• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကလေးသေရင်ကယ်တင်ခြင်းရနိုင်ကြောင်းအကြောင်းရင်း(၇)ချက်

ဆရာရဲမင်း

10 月 23, 2024

ကလေးသေရင်ကယ်တင်ခြင်းရနိုင်ကြောင်းအကြောင်းရင်း(၇)ချက်

မွေးကင်းစကလေးတွေသေရင်ကယ်တင်ခြင်းရနိုင်သလားလို့အမေးများကြပါတယ်။ကလေးတွေသေရင်ကောင်းကင်ရောက်မရောက်ဆိုတာကျမ်းစာမှာအတိကျတော့အဖြေမပေးထားပါဘူး၊ဒါပေမဲ့ကယ်တင်ခြင်းရနိုင်ကြောင်းအရိပ်အမွတ်တော့တွေ့ရပါတယ်။

၁။ဘုရားသခင်ဟာချစ်ခြင်းမေတ္တာဖြစ်ကြောင်း(၁ယော၄:၈)၊လူတိုင်းကိုကောင်းကင်ရောက်စေချင်ကြောင်း(၁တိ၂:၄)ကျမ်းစာကဖော်ပြပါတယ်။သတိထားရမှာကကလေးတွေဟာယေရှုကိုမယုံကြည်ဘူး(သို့မဟုတ်)ယုံကြည်တယ်ဆိုတာကိုယ်တိုင်မဆုံးဖြတ်တတ်သေးပါဘူး၊အဖြူထည်‌လေးတွေပါ။ဒါကြောင့်‌ မွေးကင်းစကလေးတွေသေရင်ငရဲကျမှာမဟုတ်ကြောင်းစာရေးသူယုံကြည်တာပါ။

၂။သမ္မာဟောင်းကျမ်း(ဓမ္မရာဇဝင်ဒုတိယစောင် ၁၂:၂၃)မှာဒါဝိဒ်ဟာသူ့သားသေတဲ့အချိန်မှာသူလဲသူ့သားသွားမဲ့နေရာတနေ့သွားရမယ်လို့ဆိုထားပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့်ကလေးတွေသေရင်ကောင်းကင်သွားကြောင်းအရိပ်အမွတ်တွေ့နိုင်ပါတယ်၊ဘာလို့လဲဆိုတော့ဒါဝိဒ်သေရင်သွားမဲ့နေရာကဘုရားဆီမို့ပါ။သူသားကအဲဒီနေရာကြိုပြီးသွားနှင့်ကြောင်းသူ့စကားမှာအရိပ်အမွတ်အဖြစ်တွေ့နိုင်ပါတယ်။

၃။တချို့က ကလေးမှာဗီဇအပြစ်ရှိလို့ကောင်းကင်မရောက်ဘူးခံယူပါတယ်။သတိထားရမှာကအမိဝမ်းထဲကတည်းကဘုရားသခင်ရွေးကောက်တယ်ဆိုတဲ့သွန်သင်ချက်လဲကျမ်းစာမှာရှိတာမမေ့သင့်ပါ။ဥပမာအမိဝမ်းထဲကဝိညာဉ်တော်ပြည့်နက်နေတဲ့ဗတ္တိဇံယောဟန်လိုပေါ့။ဒါကြောင့်ဗီဇအပြစ်ကြောင့်ကောင်းကင်မရောက်ဘူးဆိုရင်ခရစ်တော်ကားတိုင်မှာပေးဆပ်ခဲ့တာလူသားတိုင်းအတွက်လို့ပြောလို့မရတော့ပါ။ဒါကြောင့်ဗီဇအပြစ်ကြောင့်ဖြူစင်တဲ့ကလေးတွေငရဲသွားစရာမလိုပါ။

၄။ဘုရားသခင်ကိုယ်တိုင်က(ယောန၄:၁၁)မှာဘယ်ညာလက်တောင်မခွဲတတ်သေးတဲ့ကလေးတစ်သိန်းနှစ်သောင်းကိုနှမြောကျောင်းဖော်ပြထားသလို၊ခရစ်တော်ယေရှုလည်း(လုကာ၁၈:၁၅-၁၇နဲ့မဿဲ၁၈:၁၄)မှာကောင်းကင်နိုင်ငံဟာဒီလိုကလေးတွေအတွက်ဖြစ်ကြောင်းပြောခဲ့ပါတယ်။
အဲဒီတုန်းကကလေးတွေဟာယေရှုကိုယုံကြည်ကြောင်းမဆုံးဖြတ်တတ်သေးပါ။ဒါပေမဲ့ယေရှုကတော့ကလေးလိုဖြူစင်ကြပါလို့သွန်သင်ပြီး၊ကလေးတွေဟာကောင်းကင်မှာသွားရမှာဖြစ်ကြောင်းပြောနေတာသိသာပါတယ်။

