အပြစ်ဝန်ချခြင်းနဲ့ပတ်သတ်ပြီးနောက်ထပ်မေးခွန်း(၆)ခု
မေးခွန်း(၁)တောင်းပန်မှခွင့်လွှတ်ခြင်းရသလား?
ဖြေ-အတိုချုံးပြောရရင်တောင်းပန်မှဘုရားကခွင့်လွတ်နိုင်တာမဟုတ်ပါဘူး။ဒါပေမယ့်လူ့ဖက်မှာကဝန်ချတောင်းပန်ခြင်းအားဖြင့်ခွင့်လွတ်ခြင်းကသက်ရောက်လာတာပါ။ဘုရားသခင်ရဲ့ခွင့်လွတ်ခြင်းကလူသားတောင်းပန်ခြင်းကြောင့်မဟုတ်ဘဲယေရှုရဲ့အသွေးတော်ကြောင့်ပါ။ဒါဟာကျွန်တော်တို့တောင်းပန်မှဘုရားကခွင့်လွတ်နိုင်တာမဟုတ်ဘဲ၊ ယေရှုခရစ်တော်ကြောင့်ဘုရားရဲ့ခွင့်လွတ်ခြင်းကျေးဇူးကိုလိုလားပါတယ်ဆိုတဲ့သက်သေအပြုအမှုလေးပါ။ဥပမာခရစ်တော်ရဲ့ကယ်တင်ခြင်းဟာတလောကလုံးကလူတွေအတွက်ပေးပြီးသားနဲ့တူပါတယ်၊ဒါပေမယ့်ယုံကြည်လက်ခံခြင်းနဲ့ဒီကယ်တင်ခြင်းကိုလက်ခံမှရသလိုမျိုးပါ။ဒါဟာမိမိကိုယ်တိုင်ယုံကြည်လက်ခံနိုင်လို့ဘုရားကကယ်တင်တာမဟုတ်ဘဲ၊ဘုရားရဲ့ကယ်တင်ပေးပြီးသားကိုကိုယ်တိုင်လိုလားပါတယ်လို့သက်ရောက်တာလေးပါ။
အလားတူပါဘဲ၊ဘုရားကယေရှုခရစ်ကြောင့်ခွင့်လွတ်ခြင်းကိုသူ့သားသမီးတွေအတွက်ပြင်ဆင်ပေးပြီးသားပါ၊ဒါကိုလူ့ဖက်ကငါခွင့်လွတ်ခြင်းရယူလိုပါတယ်ဆိုတဲ့သက်သေအနေနဲ့တောင်းပန်ခြင်းဖြင့်ရယူရတာကိုနားလည်ဖို့လိုပါတယ်။ဒါဟာဓမ္မဟောင်းကစခုဓမ္မသစ်အထိဘုရားသခင်ပြင်ဆင်ပေးထားတဲ့နည်းလမ်းဖြစ်ပါတယ်။တနည်းအားဖြင့်ဘုရားသခင်ကလူတွေကိုမလိုချင်ဘဲအတင်းအဓမ္မမလုပ်တာပါ။
မေးခွန်း(၂)အပြစ်ပြုတိုင်း တောင်းပန်ဖို့ဘာကြောင့်လိုလဲ?
