပ်ရမယ့်အရာတခုကဘုရားစကားကိုသေသေချာချာနားထောင်တတ်ခြင်းပါဘဲ။လူတချို့မေးကောင်းမေးပါလိမ့်မယ်၊ဆရာရယ်ကောင်းကင်တမန်ပေါ်လာပြီးစကားလာမပြောပြဘူးဆိုတော့ဘုရားစကားဘယ်လိုနားထောင်ရမလဲပေါ့။ညီကိုမောင်နှမတို့ဒီမှာကျနော်ဖြေပေးချင်တာဘုရားစကားဆိုတာယနေ့ကျွန်တော်တို့ကိုင်ထားတဲ့သမ္မာကျမ်းစာပါဘဲ။မှန်ပါတယ်၊ကျမ်းစာရှိသမျှဟာဘုရားရဲ့စကားတော်ဖြစ်တယ်ဆိုတာ(၂တိ၃:၁၆)မှာဖော်ပြပါတယ်။ဒါကြောင့်ခရစ္စမတ်ပွဲတော်ဆင်နွဲတဲ့အခါအစားအသောက်ထက်ဘုရားစကားကိုဦးထိပ်ထားပါ၊ပျော်ပွဲရွှင်ပွဲထက်နူတ်ကပတ်တော်ကိုတန်ဖိုးထားနားထောင်ခံယူပါ။အပြင်ပန်းအလှဆင်ဖို့ထက်ဘုရားစကားကိုနှလုံးသွင်းမိဖို့အင်မတန်အရေးကြီးပါတယ်။ဒါကသိုးထိန်းတွေဆီကနေသင်ယူရမယ့်ခရစ္စမတ်အနှစ်သာရပထမတစ်ချက်ပါဘဲ။
၂။ဘုရားစကားကိုလိုက်လျှောက်ခြင်း
သိုးထိန်းတွေဟာဘုရားစကားကိုသေသေချာချာကြားရပြီးနောက်၊သိုးကိုဘဲဆက်ကျောင်းနေခဲ့တာမဟုတ်ပါဘူး။သူတို့အချင်းချင်းဘယ်လိုဆုံးဖြတ်ကြလဲဆိုတော့၊လုကာ၂:၁၅-၁၆မှာ“ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံသို့ ပြန်ကြပြီးမှ သိုးထိန်းတို့က၊ ငါတို့သည် ဗက်လင်မြို့သို့ သွားကြကုန်အံ့။ ထာဝရဘုရားသည် ဖော်ပြတော်မူသော ဤအမှုအရာကို ကြည့်ကြကုန်အံ့ဟု အချင်းချင်း ပြောဆိုပြီးလျှင်၊အလျင်အမြန်သွား၍ မာရိနှင့်ယောသပ်ကိုလည်းကောင်း၊ နွားစားခွက်၌ သိပ်ထားလျက်ရှိသော သူငယ်ကိုလည်းကောင်း တွေ့ကြ၏။”လို့ ကျမ်းစာကဆိုပါတယ်။
ညီကိုမောင်နှမတို့၊သတိထားမိလားတော့မသိဘူး“အလျင်အမြန်သွားကြတယ်”ဆိုတဲ့စကားလုံးကိုပါ၊ဒါကဘာကိုညွန်ပြနေသလဲဆိုရင်သိုးထိန်းတွေဟာသူတို့ကြားလိုက်ရတဲ့ဘုရားစကားကိုချက်ချင်းလုပ်ဆောင်ခြင်းအားဖြင့်ကောင်းကြီးယူကြတာပါဘဲ။အမှန်ကသူတို့ဟာသိုးတွေကိုထားခဲ့ရင်သိုးတွေပျောက်သွားတာမျိုး၊သိုးတွေသေသွားတာမျိုးနဲ့ကြုံကောင်းကြုံနိုင်သလို၊ညနက်ကြီးနဲ့သွားလာဖို့ဆိုတာအတော်အန္တရာယ်ကြီးတဲ့အရာပါ။ဒါပေမယ့်ဘုရားစကားကိုလိုက်လျှောက်ဖို့သူတို့ကဒီအရာတွေကိုမမှုကြတော့ပါဘူး။အကယ်လို့သင်နဲ့ကျွန်တော်သာအဲဒီချိန်ကသိုးထိန်းတွေဖြစ်ခဲ့မယ်ဆိုရင်သိုးတွေအသေအပျောက်ဖြစ်မှာစိုးလို့၊ညနက်ကြီးမို့လို့ဆိုပြီးချက်ချင်းမသွားဘဲမိုးလင်းပြီးမှသွားကောင်းသွားပါလိမ့်မယ်။ဒါပေမယ့်သိုးထိန်းတွေကတော့ဘုရားစကားကိုလောကီဥစ္စာထက်တန်ဖိုးထားကြသလို၊အရဲစွန့်ပြီးချက်ချင်းခံယူလိုက်လျှောက်ခဲ့ကြတာပါ။
