• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

နှစ်သစ်ဝင်ဖို့ဘုရားကတိတော်(၃)ချက်

ဆရာရဲမင်း

11 月 20, 2024

နှစ်သစ်ဝင်ဖို့ဘုရားကတိတော်(၃)ချက်

ဘာလိုလိုနဲ့နှစ်ဟောင်းကုန်ပြီး၊နှစ်သစ်ကိုဝင်စားရပါတော့မယ်။ယုံကြည်သူခရစ်ယာန်တွေအနေနဲ့နှစ်အကူးအပြောင်းလေးမှာစွဲကိုင်ရမဲ့ဘုရားသခင်ကတိတော်(၃)ချက်ရှိပါတယ်။

၁။နှစ်သစ်မှာအခက်ခဲရှိနိုင်ပေမဲ့ဘုရားကူညီမည်။
(‭‭တရားဟောရာ‬၁၁:၁၁ သင်တို့သွား၍ဝင်စားလတ္တံ့သောပြည်သည်တောင်များ၊ချိုင့်များနှင့်ပြည့်စုံ၍မိုးရေကိုသောက်သောပြည်…။)
ဒီကျမ်းချက်ဟာဘုရားသခင်ကနေမောရှေအားဖြင့်၊နယ် မြေသစ်ကိုဝင်စားကြမဲ့ဣသရေလလူမျိုးကိုအားပေးနေတာဖြစ်ပါတယ်။အီဂျစ်ပြည်မှာအကြာကြီးနေလာခဲ့ကြတဲ့ဣသရေလလူမျိုးတွေဟာခါနန်ပြည်သစ်ကိုဝင်စားရတော့မယ်လို့သိကြရတဲ့အခါ၊သူတို့မဝင်စားဘူးတဲ့နေရာ၊မရောက်ဘူးသေးတဲ့နေရာမို့ကြောက်ရွံ့စိုးရိမ်ကြပါတယ်။ဒါကြောင့်ဘုရားသခင်ကမောရှေအားဖြင့်ဘယ်လိုခွန်အားပေးလဲဆိုရင်သင်တို့ဝင်စားရမဲ့နေရာမှာတောင်တွေချိုင့်တွေ(အခက်ခဲများစွာ)ပြည့်နေပေမဲ့၊မိုးရေကို‌သောက်ရတဲ့ပြည်ဖြစ်တယ်လို့ဖော်ပြတယ်၊(လူလက်နဲ့ကြိုးစားပြီးတူးလာတဲ့ရေမဟုတ်၊လူကြိုးစားစရာမလိုဘဲရလာတဲ့ ကောင်းကင်ကကျတဲ့မိုးရေ၊တနည်းအားဖြင့်ဒီမိုးရေဟာဘုရားသခင်ရဲ့ကူညီခြင်းကိုပုံဆောင်ပါတယ်)။
ယနေ့ကျွန်တော်တို့တွေနှစ်သစ်ကိုဝင်စားတော့မဲ့အချိန်မှာဣသရေလလူမျိုးတွေခါနန်ကိုဝင်စားသလိုပါဘဲ၊အသစ်အသစ်သောနှစ်တစ်နှစ်မို့ဘာဖြစ်မလဲ?ဘာကြုံမလဲ?ဆိုပြီးစိုးရိမ်နေတတ်ကြပါတယ်။စစ်ပွဲ၊‌ ရောဂါ၊စီးပွား‌ ရေးအကြပ်အတည်း၊အခက်ခဲ‌ပေါင်းစုံကြုံမှာစိုးရိမ်ကြတယ်။ဒါကြောင့်ဒီဘုရားသခင်ရဲ့ကတိတော်စကားကိုစွဲကိုင်ထားဖို့အရေးကြီးပါတယ်၊အခက်ခဲရှိကောင်းရှိနိုင်တယ်၊ဒါပေမဲ့ဘုရားသခင်ကူညီမယ်။ဘုရားကူညီရင်အရာရာအောင်မြင်မယ်။ဟာလေလုယာ။

