ကယ်ရိုစင်းနှင့်အလှူခံခြင်း
ခရစ္စမတ်ရောက်ပြီဟေ့ဆိုရင်၊ကယ်ရိုစင်းဆိုပြီးတအိမ်ထွက်ဆင်းသီချင်းလိုက်ဆိုတာကအပျော်ရွှင်ဆုံးပါဘဲ။ဒါပေမဲ့အဲလိုသတင်းကောင်းဝေငှတဲ့အလုပ်ကိုအခုခေတ်လူတချို့ကအလှူခံတဲ့အခွင့်အရေးအဖြစ်အသုံးပြုလာတာစိတ်မကောင်းစရာပါဘဲ။
တခြားအချိန်အလှူငွေလက်ခံတာအပြစ်မဟုတ်ပါ၊ဧဝံဂေလိဆိုတဲ့သတင်းကောင်းကိုမယုံကြည်သူအိမ်တအိမ်ထွက်ဆင်းလိုက်ဟောပြီးအလှူငွေလက်ခံခြင်းကပြဿနာရှိနိုင်ပါတယ်။မယုံကြည်သူတွေပြောနေကျစကားက“ခရစ္စမတ်ရောက်ပြီ၊ခရစ်ယာန်တွေပိုက်ဆံလိုက်တောင်းတဲ့ကာလရောက်ပြီ”ဆိုတဲ့စကားပါ။ဒါကသူတို့တိုက်ခိုက်တဲ့စကားပါလို့ခံယူလို့ရပေမဲ့၊တချို့ခရစ်ယာန်တွေတကယ်အဲလိုငွေလိုက်တောင်းနေတာကြောင့်လဲဖြစ်တည်လာတာငြင်းမရပါ။
တချို့ခရစ်ယာန်တွေကအလှူလိုက်တောင်းတာမဟုတ်ကြောင်း၊ဒါပေမဲ့ပေးလာရင်လက်ခံထားကြောင်း၊လက်ခံထားတဲ့ငွေကိုလည်းဧဝံဂေလိနဲ့ခရစ္စမတ်မှာသာအသုံးပြုကြောင်းခံယူပြောဆိုတတ်ကြပါတယ်။
တကယ်တော့သေချာစဉ်းစားကြည့်ရင်၊ခရစ္စမတ်ကယ်ရိုစင်း(သတင်းကောင်းကိုတစ်အိမ်ထွက်ဆင်းဝေငှတဲ့အခါ)အလှူငွေကိုလုံးဝလက်မခံသင့်တာပါ။အလှူခံခြင်းနဲ့ဧဝံဂေလိလုပ်ခြင်းကမရောယှက်သင့်တာပါ။ဘာလို့လဲဆိုတော့ဒီလိုလုပ်ရင်းလုပ်ရင်းနဲ့ဘဲကယ်ရိုစင်းကအလှူခံတဲ့ပွဲဖြစ်လာနေလို့ပါဘဲ။မယုံကြည်သူတွေအတွက်တည်ဆောက်စရာမဖြစ်နိုင်တာမို့ပါ။
ဖြစ်သင့်တာကလက်ဆောင်အစားအသောက်ဝေစာတွေလိုက်ပေးသင့်တယ်။အလှူလာတောင်းတာမဟုတ်ဘဲ၊ခရစ္စမတ်လက်ဆောင်လာပေးတာပါလို့ရှင်းပြရပါမယ်။ဒါမှသာလျှင်မယုံကြည်သူတွေအတွက်တည်ဆောက်စရာဖြစ်ပါမယ်။သတင်းကောင်းကိုလည်းလက်ခံလာနိုင်မယ်။မဟုတ်ရင်ကယ်ရိုစင်းဆိုတာခရစ်ယာန်တွေအလှူခံတဲ့ကာလပါလို့သာဖြစ်နေပါအုံးမည်။
ဒါကြောင့်ချစ်သောအမှုတော်ဆောင်များ၊အသင်းသားတွေကိုဘယ်အချိန်မှာကယ်ရိုသီချင်းလာဆိုမှာဖြစ်ကြောင်း၊အလှူငွေလက်မခံကြောင်း၊ခရစ္စမတ်ပွဲအတွက်အလှူပေးချင်သူများဘုရားကျောင်းမှာလာထည့်နိုင်ကြောင်းသေချာကြေငြာထားပေးပါ။ဒါကမိမိအသင်းသားတွေကိုခရစ္စမတ်ကယ်ရိုစင်းဟာအလှူခံနေခြင်းမဟုတ်ကြောင်းသိရှိစေသလို၊မယုံကြည်သူတွေကိုလည်း(အလှူလက်မခံခြင်းဖြင့်)သူတို့နားလည်လာမှာဖြစ်ပါတယ်။
နောက်ပြဿနာတခုက
တအိမ်ထွက်ဆင်းကယ်ရိုစင်းဆိုတာဟာအဓိကဧဝံဂေလိလုပ်ခြင်းဆိုတာမေ့နေကြတာပါ။
ကယ်ရိုသွားတဲ့အခါယုံကြည်သူအိမ်မှာလဲကယ်တင်ခြင်းစိတ်မချသေးသူရှိနိုင်တာမို့သွားလို့တော့ရတယ်ဆိုပေမဲ့၊အဓိကမယုံကြည်သူတွေအတွက်သတင်းကောင်းဝေငှတာမို့လို့၊မယုံကြည်သူအိမ်ကိုဦးစားပေးသင့်ပါတယ်(ကြိုတင်အကြောင်းကြားပြီး)။
နိဂုံးချုပ်ပြောရရင်
ကယ်ရိုစင်းထွက်ပြီးအလှူငွေလက်ခံတာအပြစ်မဟုတ်ပေမဲ့၊မသင့်တော်တာပါ။အလှူတောင်းနေတယ်ဆိုပြီးအမြင်မှားနိုင်သလို၊နောင်လာနောက်သားတွေကိုလဲအသင်းတော်ဘက်ဂျက်ရှာတဲ့အခွင့်အရေးလို့မှားယွင်းစွာခံယူမိသွားနိုင်ပါတယ်။အမှန်ကကယ်ရိုစင်းထွက်တယ်ဆိုတာသီချင်းဆိုဆုတောင်းရင်းသတင်းကောင်းဝေငှတာဖြစ်ပါတယ်။
ဒါကြောင့်…
ဒီနှစ်ခရစ်စမတ်ကယ်ရိုစင်းထွက်ရင်
အလှူငွေလက်မခံဘဲပေးကမ်းခြင်းနဲ့စတင်ကြည့်ပါ၊
သီချင်းဆိုရင်းဝေစာနဲ့လက်ဆောင်ပေးကမ်းခဲ့ပါ၊ဆုတောင်းကောင်းချီးပေးပြီးနူတ်ဆက်ခဲ့ပါ။မတူညီတဲ့ခရစ္စမတ်ကောင်းချီးသင်ခံစားရပါလိမ့်မယ်။အာမင်။
(ဟေရှာ၅၂:၇ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာ သတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်း ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၊ သင်၏ဘုရားသခင်စိုးစံတော်မူ၏ဟု ဇိအုန်မြို့အား ပြောသောသူ၏ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ်လှစွတကား။)