သမ္မာကျမ်းစာအခန်းကြီးအခန်းငယ်ဖြစ်လာပုံ
Ye Ming – RubyLand
ကျမ်းစာရေးတဲ့ချိန်ကနေစာအုပ်ဖြစ်တည်လာတဲ့အချိန်ထိအခန်းကြီးအခန်းငယ်ဆိုတာမရှိခဲ့ပါဘူး။ဟေဘရူးမောရှေ၅ကျမ်းကို(၁၅၄)ပိုင်းခွဲပြီးဥပုသ်နေ့မှာအစဉ်လိုက်ဖတ်လေ့သာရှိကြပါတယ်။နောက်ပိုင်းမှာအခန်းကြီးအခန်းငယ်ခွဲသူပညာရှင်အများကြီးထွက်လာကြပေမဲ့ယနေ့ခေတ်အများစုသုံးကြတဲ့အခန်းကြီးအခန်းငယ်ကိုတော့အောက်ပါလူတွေထည့်သွင်းခဲ့ကြတာဖြစ်ပါတယ်။
၁။စတီဗင်လန်တွန်
၁၃ရာစုအစမှာStephen Langton(1150-1228)ဆိုသူကကျမ်းစာဖတ်သူတွေတညီတညွတ်ထဲဖတ်လို့လွယ်အောင်အခန်းကြီးကိုစထည့်ပေးခဲ့တာပါ။သူဟာအင်္ဂလန်နိုင်ငံကတ်သလစ်အသင်းတော်ကာဒီနယ်ဂိုဏ်းချုပ်တပါးဖြစ်ပါတယ်။
၂။Isaac nathan ben kalonymus ဂျူးကျမ်းဆရာ
ဓမ္မဟောင်းရဲ့အခန်းငယ်ကိုတော့ဂျူးဘာသာဝင်ကျမ်းစာဆရာတပါးဖြစ်တဲ့(Isaac nathan ben kalonymus) က 1440မှာအစပြုပေးခဲ့တာဖြစ်ပါတယ်။
၃။ရောဘတ်စတီဗင်
(၁၅၅၁)ခုနှစ်မှာပုံနှိပ်ပညာတွေထွန်းလာတာနဲ့အမျှရောဘတ်စတီဗင်(Rober l Estienne )ဆိုသူကဓမ္မသစ်ကိုအခန်းငယ်တွေထည့်ပြီး၊ဓမ္မဟောင်းကိုတော့ဂျူးဆရာတွေထည့်ထားတဲ့ဟာကိုကိုးကားပြင်ဆင်ပြီးပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။သူဟာပြင်သစ်နိုင်ငံကရောမကာသိုလစ်ဖြစ်ပေမဲ့ပရိုတက်စတင့်အဖြစ်ပြောင်းလာခဲ့သူပါ။
အထက်ပါလူတွေရဲ့အသုံးတော်ခံမှုကြောင့်ယနေ့ကျနော်တို့ဟာသမ္မာကျမ်းစာကိုလွယ်လွယ်ကူကူဖတ်ရှုလေ့လာကျတ်မှတ်လို့ရနေတာဖြစ်ပါတယ်။ကတ်သလစ်တွေလုပ်ထားတာမို့ဆိုပြီးဂိုဏ်းစွဲနေရင်အခန်းကြီးတွေပယ်ရပါလိမ့်မည်။ဂျူးဘာသာဝင်ကလုပ်ခဲ့တာမို့ဆိုပြီးဂိုဏ်းစွဲနေရင်အခန်းငယ်ပယ်ရပါလိမ့်မည်။ပရိုတက်စတင့်ကလုပ်ခဲ့တာမို့ဆိုပြီးဂိုဏ်းစွဲနေရင်ဓမ္မသစ်အခန်းငယ်တွေမသုံးဘဲလုပ်ရပေတော့မည်။
ဆိုလိုချင်တာကဘယ်ခရစ်ယာန်ဘယ်ဂိုဏ်းဂဏကဘဲလုပ်ခဲ့တဲ့ထုံးတမ်းစဥ်လာဖြစ်နေပါစေ၊ကျမ်းစာနဲ့ကိုက်ညီနေရင်ကျင်ပယ်စရာဆန့်ကျင်စရာမလိုပါ။စိတ်သန့်သန့်နဲ့သာသုံးပါလုပ်ပါ။ကျမ်းစာနဲ့မကိုက်ညီဘဲဖြစ်နေရင်ဘယ်ဂိုဏ်းဂဏရဲ့လုပ်ရပ်မဆိုဆန့်ကျင်ပါ၊ပယ်ရှောင်ပါလို့ခွန်အားပေးချင်ပါတယ်။
မိမိဂိုဏ်းဂဏပေါ်မရပ်တည်ဘဲသမ္မာကျမ်းသာပေါ်သာရပ်တည်ဖို့လိုပါတယ်။
ဝိညာဉ်တော်အလင်းပေးပါစေ။
အာမင်။
မူရင်း-ဆရာရဲမင်း