ဖြေ-ဒီအဖြေကအင်မတန်ရှင်းလှပါတယ်၊အပြစ်ပြုတိုင်းတောင်းပန်ဖို့ဘာကြောင့်လိုလဲဆိုတော့ကျမ်းစာကအဲဒီလိုလုပ်ဖို့သွန်သင်ပေးထားလို့ပါ။ယုံကြည်သူတွေအသက်တာမှာပြစ်မှားမိရင်ဝန်ချတောင်းပန်ဖို့ဓဓ္မဟောင်းကျမ်းကနေဓမ္မသစ်အထိသာဓကအများကြီးရှိနေပါတယ်၊ဥပမာဘုရားရွေးကောက်တဲ့ဒါဝိဒ်အပြစ်ပြုမိတဲ့အခါဝန်ချတောင်းပန်တာကိုဆာလံ51မှာအထူးမှတ်သားထားပါတယ်၊ဓမ္မသစ်မှာတမန် တော်ရှင်ပေတရုသခင့်ကိုသုံးကြိမ်ငြင်းခဲ့ပြီးပြန် နောင်တရဝန်ချတောင်းပန်တာကိုတွေ့ရပါတယ်။နောက်ထပ်အများကြီးရှိပါသေးတယ်။သေချာတာတခုကသမ္မာကျမ်းစာကယုံကြည်သူတွေဟာအပြစ်ပြုအားနည်းပြီး ကျေးဇူးတော်ချီးမွမ်းနေခဲ့ကြတာမဟုတ်ဘဲဝန်ချတောင်းပန်ခဲ့ကြတာပါ။အကယ်၍အပြစ်ပြုမိပြီး နောင်တမျက်ရည် နဲ့မဟုတ်ဘဲယေရှု ဖြေလွတ်ပေးပြီးသားဆိုပြီးဝမ်းသာနေရင်တော့ဒါဟာဩသပ္ပစိတ်ဖုန်းကွယ်သွားပြီးသူ့အထဲမှာအပြစ်ဖော်ပြပေးတဲ့သန့်ရှင်းသောဝိညာဉ်တော်မရှိဘူးလို့သာပြောရပါမယ်။ဘာ ကြောင့်လည်းဆိုတော့အပြစ်ပြုပြီးတောင်းပန်စရာမလိုဘူးဆိုတာကျမ်းစာထဲမှာတချက်ကလေးတောင်ရှာမတွေ့ပါဘူး။ယေရှုကိုယ်တိုင်ရေချိုးပြီးပြီဆိုပေမယ့်၊ခြေထောက်တော့အမြဲဆေးရအုံးမယ်လို့သွန်သင်ထားတာသတိရသင့်ပါတယ်။
မေးခွန်း(၃)ခရစ်တော်ဆေးကြောပေးခဲ့သောအပြစ်တွေမှာပြုဦးမည့်အပြစ်အတွက်ရောပါသလား။
ဖြေ-ဒီမေးခွန်းကိုဖြေဖို့အရင်ဆုံးအချက်နှစ်ချက်ကိုနားလည်ရပါမယ်။ပထမတခုက“ရရှိခြင်းနဲ့စုံလင်ခြင်း”ဖြစ်ပြီး၊ဒုတိယတခုက“ပြင်ဆင်ပြေးပြီးခြင်းနဲ့လက်ခံရယူခြင်း”ပါ။ကယ်တင်ခြင်းဟာယုံကြည်သောသူတိုင်းရပြီဆိုပေမယ့်ဒီကယ်တင်ခြင်းဟာစုံလင်ခြင်းသို့မရောက်သေးပါဘူး။အို၊နာ၊သေတတ်တဲ့ခန္ဓာရှိသေးသလို၊ထာဝရကိုမဝင်စားရသေးပါဘူး။ထို့အတူကယ်တင်ခြင်းကိုဘုရားသခင်ကယေရှုခရစ်အားဖြင့်လူသားအားလုံး(အားလုံး)အတွက်ပြင်ဆင်ပေးထားပြီးသားဆိုပေမယ့်၊လက်ခံတဲ့လူသာရရှိတာပါ။ဒါကြောင့်ခရစ်တော်ရဲ့ဆေးကြောခွင့်လွတ်ပေးခြင်းဟာအတိတ်၊ပစ္စုပ္ပန်၊အနာဂတ်အတွက်အကုန်လုပ်ပေးပြီးသားဆိုပေမယ့်မိမိဖက်ကယုံကြည်လက်ခံဖို့လိုပါသေးတယ်၊ယုံကြည်ပြီးလို့အားနည်းမိသူဆိုရင်လည်းအသက်တာသန့်ရှင်းဖို့အတွက်ဝန်ချတောင်းပန်ခြင်းနဲ့ပြန်လည်ရရယူဖို့လိုပါသေးတယ်။နောက်တခုသတိထားရမှာကဘုရားသခင်မှာအချိန်အကန့်သတ်မရှိဘူးဆိုတာပါ၊လူတွေကသာလာမယ့်အချိန်ဘာဖြစ်မှာလဲမသိပေမယ့်ဘုရားကသိနေနှင့်ပြီမို့အကုန်လုပ်ပေးပြီးသားဖြစ်ပါတယ်၊ဒီလုပ်ပေးပြီးသားကိုဘုရားပြင်ဆင်ပေးတဲ့နည်းကနောင်တနဲ့ဝန်ချတောင်းပန်ပြီး၊ ကျေးဇူးတော်ကိုယုံကြည်လက်ခံဖို့ပါဘဲ။
မေးခွန်း(၄)ရှင်ယောဟန် ၁း၂၉ “ဤလော၏ အပြစ်ကို ယူဆောင်သွားသော ဘုရားသခင်၏ သိုးသူငယ်ကို ကြည့်လော့” ဆိုတဲ့ကျမ်းချက်မှာ ဤလောကအပြစ်ဆိုတာဗီဇအပြစ်၊ ဒုစရိုက်အပြစ်၊ဆက်လက်လုပ်မယ့် အပြစ်အပြစ်အကုန်လုံးပါသလား?
