နှစ်သစ်သမ္မာကျမ်းချက်(၅၀)ချက်
၁။ဆာလံ၆၅:၁၁
နှစ်တို့ကို ကျေးဇူးတော်နှင့် ပတ်ရစ်တော်မူ၍၊ ခြေတော်ရာတို့သည် ဆီဥယိုတတ်ကြပါ၏။
၂။ဟေရှာယ၄၃:၁၈-၁၉
ဖြစ်ဖူးသောအမှုတို့ကို မအောက်မေ့ကြနှင့်။ ရှေးကာလ၏အရာတို့ကို ပမာဏမပြုကြနှင့်။ကြည့်ရှုလော့။ အမှုသစ်ကိုငါပြုမည်။ ယခုပေါ်လာလိမ့်မည်။ သင်တို့သည် အမှန် သိမြင်ရကြလိမ့်မည်။ အကယ်စင်စစ် တော၌ လမ်းကိုလည်းကောင်း၊ လွင်ပြင်၌ စီးသောရေကိုလည်းကောင်း ငါဖန်ဆင်းမည်။
၃။ယေရမိမြည်တမ်း ၃:၂၂-၂၃
ထာဝရဘုရားသည်သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။
၄။ဟေရှာယ၅၄:၁၀
တောင်ကြီးတို့သည်ရွေ့၍၊ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည် သင်မှမရွေ့ရ။ ငါ၏ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရဟု သင်၌ သနားခြင်းကရုဏာစိတ်ရှိတော်မူသော ထာဝရဘုရား မိန့်တော်မူ၏။
၅။ဆာလံ၈၄:၅-၆
ကိုယ်တော်ကို အားပြုသောသူသည် မင်္ဂလာရှိပါ၏။ ထိုသို့သောသူတို့သည် လမ်းခရီးတော်တို့ကို နှလုံးသွင်းတတ်ကြပါ၏။သူတို့သည် ဗာကာလွင်ပြင်၌ လျှောက်သွားစဉ်၊ ထိုလွင်ပြင်ကို စမ်းရေထွက်ရာအရပ်ဖြစ်စေကြပါ၏။ အရင် မိုးရေလည်း မင်္ဂလာများနှင့် လွှမ်းစေပါ၏။
၆။ဟဗက္ကုတ် ၁:၅
သစ္စာပျက်သောသူတို့၊ ကြည့်ရှုဆင်ခြင်၍ အလွန်မှိုင်တွေကြလော့။ အကြောင်းမူကား၊ သင်တို့အား သူတစ်ပါးပြညွှန်သော်လည်း သင်တို့ မယုံသောအမှုကို သင်တို့လက်ထက်ကာလ၌ ငါပြု၏။
၇။တရားဟောရာ၁၁:၁၁-၁၂
သင်တို့သွား၍ ဝင်စားလတ္တံ့သောပြည်သည် တောင်များ၊ ချိုင့်များနှင့်ပြည့်စုံ၍ မိုးရေကိုသောက်သောပြည်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားပြုစု၍ တစ်နှစ်ပတ်လုံး ကြည့်ရှုတော်မူသောပြည် ဖြစ်၏။
၈။တရားဟောရာ၁၁:၁၃-၁၄
သင်တို့ ဘုရားသခင်ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့ချစ်၍ အမှုတော်ကိုဆောင်ရွက်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စေ့စေ့နားထောင်လျှင်၊သင်တို့သည် စပါး၊ စပျစ်ရည်၊ ဆီတို့ကိုစုသိမ်းစေခြင်းငှာ အရင်မိုး၊ နောက်မိုးတည်းဟူသော သင်တို့ပြည်နှင့်ဆိုင်သောမိုးရေကို ငါပေးမည်။
၉။ဆာလံ၁၀၃:၂-၅
အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။ သင်၏အပြစ်အလုံးစုံတို့ကိုဖြေလွှတ်၍၊ သင်၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ၏။ သင်၏အသက်ကို ဖျက်ဆီးခြင်းထဲကရွေး၍ ကျေးဇူးတော်၊ ကရုဏာတော်များနှင့် သင်၏ခေါင်းကို ပတ်ရစ်တော်မူ၏။ သင့်ကိုအသက်ကြီးစဉ်၊ ကောင်းသောအရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွှေလင်းတ၏အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။
၁၀။၂ကော၅:၁၇
လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါ ဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။
၁၁။ဆာလံ၉၀:၁၂
အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်းမိမည်အကြောင်း၊ ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှာ သွန်သင်တော်မူပါ။