၂။တစ်နှစ်ပတ်လုံးဘုရားကြည့်ရှုပေးမည်။
(‭‭တရားဟောရာ‬၁၁:၁၂ သင်တို့၏ဘုရားသခင်ထာဝရဘုရားပြုစု၍တစ်နှစ်ပတ်လုံးကြည့်ရှုတော်မူသောပြည်ဖြစ်၏။)
ဒီစကားကလဲဘုရားသခင်ကနေမောရှေအားဖြင့်ဣသရေ လလူမျိုးကိုခွန်အားပေးနေတာဖြစ်ပါတယ်။ဣသ‌ရေလလူမျိုးတွေဟာငါတို့ကျွန်ခံနေလို့ဘုရားကြည့်ရှုပေးနေတာ၊ကျွန်မခံတော့ဘဲလွတ်မြောက်သွားပြီးခါနန်ပြည်ထဲရောက်ရင်ကောဘုရားကြည့်ရှုစောင့်မပါအုံးမလား၊ခါနန်ပြည်ကရန်သူတွေကအကောင်ကြီးတွေ၊ငါတို့အောင်နိုင်ပါ့မလားဆိုပြီးစိုးရိမ်နေကြတာမို့၊ဘုရားသခင်ကသူတို့ကိုတစ်နှစ်ပတ်လုံး(၁လမှ၁၂လကုန်ထိ)ကြည့်ရှုမှာဖြစ်ကြောင်းကတိပေး၊ခွန်အားပေးခဲ့တာဖြစ်ပါတယ်။
ယနေ့ကျွန်တော်တို့တွေလည်းနှစ်သစ်ကိုဝင်စားတဲ့အခါပြီးခဲ့တဲ့နှစ်တွေလိုမျိုးဘုရားကြည့်ရှုစောင့်မ ပါအုံးမလားဆိုပြီးကြောက်ကြတယ်၊ဒီနှစ်ကအရင်နှစ်လိုမဟုတ်ဘူးအ‌ခြေ အနေပိုဆိုးလာတယ်ဆိုပြီးကြောက်နေတတ်ကြပါတယ်။မစိုးရိမ်ပါနဲ့ညီကိုမောင်နှမတို့၊တချိန်တုန်းကခါနန်ပြည်ကိုဝင်တဲ့ဣသရေလလူမျိုးကိုကြည့်ရှုပေးတဲ့ဘုရားသခင်ဟာယနေ့သင်နဲ့ကျွန်ုပ်ကိုးကွယ်နေတဲ့ဘုရားပါဘဲ။ဒီဘုရားကသမ္မာကျမ်းစာအားဖြင့်ယနေ့သင်နဲ့ကျွန်ူပ်တို့ကိုကတိပေးထားပါပြီ၊ဒီလာမဲ့နှစ်သစ်တစ်နှစ်လုံးဘုရားသခင်ကြည့်ရှုစောင့်မပေးပါလိမ့်မည်။အခြေအနေကိုကြည့်ရင်စိုးရိမ်စရာပါဘဲ၊ဒါပေမဲ့အခြေနေပေါ်မရပ်တည်ဘဲဘုရားစကားပေါ်ရပ်တည်ပါ၊ကတိတော်စွဲကိုင်ပါ၊တစ်နှစ်သာလုံးအရာရာအဆင်ပြေသွားပါလိမ့်မယ်။ဟာလေလုယာ။