ချစ်သောညီကိုမောင်နှမတို့၊ဒီနေ့ကျွန်တော်တို့အသက်တာမှာဘုရားစကားနားမထောင်ကြတာမဟုတ်၊နားထောင်ကြပေမယ့်နားထောင်ထားတဲ့အတိုင်းမလိုက်လျှောက်ကြတာပါ။တချို့ကျပြန်တော့လည်းလောကီရေးရာကိစ္စရပ်အမျိုးမျိုးကြောင့်“ချက်ချင်း”မလိုက်လျှောက်နိုင်ကြသလို၊သူများတခုခုပြောမှာ“ကြောက်လို့”ဘုရားစကားကိုအသက်မရှင်ထွက်လာရဲကြပါဘူး။ကြာလာတော့မေ့သွားတာမျိုးရှိနေတာပါ။ ယနေ့ခရစ္စမတ်ပွဲဆင်နွဲတဲ့အခါမှာအရေးကြီးတဲ့ဒုတိယတချက်ကသိုးထိန်းတွေလိုဘုရားစကားကိုလက်တွေ့လိုက်လျှောက်ခြင်းပါ။
မိတ်ဆွေ၊ရှင်မဿဲ၇:၂၄-၂၇မှာ ယေရှုဘုရားကဘယ်လိုပြောသလဲဆိုရင်“အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။မိုးရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သည်ရှိသော်၊ ကျောက်ပေါ်မှာ တည်သောကြောင့် မပြိုမလဲနေ၏။အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားမထောင်ဘဲနေ၏။ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့်တူကြောင်းကို ငါပုံပြမည်။မိုးရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သောအခါ၊ ကြီးစွာသော ပြိုလဲခြင်းသို့ ရောက်လေသည်ဟု ဟောတော်မူ၏။” ယနေ့ကျွန်တော်တို့အသက်တာမှာစုံစမ်းနှောက်ယှက်ခြင်းကိုမခံနိုင်ဘဲအမြဲတမ်းဘုန်းဘုန်းလဲကျနေတာဟာဘုရားစကားကိုလက်တွေ့မလိုက်လျှောက်လို့ဖြစ်ပါတယ်။ဘုရားကိုကြောက်တာထက်တခုခုကိုကြောက်နေလို့ဖြစ်ပါတယ်။ဘုရားစကားကိုလိုက်လျှောက်ဖို့ထက် လောကီဥစ္စာကိုသာဦးစားပေးနေလို့ဖြစ်ပါတယ်။
ညီကိုမောင်နှမတို့၊ခရစ္စမတ်မှာဘုရားသခင်ရဲ့စကားကိုသင်ဘယ်လောက်ကြားရပြီဆိုတာထက်ဒီနေ့အတူတကွဆင်ခြင်ရမှာကသင်ဘယ်လောက်လက်တွေ့လိုက်လျှောက်ခဲ့ပြီလဲဆိုတာပါဘဲ။အဓိပ္ပယ်ရှိတဲ့ခရစ္စမတ်၊အနှစ်သာရရှိတဲ့ခရစ္စမတ်ဆိုတာဘုရားသခင်ရဲ့စကားတော်မြတ်ကိုလက်တွေ့လိုက်လျှောက်ခြင်းပါ၊ဘုရားစကားကိုကြားရတဲ့အခါမဆိုင်းမလင့်ဘဲ၊ရဲ့ဝံ့စွာလက်တွေ့(ချက်ချင်း)လိုက်လျှောက်ရင်းခရစ္စမတ်ကိုဖြတ်သန်းကြပါစို့။ဒါမှသာလျှင်ဒီနှစ်ခရစ္စမတ်ဟာသင့်အတွက်ကောင်းကြီးဖြစ်မှာပါ၊အာမင်။
၃။ဘုရားစကားကိုပြန်လည်ဝေမျှခြင်း
သိုးထိန်းတွေဟာဘုရားစကားကိုသေချာနားထောင်ပြီး၊လက်တွေ့လုပ်ဆောင်ခဲ့ပါတယ်။ဒီလိုနဲ့သူတို့တွေဟာကယ်တင်ရှင်ယေရှုခရစ်တောာ်ကိုဖူးမြော်ခဲ့ကြရပြီး၊သိုးဆက်ကျောင်းခဲ့ကြတာမဟုတ်ပါဘူး၊သူတို့ကြားခဲ့၊မြင်ခဲ့၊ခံစားခဲ့ရတဲ့အရာအားလုံးကိုလူတကာဆီပြန်လည်ဟောပြောသက်သေခံခဲ့ကြောင်းလုကာ၂:၁၆-၁၈မှာဒီလိုဖော်ပြထားပါတယ်“အလျင်အမြန်သွား၍ မာရိနှင့်ယောသပ်ကိုလည်းကောင်း၊ နွားစားခွက်၌ သိပ်ထားလျက်ရှိသော သူငယ်ကိုလည်းကောင်းတွေ့ကြ၏။တွေ့မြင်ပြီးမှ မိမိတို့ကြားသော ထိုသူငယ်၏ အကြောင်းစကားကို အနှံ့အပြားပြောကြ၏။သိုးထိန်းတို့ပြောသောစကားကို ကြားသောသူ ရှိသမျှတို့သည် အံ့ဩခြင်းရှိကြ၏။” သိုးထိန်းတွေဟာသတင်းကောင်းကိုပထမဦးဆုံးတဆင့်ပြန်လည်“အနှံ့အပြား”ဟောကြားခဲ့တဲ့လူတွေပါ။
ချစ်သောညီကိုမောင်နှမတို့၊ယနေ့ကျွန်တော်တို့တတွေဟာနဂိုကမိမိအပြစ်ကြောင့်သေသင့်တဲ့လူတွေပါ၊ဒါပေမယ့်ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်၊ယေရှုခရစ်တော်ကိုယုံကြည်လက်ခံခဲ့လို့ကယ်တင်ခြင်းရခဲ့တာပါ။ဟာလေလုယာ။ဒါကိုတကိုယ်ကောင်းစိတ်ဆန်ပြီးဒီလောက်ကောင်းမြတ်တဲ့အရာကို မယုံကြည်သေးတဲ့ကိုယ့်မိသားစု၊ကိုယ့်သူငယ်ချင်း၊ကိုယ့်အတိုင်းဝိုင်းကိုမပြောပြဘဲနေရင်တော့ကျနော်တို့ဟာလူယုတ်မာနဲ့အတူတူပါဘဲ။ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့တကိုယ်ကောင်းစိတ်ဆန်သူဖြစ်နေလားဆင်ခြင်ကြည့်ပါ။ငါဘဲကောင်းကင်သွားရင်ရပြီ၊တခြားသူတွေမရောက်ရင်လဲကိစ္စမရှိဘူးဆိုတဲ့ယုံကြည်သူဖြစ်နေသလားဆင်ခြင်ရအောင်။ခရစ္စမတ်မှာအရေးကြီးသတိပြုမိသင့်တဲ့အရာကအဲဒါပါဘဲ။ခရစ္စမတ်ဆိုတာသတင်းကောင်းဝေငှရာကာလဖြစ်ပါတယ်၊ခရစ္စမတ်မှဝေငှရတာမဟုတ်ပေမယ့်၊ခရစ္စရောက်လာတိုင်းငါသတင်းကောင်းကိုဝေငှနေပြီလားဆိုတာသတိရစေတဲ့ပွဲတော်ဖြစ်သင့်ပါတယ်။ ၂တိ၄:၂မှာလည်းအချိန်ရှိရှိမရှိရှိအမြဲတမ်းဧဝံဂေလိသတင်းကောင်းဝေငှဖို့တိုက်သွန်းထားပါတယ်။နူတ်နဲ့မဟောတတ်ရင်တောင်ဝေစာအားဖြင့်၊ငွေကြေးအားဖြင့်ပါဝင်ရင်းခရစ္စမတ်ကိုဖြတ်သန်းကြရအောင်ပါ။အာမင်။
နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊ယနေ့သင်ဟာဘာတွေလုပ်ပြီးခရစ္စမတ်ကိုကျော်ဖြတ်နေပါသလဲ?ကိုယ့်ကိုကိုယ်မေးခွန်းထုတ်ကြည့်ရအောင်။ကနဦးခရစ္စမတ်ပွဲအဖြစ်ပါဝင်ခဲ့ကြတဲ့သိုးထိန်းတွေကတော့
၁။ဘုရားစကားကိုသေချာနားထောင်တယ်။
၂။ဘုရားစကားကိုချက်ချင်းလိုက်လျှောက်ခဲ့ကြတယ်။
၃။ဘုရားစကားကိုပြန်လည်ဝေမျှခဲ့ကြပါတယ်။
ယနေ့ကျွန်တော်တို့လည်းကနဦးသိုးထိန်းတွေလိုဘုရားစကားနားထောင်ခြင်း၊ဘုရားစကားလိုက်လျှောက်ခြင်းနဲ့ကယ်တင်ခြင်းကိုပြန်လည်ဝေငှခြင်းဖြင့်ခရစ္စမတ်ကိုဖြတ်သန်းကြရင်းကောင်းကြီးမင်္ဂလာခံစားရသောသူဖြစ်ကြပါစိုလား?ဒီလိုဆိုရင်ဒီနှစ်မှာသင့်အတွက်အဓိပ္ပာယ်ပြည့်ဝသောခရစ္စမတ်ဖြစ်လာပါလိမ့်မယ်။ဘုရားသခင်အလင်းပေးပါစေ။အာမင်။