၅။ဘာမှမသိသေးတဲ့‌ကလေးတွေသေပြီးငရဲရောက်ခဲ့ရင်၊လူတွေအမြင်မှာဒါမတရားဘူးလို့ခံယူမှာသေချာပါတယ်။စဉ်းစားကြည့်ပါ၊လူ့အမြင်မှာတောင်တရားခြင်းမတရားခြင်းကိုအနည်းနဲ့အများပိုင်းခြားသိနိုင်တယ်ဆိုရင်၊ဒီလူတွေကိုဖန်ဆင်းတဲ့ဘုရားသခင်ကပိုပြီးမသိနိုင်ဘူးလား?သိနိုင်ပါတယ်၊ဘုရားသခင်ဟာ‌တရားမျှတခြင်းနဲ့ဖြောင့်မတ်ခြင်းရဲ့အရင်းအမြစ်(ကမ္ဘာ၁၈:၂၅)ဆိုရင်ဒီလိုဘာမှမသိ‌သေးတဲ့ဖြူစင်တဲ့ခလေး တွေကိုငရဲချပါ့မလား?ဘုရားအကောင်းဆုံးပြင်ဆင်လိမ့်မယ်ဆိုတာယုံကြည်ပါ။

၆။သမ္မာကျမ်းစာ(ဗျာဒိတ်၂၀:၁၂)အရ နောက်ဆုံးအပြစ်စီရင်တဲ့အခါမိမိလုပ်ခဲ့တဲ့အပြစ်တွေကြောင့်ငရဲချအပြစ်ပေးကြောင်းဖော်ပြပါတယ်။သတိထားရမှာကကလေးတွေဟာ ကောင်းမကောင်းတောင်သိခွင့်မရသေးဘဲ၊အပြစ်မလုပ်ခဲ့ဘူးသူပါ၊အပြစ်မလုပ်တတ်သေးခင်သေဆုံးခဲ့တာမို့၊သူတို့ကိုငရဲချမှာမဟုတ်ကြောင်းအရိပ်အမွတ်အနေနဲ့မှတ်ချက်ပြုနိုင်ပါတယ်။

၇။တချို့လူတွေက ကလေးငယ်ဘာမှမသိလို့သေသွားရင်ကောင်းကင်ရောက်မယ်ဆိုရင်ကလေးတွေလိုက်သတ်ပြီးကောင်းကင်ပို့ပါလားလို့မေးတတ်ကြပါသေးတယ်။ဒါကိုဖြေရရင်ဒီလိုလေးတွေးပါ-ဥပမာဆေးရုံမှာအခမဲ့ဆေးကုပေးနေပြီးလူနာတွေကိုထောက်ပံ့ကြေးပေးနေတယ်ဆိုရင်ကိုယ်ကလူတကာတုတ်နဲ့လိုက်ရိုက်ပြီးဆေးရုံပို့ပေးရမလား?သင်ကူညီနေတာလား၊ဘာလုပ်နေတာလဲခွဲခြားကြည့်ပါ။ဘုရားသခင်အလင်းပေးပါစေ။

နိဂုံးအနေနဲ့ပြောရရင်
ကယ်တင်ခြင်းဟာယုံကြည်ကြောင်းမယုံကြည်ကြောင်းဆုံးဖြတ်နိုင်တဲ့လူတွေပေါ်မှာဘဲရခြင်းမရခြင်းကမူတည်တဲ့သဘောပါ။လွတ်လပ်စွာယုံကြည်ဆုံးဖြတ်ခွင့်မရဘဲသေသွားတဲ့ကလေးတွေ၊အရူးတွေ၊စိတ်တဇ္ဇတွေ၊လူအတွေအတွက်ဘုရားသခင်အကောင်းဆုံးအစီစဉ်ရှိကြောင်းယုံကြည်ရပါတယ်။ဘာလို့လဲဆိုတော့ဘုရားသခင်ကတရားမျှတခြင်းရဲ့အရင်းအမြစ်မို့ပါ။ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။
ဖတ်ရှုပြီးရင်လွတ်လပ်စွာခံယူနိုင်ပါတယ်။ဒါကလွတ်လပ်စွာကွဲလွဲလို့ရတဲ့အရာမို့ပါ။