၁၂။ဖိလိပ္ပိ ၄:၆
အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။
၁၃။ဆာလံ ၁၂၁:၇-၈
ထာဝရဘုရားသည် မကောင်းသောအမှုအရာ အလုံးစုံတို့ကို ကွယ်ကာ၍၊ သင်၏အသက်ကို စောင့်တော်မူလိမ့်မည်။ထာဝရဘုရားသည် သင်၏ ထွက်ခြင်းနှင့် ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်အပြတ် စောင့်တော်မူလိမ့်မည်။
၁၄။ဟေရှာယအနာဂတ္တိကျမ်း ၅၈:၁၁
ထာဝရဘုရားသည် သင့်ကိုအစဉ် ပဲ့ပြင်တော်မူမည်။ အစာခေါင်းပါးသည် ကာလ၌ ဝစွာကျွေး၍၊ သင်၏အရိုးတို့ကို ခိုင်ခံ့စေတော်မူမည်။ သင်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့လည်းကောင်း၊ ရေမပြတ်နိုင်သော စမ်းရေတွင်းကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
၁၅။ဆာလံ၉၀း၁၀
အကျွန်ုပ်တို့၏အသက်အရွယ်သည် အနှစ်ခုနစ်ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်းဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ၏။
၁၆။တောလည်ရာကျမ်း ၆:၂၄-၂၆
ထာဝရဘုရားသည်၊ သင့်ကိုကောင်းချီးပေး၍ စောင့်မတော်မူပါစေသော။ထာဝရဘုရားသည် သင်၌မျက်နှာတော်အလင်းကိုလွှတ်၍ ကရုဏာကျေးဇူးပြုတော်မူပါစေသော။ထာဝရဘုရားသည် သင့်ကိုမျှော်ကြည့်၍ ချမ်းသာပေးတော်မူပါစေသော။ထာဝရဘုရားသည်သင့်ကို မျက်ဆန်တော်ကဲ့သို့ စောင့်တော်မူ၏။
၁၇။တရားဟောရာကျမ်း ၂၈:၃-၇
သင်သည် မြို့၌ မင်္ဂလာရှိလိမ့်မည်၊ တော၌ မင်္ဂလာရှိလိမ့်မည်။သားသမီးအားဖြင့်လည်းကေင်း၊ မြေအသီးအနှံအားဖြင့်လည်းကောင်း၊ တိရစ္ဆာန်ဖွားသော သားငယ်အားဖြင့်လည်းကေင်း၊ သိုးနွား အစီးအပွားအားဖြင့်လည်းကောင်း မင်္ဂလာရှိလိမ့်မည်။ခြင်တောင်း၌လည်းကောင်း၊ မုန့်နယ်သောခွက်၌လည်းကေင်း မင်္ဂလာရှိလိမ့်မည်။မိမိအိမ်ထဲသို့ ဝင်သောအခါ မင်္ဂလာရှိလိမ့်မည်၊ ပြင်သို့ထွက်သောအခါ မင်္ဂလာရှိလိမ့်မည်။
၁၈။သက်သာလောနိတ်ဩဝါဒစာပဋ္ဌမစောင် ၅:၂၃
ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင် ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူ ပါစေသော။ ငါတို့ သခင်ယေရှု ခရစ်ကြွလာတော်မူသောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော။
၁၉။ဖိလိပ္ပိဩဝါဒစာ ၄:၁၉
ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့် မည်။
၂၀။ရှင်ယောဟန်ဩဝါဒစာ ဒုတိယစောင် ၁:၃
ခမည်းတော်ဘုရားထံတော်က၎င်း၊ ခမည်းတော်၏သားတော် ယေရှုခရစ်အထံက၎င်း၊ သမ္မာတရား၊ မေတ္တာတရားနှင့်တကွ၊ ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
၂၁။ရှင်ပေတရုဩဝါဒစာ ပဋ္ဌမစောင် ၅:၁၀
ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်သို့ခေါ်တော်မူသော၊ ခပ်သိမ်းသော ကျေးဇူးကိုပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကိုစုံလင်တည်ကြည်ခိုင်ခံ့မြဲမြံ စေ တော်မူလိမ့်မည်။
၂၂။ဧဖက်ဩဝါဒစာ ၅:၁၅
ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြ လော့။
၂၃။ဧဖက်ဩဝါဒစာ ၅:၁၆
ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနှုတ်ကြလော့။