၃။ဘုရားစကားနားထောင်ရင်ဘုရားတာဝန်ယူမယ်။
(‭‭တရားဟောရာ‬၁၁:၁၃-‬၁၅ သင်တို့ဘုရားသခင်ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့ချစ်၍အမှုတော်ကိုဆောင်ရွက်မည်အကြောင်း၊ယနေ့ငါမှာထားသမျှသော ပညတ်တို့ကို စေ့စေ့နားထောင်လျှင်၊သင်တို့သည်စပါး၊ စပျစ်ရည်၊ဆီတို့ကိုစုသိမ်းစေခြင်းငှာအရင်မိုး၊နောက်မိုးတည်းဟူသောသင်တို့ပြည်နှင့်ဆိုင်သောမိုးရေကို ငါပေးမည်။သင်တို့သည်ဝစွာစားရမည်အကြောင်း၊သင်တို့တိရစ္ဆာန်များအဖို့လွင်ပြင်၌မြက်ပင်ကိုငါပေါက်စေမည်။ )
ဒီကတိတော်ကတော့အင်မတန်ရှင်းလင်းပါတယ်၊ဘုရားစကားကိုနားမထောင်ဘဲဘုရားကသင့်ကိုကောင်းချီးအထူးပေးလို့မရပါဘူး၊သူ့စကားနားထောင်လိုက်လျှောက်မှကောင်းချီးဝင်လာမှာပါ။ဒီကျမ်းချက်ထဲမှာအထူးသတိထားရမဲ့စကားတခွန်းက“သင်တို့ပြည်နှင့်ဆိုင်‌သောမိုးရေ”ဆိုတာပါ။ဒါကဘာကိုဖော်ပြနေလဲဆိုတော့ယုံကြည်သူတွေအတွက်တစ်နှစ်တာလုံးလိုအပ်နေတဲ့ကိုယ်စီလိုအပ်ချက်ကိုဘုရားသခင်ပေးမယ်ဆိုတဲ့ကတိတော်ပါဘဲ။ဒါကြောင့်နှစ်သစ်ဝင်စားတဲ့အခါမှာဘုရားစကားနားထောင်ခံယူတည်ဆောက်ဖို့အဆင်သင့်ဖြစ်နေပါစေ။တခါတလေဘာလို့ရတာမလို၊လိုတာမရဖြစ်နေတာလဲ?အဖြေကဘုရားစကားမနာခံဘဲအားနည်းမိလို့ပါ၊ပိုဆိုးတာကအားနည်းမိတာကို‌ နောင်တမရလို့ပါ။ဒါကြောင့်နှစ်သစ်မှာအားမနည်းအောင်တနှစ်တာလုံးဘုရားစကားခံယူတည်ဆောက်ရင်ဘုရားကသင့်လိုအပ်တာကိုအကုန်တာဝန်ယူမယ်ဆိုတာယုံကြည်စိတ်ချထားပါ။အားနည်းခဲ့ရင် တောင်နောင်တနဲ့ပြန်လာတတ်ပါစေ၊ဘုရားပြန်လည်လက်ခံ‌ကောင်းချီး‌‌ပေးနိုင်ပါတယ်။နဲနဲပါးပါးဘဲရတာမဟုတ်ဘူး၊သမ္မာကျမ်းစာမှာ”ဝလင်စွာစားရမယ်”လို့ ဖော်ပြပါတယ်။စီးပွားရေးနဲ့လုပ်ငန်းအတွက်အခွင့်အရေးနဲ့အမြတ်အစွန်းပေါ်လာမယ်။ခဲယဉ်းဆိုးယုတ်တဲ့ခေတ်ကာလထဲမှာတောင်အံ့ဩဖွယ်ကောင်းချီးခွက်ဖလားအလျှံပယ်‌နေမယ်။ဟာလေလုယာ။အာမင်။

နိဂုံး
နှစ်သစ်ဝင်ဖို့ဘုရားကတိတော်(၃)ချက်။
၁။နှစ်သစ်မှာအခက်ခဲရှိနိုင်ပေမဲ့ဘုရားကူညီမည်။
၂။တစ်နှစ်ပတ်လုံးဘုရားကြည့်ရှုပေးမည်။
၃။ဘုရားစကားနားထောင်ရင်ဘုရားတာဝန်ယူပေးမည်။
ဘုရားသခင်ကောင်းချီးပေးသောနှစ်သစ်ဖြစ်ပါစေ။အာမင်။