• 周日. 4 月 19th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ခရစ်ယာန်ဂိုဏ်းကြီးသုံးခုနှင့်သမိုင်းအကျဉ်း

ဆရာရဲမင်း

7 月 17, 2025

ခရစ်ယာန်ဂိုဏ်းကြီးသုံးခုနှင့်သမိုင်းအကျဉ်း

လက်ရှိကမ္ဘာ့လူဦးရေ(၈.၂)ဘီလျံ(8200000000)ဝန်းကျင်ခန့်ရှိပြီး၊ဒီထဲက33%(2.6ဘီလျံခန့်)ဟာခရစ်ယာန်ဘာဟာဝင်တွေဖြစ်ကြပါတယ်။တနည်းအားဖြင့်ကမ္ဘာပေါ်မှာယနေ့ထိကိုးကွယ်မှုဘာသာဝင်အများဆုံးကခရစ်ယာန်ဘာသာဖြစ်နေပါတယ်။ဒါပေမဲ့ခရစ်ယာန်လို့ချုံပြီးပြောလိုက်ရင်ဂိုဏ်းကြီးသုံးခုရှိနေတာကိုမမေ့သင့်ပါ။

ဒါကြောင့်ခရစ်ယာန်ဘာသာလို့ပြောလိုက်ရင်…
၁။အရှေ့ပိုင်းအော်တိုဒေါ့(Eastern Orthodox)
၂။ရိုမန်ကာသိုလစ်(Roman Catholic)
၃။ပရိုတက်စတင့်(Protestantism)
ဆိုတဲ့ဂိုဏ်းသုံးခုလုံးကိုရည်ညွန်းပြောဆိုတာဖြစ်ပါတယ်။

၁။အော်သိုဒေါ့ဆိုတာကဂရိလို”စစ်မှန်သောအသင်းတော်”သို့မဟုတ်”ဂရိအသင်းတော်”လို့သက်ရောက်ပါတယ်။ဓမ္မ‌ဟောင်း၄၉-၅၁အုပ်(အသင်းတော်အလိုက်ကွဲပြားမှုရှိ)၊ဓမ္မသစ်၂၇အုပ်၊ စုစုပေါင်းသမ္မာကျမ်းစာ၇၆အုပ်ခန့်သုံးကြပါတယ်။ အော်တိုဒေါ့ကမြန်မာပြည်မှာနည်းပေမဲ့အနောက်တိုင်း(အရှေ့ဥရောပ)မှာအတော်အားကြီးပါတယ်။ကျင့်သုံးမှုပိုင်မှာအာစီနဲ့အတော်တူပါတယ်။ကမ္ဘာ့ခရစ်ယာန်ဘာသာဝင်၂.၆ဘီလျံရဲ့၁၅%လောက်ဟာအော်တိုဒေါ့ဘာသာဝင်ဖြစ်ပါတယ်။ခရစ်ယာန်ဂိုဏ်း၃ခုမှာလူဦးရေအနည်းဆုံးဂိုဏ်းပါ။

၂။ရိုမန်ကာသိုလစ်ဆိုတာကရောမယူနီဗာဆယ်အသင်း တော်လို့သက်‌ ရောက်ပါတယ်။ဌာနချုပ်ကဗာတီကန် (Vatican )မှာတည်ပါတယ်။ထုံးတမ်း(Tradition) နဲ့သမ္မာကျမ်း (Bible)ကို ညီတူညီမျှအခွင့်အာဏာရှိကြောင်းလက်ခံထားကြပါတယ်။ဓမ္မ‌ဟောင်း၄၆အုပ်၊ဓမ္မသစ်၂၇အုပ်၊ စုစုပေါင်းသမ္မာကျမ်းစာ၇၃အုပ်ပေါင်းချုပ်သုံးကြပါတယ်။ကမ္ဘာ့ခရစ်ယာန်ဘာသာဝင်၂.၆ဘီလျံရဲ့၅၀%လောက်ဟာကတ်သလစ်ဘာသာဝင်ဖြစ်ပါတယ်။ခရစ်ယာန်ဂိုဏ်း၃ခုမှာလူဦးရေအများဆုံးဂိုဏ်းပါ။အာစီ တွေကတော့မြန်မာပြည်မှာအတော်များတာမို့ထွေထူးရှင်းပြစရာမလိုပါ။