၂၄။ဧဖက်ဩဝါဒစာ ၅:၁၇
ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြင်း၍ သိသောသူ ဖြစ်ကြလော့။
၂၅။ဧဖက်ဩဝါဒစာ ၅:၁၈
လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြလော့။
၂၆။ဆာလံ၃၇:၄-၅
ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင်၊ စိတ်နှလုံးအလို ပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။ကိုယ်အမှုအရာကို ထာဝရဘုရား၌ အပ်လော့။ ကိုယ်တော်ကို ကိုးစားလော့။ သို့ပြုလျှင် စီရင်တော်မူမည်။
၂၇။ဧဖက်ဩဝါဒစာ ၅:၂၀
ခပ်သိမ်းသောအရာတို့၌ ကျေးဇူးတော်ကြီးလှပါ၏ဟု ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကို ထောက်၍၊ ခမည်းတော်ဘုရားသခင်ရှေ့၊ ကာလအစဉ်မပြတ်ဝန်ခံကြလော့။
၂၈။ဧဖက်ဩဝါဒစာ ၅:၂၁
ခရစ်တော်ကို ခန့်ညားသောအားဖြင့်၊ အချင်းချင်း တယောက်အောက်တယောက်ကိုယ်ကို နှိမ့်ချလျက် နေကြလော့။
၂၉။ကမ္ဘာဦးကျမ်း ၈:၁၃
နောဧအသက်ခြောက်ရာ့တစ်နှစ်ပြည့်သောနှစ်၊ ပထမလ၊ တစ်ရက်နေ့တွင် မြေကြီးပေါ်မှာ ရေခန်းခြောက်လေ၏။ နောဧသည် သင်္ဘောအမိုးကိုဖယ်ရှား၍ ကြည့်ရှုသောအခါ မြေပြင်သည် ခြောက်လျက်ရှိသည်ကို မြင်လေ၏။(MSBU)
(နှစ်သစ်ဆိုတာအသစ်တကြိမ်ပြန်အစပြုဖို့ဘုရားပေးတဲ့ကျေးဇူးတော်အခွင့်အရေးပါ။ဘယ်မှာလဲကျသွားရင်အဲဒီကနေပြန်ထပါ)။
၃၀။ထွက်မြောက်ရာ ၄၀:၁-၂
တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊ သင်သည် ပထမလ၊ ပထမနေ့၌ ပရိသတ်စည်းဝေးရာ တဲတော်ကိုဆောက်ရမည်။
(နှစ်သစ်မှာဘုရားသခင်နဲ့သီးသန့်အချိန်ယူဖို့တည်ဆောက်သွားပါ။)
၃၁။၂ရာချုပ်၂၉:၁၇
ပထမလတစ်ရက်နေ့တွင် သန့်ရှင်းစပြု၍၊ ရှစ်ရက်နေ့တွင် ဗိမာန်တော်ဦးသို့ရောက်ကြ၏။ ထိုနောက် ရှစ်ရက်ပတ်လုံး၊ ဗိမာန်တော်ကိုသန့်ရှင်းစေ၍ ပထမလ တစ်ဆယ်ခြောက်ရက်နေ့တွင် လက်စသတ်ကြ၏။
(နှစ်သစ်မှာသင့်နှလုံးသားဗိမာန်တော်ကိုသန့်ရှင်းစင်ကြယ်စေပါ။)
၃၂။ဧဇရမှတ်စာ၇:၉
ပထမလ တစ်ရက်နေ့တွင်၊ ဗာဗုလုန်မြို့မှထွက်၍၊ ပဥ္စမလ တစ်ရက်နေ့တွင်၊ မိမိဘုရားသခင် တန်ခိုးကျေးဇူးတော်ကြောင့်၊ ယေရုရှလင်မြို့သို့ ရောက်လေ၏။ အကြောင်းမူကား၊ ဧဇရသည် ထာဝရဘုရား၏ တရားတော်ကို စစ်ဆေး စောင့်ရှောက်ခြင်းငှာလည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး၌ သွန်သင်ခြင်းငှာလည်းကောင်း သဘောကျသောသူဖြစ်၏။
(နှစ်သစ်မှာဧဇရလို နောင်တရဝန်ချပြီး၊ဘုရားသခင်ရဲ့စကားတော်တွေကိုကိုယ်တိုင်ခံယူသည်သာမက၊အခြားသူတွေကိုပါပြန်လည်ဝေမျှပေးတတ်ဖို့လိုပါတယ်။)
၃၃။တရားဟောရာ 31:8
သင့်ရှေ့မှာ ထာဝရဘုရားသည် ကိုယ်တိုင်ကြွ၍ သင်နှင့်ရှိတော်မူလိမ့်မည်။ သင့်ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူ။ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်။
၃၄။ဖိလိပ္ပိ ၃:၁၃-၁၄
…နောက်ကျသောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ ရှိသောအရာတို့ကို လှမ်းကမ်း၍၊ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကို ရခြင်းငှာ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။
