• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အမျိုးသမီးများအတွက်ဘုရားပေးတာဝန်

ဆရာရဲမင်း

12 月 23, 2024

အမျိုးသမီးများအတွက်ဘုရားပေးတာဝန်

၁။ဖန်ဆင်းခြင်းတုန်းကပေးခဲ့တဲ့တာဝန်
(ကမ္ဘာဦးကျမ်း ၂:၁၈” ထာဝရအရှင်ဘုရားသခင်ကလည်း၊ ယောကျာ်းသည် တစ်ယောက်တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူဖို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။”)
ဘုရားသခင်ဟာပထမဆုံးအမျိုးသမီးဖြစ်တဲ့ဧဝကိုဖန်ဆင်းပြီးအမျိုးသားဖြစ်တဲ့အာဒံရဲ့”အထောက်အမ”အဖြစ်တာဝန်ပေးခဲ့တာပါ။အထောက်အမ ဆိုတာခေါင်းဆောင်လုပ်ခိုင်းတာမဟုတ်ပေမယ့်ခေါင်းဆောင်တွေမလုပ်နိုင်တဲ့အရာတွေကိုကူညီထောက်မဖို့ပါ။ဒါဟာအမျိုးသားတွေအောက်အဆင့်နှိမ့်သွားတာမဟုတ်ပါဘူး၊ဘုရားအမြင်မှာကျားမတန်းတူဖြစ်ပါတယ်၊တာဝန်ခွဲခန့်မှုကသာကွာသွားတာပါ။ဒါကြောင့်အမျိုးသမီးများဘုရားပေးခဲ့သောကနဦးတာဝန်ကိုမမေ့သင့်ပါ။

၂။အိမ်ထောင်မိသားစုထဲကတာဝန်
အမျိုးသမီးတွေအိမ်ထောင်မိသားစုမှာဘုရားပေးတာဝန်အတော်ကြီးမားပါတယ်၊များသောအားဖြင့်အဖေလုပ်တဲ့သူကအလုပ်အကိုင်ကြောင့်သားသမီးနဲ့ထိတွေ့သွန်သင်ဖို့အချိန်မရပါဘူး၊အမေကတော့အမြဲတမ်းလိုလိုသားသမီးနဲ့အတူရှိနေတဲ့အတွက်”သမ္မာတရားနဲ့အညီ”သားသမီးများကိုသွန်သင်ပေးဖို့မိခင်မှာတာဝန်ရှိပါတယ်။၂တိ၁:၄ထဲကတိမောသေရဲ့အဖွားနဲ့အမေရဲ့သွန်သင်မှုကောင်းခဲ့ခြင်းကြောင့်ယုံကြည်ခြင်းမျိုးဆက်ကောင်းလာခြင်း၊ဓမ္မဟောင်းထဲကမောရှေ၊အာရုန်၊မိရိအံတို့ရဲ့အမေကြောင့်သူတို့အသီးသီးဖရောဖက်ကြီးသုံးယောက်ဖြစ်လာရခြင်း၊ဆက်ပြီးအခြားမိခင်အများကြီးရှိပါသေးတယ်။ယနေ့သမိုင်းမှာအကောင်းအဆိုးနဲ့နာမည်ကြီးတဲ့လူတွေအားလုံးဟာတချိန်ကအမျိုးသမီးဖြစ်တဲ့အမေရဲ့အနီးကပ်သွန်သင်မှုအောက်ကနေကြီးထွားလာခဲ့ရသူတွေများပါတယ်။ဒါကြောင့်အမျိုးသမီးတဦးအနေနဲ့မိမိအိမ်ထောင်မိသားစုမှာဘုရားသခင်ပေးထားတဲ့တာဝန်ဟာအင်မတန်အရေးကြီးတာတွေ့မြင်ရပါတယ်။ယနေ့ဒီတာဝန်ကိုသင်ကျေပြွန်နေပြီလား?