ဖြေ-ဒီကျမ်းချက်ထဲကဤလောကဆိုတာမူရင်းမှာလောကလူသားအားလုံးကိုရည်ညွန်းထားပါတယ်။ဒါကြောင့်သခင်ယေရှုရဲ့ပေးဆပ်ခြင်းဟာယုံကြည်သူ/မယုံကြည်သူသေးသူအားလုံးအတွက်ပါပြီးသားဖြစ်ပါတယ်။၁ယော၂:၂မှာလည်း ယေရှုဟာလောကီသားအပေါင်းတို့ရဲ့အပြစ် ဖြေစရာအကြောင်းလို့ဆိုပါတယ်။ဒါဆိုရင်မယုံကြည်သေးသူကဘာလို့ငရဲသွားစရာရှိသေးလည်းလို့မေးစရာရှိပါတယ်။အဖြေကသူတို့မယုံကြည်လို့ပါ၊လုပ်ပေးပြီးသားကိုလက်မခံကြလို့ပါ။ယုံကြည်လက်ခံသူတိုင်းအဲဒီယုံကြည်လက်ခံတဲ့အချိန်မှာအပြစ်လွတ်ခြင်းအကုန်အစင်သက်ရောက်လာမှာပါ။ဗီဇအပြစ်ကော၊ဒုစရိုက်အပြစ်အကုန်လုံးဆေးကြောခံရမှာပါ။ဒါကကယ်တင်ခြင်းအပိုင်း(အရိုက်အရာအပိုင်း)ပါ။ကယ်တင်ခြင်းရပြီးအသက်တာမှာအားနည်းလို့အပြစ်ပြုမိတာ(ဒုစရိူက်)ကိုလည်းဘုရားကသိပြီးသားခွင့်လွတ်ပြီးသားဖြစ်ပါတယ်၊ဒါပေမယ့်ခုနအပေါ်ကပြောသလိုခွင့်လွတ်ခြင်းကိုလိုချင်တဲ့သက်သေဖြစ်တဲ့ နောင်တရဝန်ချခြင်းနဲ့ပြန်လည်တည်ဆောက်ရတာပါ။ဆုံးမခြင်းနဲ့ပြုပြင်ပေးခြင်းကတော့ခံရပါမယ်။
မေးခွန်း(၅)ရှင်ယောဟန်၈မှာ ဖော်ပြတဲ့မှားယွင်းခြင်းအမှုပြုတဲ့မိန်းမမှာယေရှုကအပြစ်မရှိဘူးလို့စီရင်ခဲ့သလား?
