• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အမှုတော်ဆောင်များနေ့(Pastor Appreciation Day)အကြောင်း

ဆရာရဲမင်း

11 月 19, 2024

အမှုတော်ဆောင်များနေ့(Pastor Appreciation Day)အကြောင်း

နိဒါန်း
နှစ်စဉ်နှစ်တိုင်းရဲ့၁၀လပိုင်းဒုတိယပတ်တနင်္ဂနွေနေ့ဟာအပြည်ပြည်ဆိုင်ရာခရစ်ယာန်အမှုတော်ဆောင်များနေ့ဆိုပြီးအ‌နောက်နိုင်ငံခရစ်ယာန်အများစုကပြုလုပ်ကြပါတယ်။မြန်မာပြည်ခရစ်ယာန်‌တွေမှာ‌တော့Pastor sundayအဖြစ်ပြုလုပ်နေတဲ့အသင်းတော်တချို့ရှိကြပေမဲ့၊တွင်တွင်ကျယ်ကျယ်မသိရှိကြသေးတာမို့အများကြီးမပြုလုပ်ကြသေးပါဘူး။တချို့ဆိုကြားတောင်မကြားဖူးကြသူရှိကြပါတယ်။ဒါကြောင့်အကျဉ်းချုပ်ဖော်ပြပါရစေ။

၁။အမှုတော်ဆောင်များနေ့ပေါ်ပေါက်လာပုံ
1992ကတည်းကအမေရီကန်မိသားစုခရစ်ယာန်အသင်းတော်တွေကနေ(Focus on the Family, James Dobson)layperson Jerry Frear, Jr.တို့ကစတင်ပြုလုပ်ဖို့နိုးဆော်ခဲ့ကြတာလို့‌လေ့လာရပါတယ်။အခုထိအမေရီကန်ရဲ့တရားဝင်အသိအမှတ်ပြုတဲ့နေ့ရက်မဟုတ်သေးပေမဲ့အနောက်နိုင်ငံအသင်းတော်အများစုတော့နှစ်စဉ်ပြုလုပ်လေ့ရှိကြတယ်လို့ဆိုပါတယ်။၁၀လပိုင်းတစ်လလုံးကိုလည်းအမှုတော်ဆောင်များကိုကျေးဇူးတင်တုန့်ပြန်ပေးကမ်းတဲ့လလို့သတ်မှတ်ပြုလုပ်ကြပါတယ်။

၂။အခြေပြုကျမ်းချက်များ
(၁သက်၅:၁၂-၁၃ ညီ​အစ်​ကို​တို့၊ သင်​တို့​တွင် အ​မှု​တော်​ကို​ဆောင်​ရွက်​ခြင်း၊ သ​ခင်​ဘု​ရား​အ​ခွင့်​နှင့် အုပ်​စိုး​ခြင်း၊ သ​တိ​ပေး​ခြင်း အ​မှု​ကို​ပြု​သော​သူ​တို့​ကို သိ​မှတ်၍၊သူ​တို့​ပြု​သော​အ​မှု​ကြောင့် မေ​တ္တာ​စိတ်​နှင့် အ​လွန်​ချစ်​ခင်​လေး​မြတ်​မည်​အ​ကြောင်း၊ ငါ​တို့​သည် တောင်း​ပန်​ကြ၏။)
(၁တိ၅:၁၇-၁၈ကောင်း​မွန်​စွာ​အုပ်​သော သင်း​အုပ်​တို့​သည် အ​လှူ​နှစ်​ဆ​ကို ခံ​ထိုက်​သော​သူ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ တ​ရား​ဟော​ခြင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း​အ​မှု​ကို ကြိုး​စား​အား​ထုတ်​သော​သူ​တို့​သည်၊ အ​လှူ​နှစ်​ဆ​ကို အ​ထူး​သ​ဖြင့် ခံ​ထိုက်​သော​သူ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း မှတ်​ရ​မည်။အ​ကြောင်း​မူ​ကား၊ စ​ပါး​နင်း​နယ်​သော​နွား၏​နှုတ်​ကို မ​ချုပ်​တည်း​ရ​ဟု ကျမ်း​စာ​လာ၏။ တစ်​ချက်​ကား၊ လုပ်​ဆောင်​သော​သူ​သည် အ​ခ​ကို ခံ​ထိုက်​ပေး​သည်​ဟု လာ​ပြန်၏။)

၃။အမှုတော်ဆောင်များရဲ့ပေးဆပ်ခြင်း
(၁)မိဘတယောက်လိုယုံကြည်သူတွေကိုဘုရားစကားနဲ့ပြုစု၊ပျိုးထောင်၊လမ်းပြ၊ဆုတောင်းကူညီနေသူပါ။
(၂)ဆရာဝန်တစ်‌ယောက်လိုယုံကြည်သူတွေရဲ့ဝိညာဉ်ရေးရာအဖျားမှန်သမျှကိုသက်သာအောင်ဘုရားစကားနဲ့အမြဲကုစားပေးနေသူပါ။
(၃)အလုပ်သမားတစ်ယောက်လိုယုံကြည်သူတွေအတွက်ဘုရားဝတ်၊တရားဝတ်မှာအမြဲအစေခံပေးနေသူပါ။
(၄)စစ်သားတစ်ယောက်လိုယုံကြည်သူတွေအတွက်ရှေ့တန်းကနေအယူလွဲဝါဒအပါအဝင်လမ်းလွဲစေနိုင်တဲ့အရာကိုအမုန်းခံပြီးကာကွယ်ပေးနေသူပါ။ဧဝံဂေလိလည်းပြုနေရသူပါ။

၄။သင့်အမှုတော်ဆောင်ကိုကျေးဇူးပြုပါ။
(၁)သူတို့ရဲ့ပေးဆပ်မှုကိုအသိအမှတ်ပြုပြီးသူတို့ကိုရိုသေလေးစားတန်ဖိုးထားပါ။
(၂)သူတို့လည်းအားနည်းတတ်တာမို့သူ့တို့အတွက်အမြဲဆုတောင်းပေးပါ။သူတို့မှား‌နေရင်မေတ္တာနဲ့သတိပေးပါ။
(၃)သူတို့ဟာလောကီစီးပွားမလုပ်ဘဲအမှုတော်ဆောင်နေသူမို့သင့်ဆယ်ဖို့တစ်ဖို့နဲ့သူတို့ရဲ့စားဝတ်နေရေးကိုထောက်ပံ့ပါ။
(၄)သူတို့ရဲ့အမှုတော်ဆောင်ခြင်းမှာသင်လက်‌တွေ့ပါဝင်ကူညီပေးပါ၊ဒါမှသူတို့အားရှိလာပြီးရှေ့ဆက်နိုင်မှာပါ။

နိဂုံး
မြန်မာအသင်းတော်တွေမှာလည်းဓမ္မအမှုတော်ဆောင်များနေ့ကိုတွင်တွင်ကျယ်ကျယ်ပြုလုပ်သင့်တယ်လို့မြင်ပါတယ်။အရင်ကမကြားဖူမလုပ်ဖူးရင်လဲအခုကြားသိရပြီးရင်မိမိအသင်းတော်မှာအတူဆွေးနွေးတိုင်ပင်အကြံပေးပြီး“ဓမ္မအမှု‌တော်ဆောင်များနေ့”ကိုသတ်မှတ်ပြုလုပ်သင့်ပါကြောင်းတိုက်တွန်းနိုး‌ဆော်လိုက်ပါတယ်။