ခရစ်ယာန်အိမ်ထောင်ကွာရှင်းခြင်းနှင့်ထပ်ယူခြင်း
ခရစ်ယာန်တွေအမေးအများဆုံး မေးခွန်းထဲကတခုဟာ“အိမ်ထောင်ကွာရှင်းလို့ရပါသလား”၊“အိမ်ထောင်ထပ်ပြုလို့ရလား”ဆိုတဲ့မေးခွန်းပါ။ဒါကိုသမ္မာကျမ်းစာကနေအချက်(၅)ချက်နဲ့ဖြေရှင်းပေးပါမယ်။
၁။ရှင်းရှင်းလေးဖြေရရင်ခရစ်ယာန်တွေအိမ်ထောင်ကွာရှင်းပြတ်စဲလို့မရပါဘူး။ကွာရှင်းခြင်းကိုဘုရားအလွန်ရွံမုန်းတယ်လို့မာလခိ၂:၁၆မှာဖော်ပြသလို၊မဿဲ၅:၃၂နဲ့၁၉:၉မှာယေရှုကိုယ်တိုင်မကွာရှင်းရကြောင်းဖော်ပြထားပါတယ်။
၂။ဒါဆိုရင်ဓမ္မဟောင်းမှာကွာရှင်းဖို့ပညတ်ရှိခဲ့တာကဘာကြောင့်လဲလို့မေးကောင်းမေးနိုင်ပါတယ်။ဒီ မေးခွန်းကိုမဿဲ၁၉:၃-၁၂မှာလည်းဖာရိရှဲတွေကယေရှုကိုမေးခဲ့ဖူးပါတယ်။အမှန်တော့ဘုရားသခင်ကဓမ္မဟောင်းခေတ်မှာအမျိုးသမီးတွေကိုကာကွယ်ပေးတဲ့အနေနဲ့အမျိုးသမီးအခွင့်အရေးရအောင်ကွာရှင်းပြတ်စဲတဲ့အထောက်အထားပေးဖို့(တရားဟောရာ၂၄:၁-၄) ယောကျာ်းတွေကိုပညတ်ခဲ့တာပါ။နောက်တခုကလူစိတ်မာကျောနေတာမို့ဘုရားအလိုတော်မဟုတ်ဘဲအခွင့်တော်သာဖြစ်ကြောင်းယေရှုခရစ်ကမဿဲ၁၉:၈မှာပြန်လည်ဖြေရှင်းခဲ့ပါတယ်။
၃။ဒါပေမယ့်ယနေ့ခေတ်မှာယုံကြည်သူတွေအိမ်ထောင်ကွဲလို့ရပြီးနောက်အိမ်ထောင်ထပ်ပြုလို့ရတဲ့ချွင်းချက်တချို့တော့ရှိပါတယ်။အဲဒါတွေကတော့…
(က)တဖက်သားကအိမ်ထောင်ရေးဖောက်ပြန်ရင်ကွာရှင်းလို့ရကြောင်းယေရှုခရစ်က(မဿဲ၅:၃၂နဲ့၁၉:၉)မှာခွင့်ပြုထားပါတယ်။
(ခ)မယုံကြည်သူအိမ်ထောင်ဖက်ကကမိမိရဲ့ယုံကြည်ခြင်းကိုဖိနှိပ်၊ငြင်းဆဲ၊ဆန့်ကျင်လာပြီးကွာရှင်းလာ(ကိုယ့်ဖက်ကကွာရှင်းတာမဟုတ်ဘဲသူ့ဖက်ကကွာရှင်းလာတာမျိုး)ဆိုရင်လက်ခံလို့ရတဲ့အကြောင်း(၁ကော၇:၁၅)မှာဖော်ပြထားပါတယ်။
(ဂ)အိမ်ထောင်ဖက်သေဆုံးသွားသူများကိုနောက်ထပ်အိမ်ထောင်ပြုခွင့်ပေးထားပါတယ်(၁ကော၇:၈-၉၊၁တိ၅:၁၄)။
(ဃ)အသက်အန္တရာယ်ရှိတဲ့အထိရိုက်နှက်လာရင်ခေတ္တခွဲနေကြည့်ဖို့၊ ရှောင်ထားဖို့အကြံပေးပါတယ်။ဒီတချက်ကကွာရှင်းဖို့ကျမ်းစာကမပြောပေမယ့် အ အ ကြီး အသေခံဖို့တော့မဟုတ်ပါဘူး၊ဘုရားပေးတဲ့ညာဏ်ပညာနဲ့သတိထားရမဲ့အရာဖြစ်ပါမယ်။
၄။အထက်ပါအချက်ကလွဲလို့ကွာရှင်းထားတဲ့သူကိုပြန်ယူခဲ့ရင်၊ယူတဲ့သူ ကောအယူခံရသူပါအပြစ်ရှိကြောင်းကျမ်းစာ(မဿဲ၅:၃၂နဲ့၁၉:၉)မှာသေချာဖော်ပြထားပါတယ်။ပြောင်းပြန်လှန်ပြောရရင်အထက်ပါအခြေနေကြောင့်ကွာရှင်းထားသူကိုယူရင်အပြစ်မရှိတဲ့သဘောပါ။သတိထားရကမှာအိမ်ထောင်ရေးအပြစ်ဟာဘုရားခွင့်မလွတ်နိုင်တဲ့အပြစ်မဟုတ်ပါဘူး၊အသက်ရှင်တုန်းအပြစ်ရဲ့အခကိုခံရမှာဖြစ်ပေမယ့်၊စစ်မှန်တဲ့နောင်တနဲ့ပြန်လာရင်ဘုရားလက်ခံခွင့်လွတ်မှာဖြစ်ပါတယ်(၁ယော၁:၉)။
၅။နောက်တခုက
အထက်ပါဖော်ပြလိုက်တဲ့ကွာရှင်းပြတ်စဲလို့ရတဲ့အခြေအနေတွေဟာ“ချွင်းချက်”တခုသာဖြစ်ကြောင်းနားလည်ရပါမယ်။ဆိုလိုတာကအဲလိုကြုံလာခဲ့ရင်ကွာကိုကွာရှင်းရမယ်လို့မဆိုလိုပါ၊တဖက်သားကတကယ့်ကိုနောင်တရပြီးတောင်းပန်ဝန်ချလာရင်ခွင့်လွတ်လက်ခံပေးဖို့ကျမ်းစာ(ဧဖက်၄:၃၂)ကပိုအားပေးထားပါတယ်။နောက်ပြီးအကယ်လို့ကွာရှင်းပြတ်စဲခဲ့ရင်လည်း(အိမ်ထောင်ဖက်သေသွားခဲ့တာအပါအဝင်)အိမ်ထောင်ထပ်ပြီးပြုလို့ရပေမယ့်၊အိမ်ထောင်ထပ်မပြုရင်မရဘူးလို့မဆိုလိုပါဘူး။စင်ဂယ်အနေနဲ့အသက်ရှင်သွားလို့ရကြောင်းကျမ်းစာ(၁ကော၇:၈)ကဖော်ပြပါတယ်။
စာဖတ်သူများရဲ့မေးခွန်းနဲ့အမြင်ခံယူချက်များကိုကောမန့်မှာလွတ်လပ်ယဉ်ကျေးစွာဖော်ပြသွားလို့ရပါတယ်။God Bless You.
ခရစ်ယာန်အိမ်ထောင်ကွာရှင်းခြင်းနှင့်ထပ်ယူခြင်း