ဖြေ-ဒါကအင်မတန်ရှင်းလှပါတယ်
(၁)အပြစ်လုပ်ထားတာမို့ဖမ်းခေါ်လာပြီးယေရှုကိုစုံစမ်းတာပါ။
(၂)ဒီဖမ်းခံရတဲ့မိန်းမလည်းသူ့မှာအပြစ်ရှိတယ်ဆိုတာဝန်ခံလို့ငြိမ်နေတာပါ၊မဟုတ်ရင်ယေရှု့နဲ့လူထုရှေ့မှာကျမအပြစ်မရှိဘူးလို့အော်တော့မှာပါ။
(၃)ယေရှုကမြေကြီးမှာစာရေးနေတာဟာဒီမိန်းမမှာအပြစ်မရှိကြောင်းရေးနေတာမဟုတ်ပါဘူး၊သူမမှာအပြစ်ရှိလို့ကိုကယ်တင်ဖို့လုပ်နေတာပါ။
(၄)ယေရှုက“သူတို့ဘယ်မှာလည်း?သင့်အပြစ်ကိုစီရင်သူဘယ်သူမှမရှိဘူးလား?”လို့မေးခြင်းအားဖြင့်ဒီမိန်းမမှာအပြစ်ရှိနေလို့အဲလိုမေးကြောင်းပေါ်လွင်လှပါတယ်။မဟုတ်ရင်မင်းမှာအပြစ်မရှိဘဲသူတို့ဖမ်းလာတာမို့သူတို့မှားတာပါမင်းမမှားဘူးလို့ပြောရမှာပါ။
(၅)ယေရှုက“ငါလည်းမင်းအပြစ်ကိုမစီရင်ဘူး၊သွားပါ၊ နောက်တခါဒုစရိုက်မပြုနှင့်”လို့ပြောထားတာဟာ ယေရှုကမင်းအပုစ်မရှိဘူးသို့မဟုတ်မင်းရှေ့ဆက်အပြစ်မလုပ်မိနိုင်တော့ဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။မင်းအခုလုပ်ခဲ့တာဒုစရိုက်အပြစ်ဖြစ်တယ်ဆိုတဲ့အကြောင်းပေါ်လွင်လှပါပေတယ်။ဒါမှနောက်တခါမလုပ်နဲ့တော့လို့ပြောလို့ရမှာပါ။အပြစ်မရှိမလုပ်သူကိုနောက်တခါအပြစ်မလုပ်နဲ့တော့ဆိုတဲ့စကားသုံးလို့မရပါ။ဒါကြောင့်ဒီမိန်းမအပြစ်မရှိဘူးလို့ယေရှုပြောနေခြင်းမဟုတ်ဘဲ၊အပြစ်ကနေခွင့်လွတ်ပေးပြီးနောက်တခါအပြစ်မပြုနဲ့တော့လို့ နောင်တရဖို့အခွင့်အရေးပေးနေတာဖြစ်ပါတယ်။
မေးခွန်း(၆)ယုံကြည်သူအသက်တာမှာအပြစ်ဝန်ချခြင်းကဘယ်လောက်အရေးပါနေလည်း?
ဖြေ-အင်မတန်အရေးကြီးလှပါပေတယ်၊ဘာကြောင့်လည်းဆိုတော့ရှင်ယောဟန်၁၆:၈မှာယုံကြည်သူတိုင်းရဲ့အတွင်းထဲသန့်ရှင်းသောဝိညာဉ်တော်ဘုရားကိမ်းဝပ်နေပြီး၊သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်အများကြီးထဲကတခုဟာယုံကြည်သူတွေရဲ့ဒုစရိုက်အပြစ်ကိုဖော်ပြပြီးငိုကြွေးနောင်တရခိုင်းဖို့ဖြစ်ပါတယ်။အကယ်၍ယုံကြည်သူတစ်ယောက်ကငါကယ်တင်ခြင်းရသောသူဖြစ်တယ်ဆိုပြီးအသက်တာမှာအားနည်းမိပြီးဒီအပြစ်အတွက်ဝမ်းနည်းငိုကြွေးနောင်တရတာမျိုးမဟုတ်ဘဲ၊ပျော်ရွှင်ဝမ်းသာကျေးဇူးတော်ချီးမွမ်းနေတယ်ဆိုရင်၊သေချာပါတယ်ဒီလူကတကယ်ကယ်တင်ခြင်းရထားတဲ့သူမဟုတ်ပါဘူး။တကယ့်စစ်မှန်တဲ့ကယ်တင်ခြင်းရထားသူဟာအပြစ်ကိုမုန်းတတ်သောသူ၊အပြစ်ပြုမိရင်ဝမ်းနည်းငိုကြွေးနောင်တရတတ်သောသူ၊ဝန်ချတောင်းပန်ပြီးအသက်တာကိုသန့်ရှင်းစေသောသူဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်သူအသက်တာမှာအပြစ်ဝန်ချခြင်းကအင်မတန်အရေးပါနေတာပါ။