ကလေးများနေ့တရားဒေသနာ
နိဒါန်း
ဒီနေ့ဟာအပြည်ပြည်ဆိုင်ရာကလေးများနေ့ဖြစ်ပါတယ်။ကမ္ဘာ့နိုင်ငံအသီးသီးကကျင်းပတဲ့ရက်မြတ်မတူညီကြပေမဲ့များသောအားဖြင့်ဒီ၆လပိုင်း၁ရက်နေ့မှာပြုလုပ်တာများပါတယ်။ခရစ်ယာန်အသင်းတော်များအနေနဲ့တော့၆လပထမပတ်တနင်္ဂနွေနဲ့ဒုတိယတပတ်ရဲ့တနင်္ဂနွေတွေမှာကလေးတွေအတွက်ကျင်းပပေးလေ့ရှိပါတယ်။ကလေးတွေကိုအသင်းတော်မှာနေရာပေးခြင်း၊အစီစဉ်တာဝန်ယူခိုင်းခြင်း၊ကျမ်းစာပြိုင်ခြင်း၊ဂိမ်းကစားခြင်းနဲ့လက်ဆောင်ပေးခြင်းများပျော်ပျော်ပါးပါးပြုလုပ်ကြပါတယ်။ဆိုတော့ကလေးများနေ့ဖြစ်ပေါ်လာပုံသမိုင်းကိုရှေ့ပို့စ်မှာတင်ပြပေးခဲ့ပါပြီ၊ဒီနေ့မှာတော့သမ္မာကျမ်းစာအားဖြင့်ကလေးတွေကိုဘယ်လိုနေရာပေးသင့်ကြောင်းနဲ့ဘယ်လိုမြင်ပေးသင့်ကြောင်းအနည်းငယ်ဝေငှချင်ပါတယ်။
၁။ကလေးတွေကိုလေးစားပါ။
ရှင်မဿဲခရစ်ဝင် ၁၈:၁၀မှာ”သင်တို့သည် ဤသူငယ်ကို တစုံတယောက်ကို မထီမဲ့မြင်မပြုမည်အကြောင်း သတိရှိကြလော့။ ငါဆို သည်ကား၊ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏မျက်နှာတော်ကိုအစဉ်မပြတ်ဖူးမြင်ကြ၏။”လို့ဖော်ပြထားပါတယ်။ညီကိုမောင်နှမတို့ဘုရားသခင်ရဲ့အမြင်မှာကလေးတွေဟာဖြူစင်သူတွေပါ၊အထူးသဖြင့်ကလေးတိုင်းမှာဘုရားပေးထားတဲ့ကောင်းကင်တမန်တွေစောင့်ရှောက်နေပြီး၊ဒီကောင်းကင်တမန်တွေဟာဘုရားသခင်ဆီအစဉ်မပြတ်အစီရင်ခံနေကြောင်းကျမ်းစာကဖော်ပြပါတယ်။ဒါကြောင့်ယနေ့မိဘလုပ်သူတွေကောလူကြီးတွေပါကလေးတွေကိုမထီမဲ့မြင်မပြုသင့်ပေ၊ကလေးဆိုတာဘုရားသခင်ကမိဘတွေကိုခေတ္တကြည့်ခိုင်းထားတဲ့ရတနာတွေမို့သူတို့ကိုသခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမ သွန်သင်ခြင်းကိုပြုပြီးကျွေးမွေးကြရမှာဖြစ်ကြောင်းဧဖက်ဩဝါဒစာ ၆:၄မှာသတိပေးသွန်သင်ထားပါတယ်။
၂။ကလေးတွေကိုချစ်ပါ။