၃၅။၂ကော ၁၃:၁၄
သခင်ယေရှုခရစ်၏ ကျေးဇူးတော်လည်းကောင်း၊ ဘုရားသခင်၏ မေတ္တာတော်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မိတ်သဟာယတော်လည်းကောင်း၊ သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။ ကောရိန္သုဩဝါဒစာဒုတိယစောင်ပြီး၏။
၃၆။ဒေသနာ၁၂:၁
ငါနေ၍ မပျော်နိုင်ဟုဆိုရသော ကာလသည်မနီး၊ ဆိုးသောကာလမရောက်မီ၊ ယခုအသက်ပျိုစဉ်အခါပင်၊ သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။
၃၇။ရောမ၁၂:၂
သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။
၃၈။ဖိလိပ္ပိ၄:၁၃
ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။
၃၉။ယေရမိ၂၉:၁၁
တစ်ဖန် မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ကို အကျိုးနည်းစေခြင်းငှာ ကြံစည်သောအကြံမဟုတ်ဘဲ၊ သင်တို့သည် မျှော်လင့်သောအကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှာသာ၊ သင်တို့အဖို့ ကြံစည်သော အကြံတို့ကို ငါသိ၏။
၄၀။ဟေရှာယ၄၃:၁၉
ကြည့်ရှုလော့။ အမှုသစ်ကိုငါပြုမည်။ ယခုပေါ်လာလိမ့်မည်။ သင်တို့သည် အမှန် သိမြင်ရကြလိမ့်မည်။ အကယ်စင်စစ် တော၌ လမ်းကိုလည်းကောင်း၊ လွင်ပြင်၌ စီးသောရေကိုလည်းကောင်း ငါဖန်ဆင်းမည်။
၄၁။သုတ္တံ၃:၅-၆
ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ [6](#) သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။
၄၂။ဆာလံ၂၀:၄
ကိုယ်တော်၏စိတ်အလိုရှိသည်အတိုင်း ပေးသနား၍၊ အကြံအစည်တော်ရှိသမျှတို့ကို ပြည့်စုံစေခြင်းငှာ ပြုတော်မူပါစေသော။
၄၃။ဒေသနာ၃:၁
ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှ အသီးအသီးတို့ကို ပြုရသောအချိန်ရှိ၏။
၄၄။ရှင်မဿဲ၆:၃၄
ထိုကြောင့် နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဖို့ စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သော အရာသည် ယခုနေ့ဖို့ လောက်ပေ၏။
၄၅။ရှင်ယာကုပ် ၁:၅
သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်။
၄၆။၁ပေ ၅:၇
သင်တို့ကိုသတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။
၄၇။ဟေရှာယ၄၀:၃၁
ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။
၄၈။ဟေဗြဲ ၁၂:၁
ထိုကြောင့်၊ ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက်ရှိကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သော ဒုစရိုက်ကိုလည်းကောင်း ပယ်ရှား၍၊ ငါတို့မျက်မှောက်၌ ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့။
၄၉။ရောမ၈:၂၈
ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။
၅၀။ဂလာတိ၂:၂၀
ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခုငါရှင်သော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် တည်၏။ သားတော်သည် ငါ့ကိုချစ်၍ ငါ့အဖို့ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။
မူရင်း-သမ္မာကျမ်းစာ
ပြုစုသူ-ဆရာရဲမင်း