၃။ပရိုတက်စတင့်ဆိုတဲ့အဓိပ္ပာယ်ကတော့တော်လှန်ပုံကန်သူများလို့သက်ရောက်ပါတယ်။မာတင်လုသာ(Martin Luther) ရဲ့၁၆ရာစုတုန်းကပြုပြင်ပြောင်းလဲရေးကနေစနစ်ဟောင်းကိုဆန်ကျင့်လှုပ်ရှားမှုကြောင့်ရလာတဲ့အမည်ဖြစ်ပါတယ်။ပရိုတက်စတင့်ဆိုတာကအုပ်စုကြီးတခုပါ၊သူ့ထဲမှာ-နှစ်ခြင်း၊အေဂျီ၊ပရပ်ပေးရီးရန်း၊မက်ဒသစ်၊လုသာရင်စသဖြင့်(အော်သိုဒေါ့နဲ့အာစီမဟုတ်ရင်ကျန်တဲ့ခရစ်ယာန်အကုန်)ပါနေပါတယ်။ဓမ္မ‌ဟောင်း၃၉အုပ်၊ဓမ္မသစ်၂၇အုပ်၊ စုစုပေါင်းသမ္မာကျမ်းစာ၆၆အုပ်ပေါင်းချုပ်သုံးကြပါတယ်။အဓိကကတော့ဟေဘရူးကျမ်းဖြစ်တဲ့
(Thanach)နဲ့ညီတူညီမျှယူသုံးထားတာပါ။အော်သိုဒေါ့နဲ့အာစီ တွေသုံး နေတဲ့ကျမ်းစာတချို့ကို”ကျမ်းပယ်”လို့ခံယူကြပြီး၊မူလကျမ်းစာမှာမပါခဲ့ဘူးလို့ခံယူကြပါတယ်။ကမ္ဘာ့ခရစ်ယာန်ဘာသာဝင်၂.၆ဘီလျံရဲ့၃၅%လောက်ဟာပရိုတက်စတင့်ဘာသာဝင်ဖြစ်ပါတယ်။ခရစ်ယာန်ဂိုဏ်း၃ခုမှာလူဦးရေဒုတိယအများဆုံးဂိုဏ်းပါ။

သမိုင်းကိုအတိုချုံးပြောရရင်
တမန်တော်တွေခေတ်မှာအသင်းတော်တွေကိုစတည်ရှိပြီးတမန်တော်တွေဦးဆောင်တဲ့ဂျေရုစလင်အသင်းချုပ်ရှိခဲ့ပါတယ်။တမန်တော်တွေဆုံးသွားပြီးသူတို့တပည့်တွေခေတ်မှာလည်းကာသိုလစ်ဆိုတဲ့(ရိုမန်ကာသိုလစ်မဟုတ်သောယူနီဗာဆယ်အသင်းတော်)ကဦးဆောင်ခဲ့တယ်။အဲ့ဒီအထိဂိုဏ်းမကွဲသေးပါ။
နောက်ပိုင်းရောမနိုင်ငံကခရစ်ယာန်နိုင်ငံဖြစ်လာတော့ခရစ်ယာန်အားကြီးလာတယ်၊ပြီးရင်အသင်းတော်တချို့နယ်မြေဝေးကွာမှုကြောင့်အုပ်ချုပ်မှုစနစ်နဲ့အာဏာနာခံမှုစနစ်သီးခြားဖြစ်လာပြီး၊အော်သိုဒေါ့နဲ့ရိုမန်ကတ်သလစ်ဆိုပြီးစကွဲပါတယ်။တဖက်ကတဖက်ရဲ့အာဏာကိုမနာခံလိုတာမို့ပါ။

နောက်ပိုင်းကြာလာ‌တော့မာတင်လုသာဆိုသူထွက်ပေါ်လာပြီးရိုမန်ကတ်သလစ်ဂိုဏ်းကနေထပ်တခါပရိုတက်စတင့်တွေခွဲထွက်ခဲ့ပါတယ်။အပြစ်ဖြေရာစရွက်နဲ့အခြားကျမ်းစာနဲ့မကိုက်ညီမှုများကြောင့်ပါ။(ဒါကိုအာစီတွေတော့ခုထိတော့လက်မခံပါ)။ဒါတွေကတော့သမိုင်းကိုအတိုချုပ်ပြောပြတာပါ။ဘယ်သူမှားမှန်ငြင်းခုန်ဖို့မဟုတ်ပါဘူး။
နောက်တခုသတိထားရမှာက

ခရစ်ယာန်ဂိုဏ်းကြီး(၃)ခုမှာလုပ်ထုံးလုပ်နည်းတွေအတော်များများတူညီနေကြတာပါဘဲ။အထူးသဖြင့် ယနေ့ပရိုတက်စတင့်လုပ်နေတဲ့ ထုံးတမ်းစဉ်လာအများကြီးဟာကနဦးအော်တိုဒေါ့နဲ့အာစီတွေပြုခဲ့တဲ့ထုံးတမ်းတွေထဲကအဆင့်ဆင့်ဆင်းသက်ကျင့်သုံးလာတဲ့အရာတွေပါ။ဒါကြောင့်ကျင့်သုံးမှုဆိုင်ရာထုံးတမ်း‌တွေအသင်းတော်မှာတူ နေလို့လုပ်သင့်မလုပ်သင့်မေးလာတဲ့အခါကျမ်းစာနဲ့ကိုက်ညီလားဆန့်ကျင်လားဆိုတာကိုဘဲကြည့်ပြီးဆုံးဖြတ်သင့်ပါတယ်။
ဘုရားသခင်ကောင်းကြီးပေးပါစေ။
မူရင်း-ဆရာရဲမင်း