ရှင်မဿဲခရစ်ဝင် ၁၈:၅မှာ”အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ဤကဲ့သို့သောသူငယ်တစုံတယောက်ကို လက်ခံ၏၊ ထိုသူ သည် ငါ့ကိုပင်လက်ခံ၏။”လို့ပြောပါတယ်။ဒီနေရာမှာပြောတဲ့”ငါ့မျက်နှာကိုထောက်၍”ဆိုတာယေရှုကြောင့်ချစ်တဲ့ချစ်ခြင်းပါ၊တခါတလေမှာကလေးတချို့ကချစ်စရာမကောင်းပါဘူး၊အလွန်ဆိုးပြီးစကာနားမထောင်တဲ့ကလေးတွေ၊ကမြင်းတဲ့ကလေးတွေကိုလူကြီးတွေကသိပ်မနှစ်သက်မချစ်ကြပါဘူး၊မိဘတွေတောင်လိမ္မာတဲ့သားသမီးကိုပိုချစ်ကြသလိုပါ။ဒါကြောင့်ကျမ်းစာကယေရှုခရစ်တော်ရဲ့အချစ်နဲ့ချစ်ဖို့မှာကြားထားတာပါ၊ဘာလို့လဲဆိုတော့ယေရှုခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာဟာချစ်စရာကောင်းသူကောမကောင်းသူတွေကိုပါအားလုံးချစ်နိုင်လို့ပါ။သမ္မာကျမ်းစာအရကလေးတိုင်းချစ်ခြင်းအပြည့်ခံစားရသင့်ပါတယ်။ဒါကြောင့်သင်တနေ့ချစ်စရာမကောင်းတဲ့ကလေးတွေနဲ့ကြုံရင်ဒီနူတ်ကပတ်တော်ကိုသတိယပါ။
၃။မှန်ကန်သောသွန်သင်မှုကိုပေးပါ။
ရှင်မဿဲခရစ်ဝင် ၁၈:၆မှာ”ငါ့ကိုယုံကြည်သော ဤသူငယ်တစုံတယောက်ကို အကြင်သူသည်မှားယွင်းစေ၏၊ ထိုသူသည် လည် ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲ၍ နက်နဲသောပင်လယ်၌ နှစ်မြှုပ်ခြင်းကို ခံရလျှင်အနေသာ၍ကောင်း၏။”လို့ဖော်ပြပါတယ်။ဆိုလိုတာကကလေးတွေဟာဘာမဆိုစပြီးသင်ယူဆဲကာလမို့မှန်ကန်သောဩဝါဒပေးဖို့အင်မတန်အရေးကြီးကြောင်းပါ။ကလေးတွေကိုမမှန်မကန်သင်ပေးပြီးလမ်းလွဲစေတဲ့သူတွေကိုယေရှုခရစ်တော်ကတော့လောကကနေအမြန်ထွက်သွားတာပိုကောင်းမယ်လို့ဒဲ့ပြောထားပါတယ်။ဒါကြောင့်ယနေ့မိဘတွေ၊အသင်းတော်လူကြီးတွေ၊ဆရာဆရာမတွေသတိထားသွန်သင်ပေးဖို့လိုအပ်ပါတယ်။
၄။ကလေးတွေကိုနေရာပေးပါ။
ရှင်မာကုခရစ်ဝင် ၁၀:၁၄မှာယေရှုက”သူငယ်တို့ကို ငါ့ထံသို့လာပါစေလေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။”လို့ဆိုထားပါတယ်။အဲဒီတုန်းကလူကြီးတွေတရားနားထောင်ချိန်မှာကလေးတွေပါလာကြလို့မောင်းထုတ်တဲ့အခါယေရှုခရစ်တော်ပြောတဲ့စကားပါ။ယနေ့များစွာသောအသင်းတော်မှာလဲကလေးကဆူလို့ကစားလို့ဆိုပြီးအသင်းတော်ထဲကနေမောင်းထုတ်ခြင်းခံနေရပါတယ်၊ဒီလိုလုပ်ခြင်းဟာသမ္မာတရားသွန်သင်ချက်မဟုတ်ပါ၊လူကြီးတွေဘုရားဝတ်လုပ်နေချိန်ကလေးတွေကိုလဲသီးသန့်တနေရာစုခိုင်းပြီးဘုရားဝတ်ပြုခိုင်းသင့်ပါပေတယ်။သူတို့တွေကိုကောင်းကြီးပေးဆုတောင်းပေးပါ။သူတို့ကိုသခင်သွန်သင်ထားတဲ့အတိုင်းအသင်းတော်မှာနေရာပေးပါ၊ဒါတွေဟာအသင်းတော်ရဲ့နောင်လာမဲ့မျိုးစေ့တွေဖြစ်လို့ပါ။