၃။အသင်းတော်ထဲကတာဝန်
တချို့က၁ကော၁၄:၃၄အရအမျိုးသမီးတွေအသင်းတော်မှာတရားမဟောရဘူးလို့တားမြစ်နေကြပါတယ်၊ဒါပေမယ့်၁ကော၁၁:၅မှာအမျိုးသမီးတွေတရားဟော(ပရောဖက်ပြု)ရင်ခေါင်းဖုံးရမယ်လို့သွန်သင်ထားပြန်ပါတယ်။ဒါကြောင့်ဒီကျမ်းချက်တွေကိုသေချာလေ့လာလိုက်တဲ့အခါရှင်ပေါလုဟာကောရိန်တုအသင်းတော်ရဲ့ပြသနာကိုဖြေရှင်းဖို့အဲဒီအသင်းတော်ထဲကအမျိုးသမီးတချို့ကိုသာတားမြစ်နေကြောင်းတွေ့ရှိရပါတယ်။ဒါဟာယနေ့အသင်းတော်တိုင်းလိုလိုအဲဒီတိုင်းလိုက်လုပ်ရမည်လို့ရယ်တော့မဟုတ်ပါ(လိုက်လုပ်ခဲ့လဲအပြစ်မရှိပါ)။ဒီလိုပြောလိုက်လို့ယနေ့အမျိုးသမီးတွေအမျိုးသားရဲ့တာဝန်ကိုလုယူပြီးခေါင်းဆောင်လုပ်ဖို့တော့မဟုတ်ပါလေ၊အသင်းတော်မှာအမျိုးသမီးတွေရဲ့တာဝန်ဟာနာခံ၊ဝန်ခံခြင်းနဲ့ဆက်ကပ်ခြင်းဆိုတာမမေ့သင့်ပါ။အကယ်၍ဘုရားကခေါင်းဆောင်နေရာပေးထားတဲ့အမျိုးသားတွေအသုံးမကျခဲ့ဘူးဆိုရင်ဘုရားသခင်ကအမျိုးသမီးတွေကိုခေါင်းဆောင်နေရာခေတ္တတာဝန်ယူခိုင်းနိုင်ပါပေတယ်။ဒါပေမယ့်အမျိုးသမီးတွေအသင်းတော်မှာဘုရားပေးတာဝန်ဟာဝန်ခံခြင်းနဲ့ဆက်ကပ်ခြင်းဆိုတာမမေ့သင့်ပါ။

၄။ကယ်တင်ခြင်းထဲကတာဝန်
သမ္မာကျမ်းစာကိုလေ့လာလိုက်တဲ့အခါဘုရားသခင်ရဲ့မဟာကယ်တင်ခြင်းမှာအမျိူသမီးတွေလဲအများကြီးပါဝင်နေတာတွေ့ရပါတယ်၊ဥပမာ-ရုသနဲ့ဧသတာ၊ဣသရေလလူမျိုးစင်စစ်မဟုတ်ကြပေမယ့်လဲသူတို့နှစ်ယောက်အားဖြင့်ဘုရားသခင်ဟာဣသရေလလူတွေကိုကယ်တင်ခဲ့သလိုလူမျိုးတကာရဲ့ကယ်တင်ရှင်ဖြစ်တဲ့ယေရှုခရစ်တော်မွေးဖွားဖို့မျိုးဆက်ထဲပါဝင်ခွင့်ရခဲ့တယ်။ဧဝံဂေလိအလုပ်မှာလဲအမျိုးသမီးတွေအများကြီးရှိခဲ့သလိုယနေ့ဘုရားအသုံးပြုနေတဲ့တရားဟောဆရာမတွေလဲအများကြီးရှိနေပါတယ်။ဒါကြောင့်ဘုရားသခင်ဟာသူ့ရဲ့မဟာကယ်တင်ခြင်းအစီစဉ်မှာအမျိုးသမီးတွေကိုလဲပါဝင်ဖို့အလိုတော်ရှိကြောင်းမမေ့သင့်ပါ။