၅။ကလေးလိုနှိမ့်ချပါ။
ရှင်မဿဲခရစ်ဝင် ၁၈:၃-၄မှာယေရှုက”ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မ ရောက်ရကြ။ထို့ကြောင့် အကြင်သူသည် ဤသူငယ်ကဲ့သို့ မိမိကိုမိမိနှိမ့်ချအံ့၊ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ သာ၍ကြီးမြတ်လိမ့်မည်။”လို့ပြောထားပါတယ်။တပည့်တော်တွေကကောင်းကင်မှာဘယ်သူအကြီးဆုံးဖြစ်မလဲမေးတဲ့အခါယေရှုကဖြေထားတဲ့စကားပါ။ညီကိုမောင်နှမတို့၊ဒီနေရာမှာကလေးလိုအကုန်ပြောင်းခိုင်းနေတာမဟုတ်ဘဲကလေးရဲ့ဖြူစင်နှိမ့်ချခြင်းမျိုးရှိဖို့ပြောနေတာပါ။ကလေးတွေရဲ့မာန်မာနမရှိခြင်း၊အငြိုးမထားတတ်ခြင်း၊ဟန်မဆောင်တတ်ခြင်းတွေကိုသင်ယူခိုင်းနေတာဖြစ်ပါတယ်။ဒီလိုကလေးလိုဖြစ်ဖို့ယေရှုခရစ်တော်နှလုံးသားထဲရှိနေမှရမှာပါ။ဒါကြောင့်ကယ်တင်ခြင်းရသူဟာကလေးရဲ့ဖြူစင်ခြင်းကိုယူတင်ဝတ်ဆင်သောသူများဖြစ်ကြောင်းယေရှုကသတိပေးနေတာပါ။ယနေ့ကျွန်ုပ်တို့တတွေကလေးလိုဖြူစင်နှိမ့်ချနေပြီလား?ဆင်ခြင်ကြပါစို့လေ။
နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊ဒီနေ့ရဲ့နူတ်ကပတ်တော်အားဖြင့်ကလေးတွေကိုလေးစားရမှာဖြစ်သလို၊ကလေးတိုင်းကိုယေရှုခရစ်ရဲ့အချစ်နဲ့ချစ်ရမှာပါ။အထူးသဖြင့်မိဘလုပ်တဲ့သူနဲ့ဆရာသမားတွေလူကြီးတွေ၊ကလေးကိုမှန်ကန်တဲ့သွန်သင်မှုကိုပေးပါ။မိသားစုအသိုင်းဝိုင်းမှာ၊ကျောင်းမှာ၊အသင်းတော်မှာကလေးတိုင်းကိုနေရာပေးကြပါ။နောက်ဆုံးသခင်ယေရှုသွန်သင်ထားတဲ့အတိုင်းကလေးတွေလိုနှလုံးသားဖြူစင်နှိမ့်ချသောသူများဖြစ်ကြပါစေလို့ဆုတောင်းရင်နူတ်ကပတ်တော်ကိုဤမျှလောက်နဲ့နိဂုံးချုပ်လိုက်ရပါတယ်။ကလေးများအားလုံးကျမ်းမာပျော်ရွှင်ကြပါစေ။ဖတ်ရှုသူအယောက်ဆီတိုင်းပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။