• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မေရှိယဆွေစဉ်မျိုးဆက်မှအမျိုးသမီးငါးဦး

ဆရာရဲမင်း

10 月 10, 2024

မေရှိယဆွေစဉ်မျိုးဆက်မှအမျိုးသမီးငါးဦး
(အခြေပြုကျမ်း-မသဲ၁:၁-၁၇)

နိဒါန်း
ကယ်တင်ရှင်မေရှိယဖွားမြင်ဖို့အသုံးတော်ခံလူသားတွေအများကြီးရှိခဲ့တဲ့အထဲ၊အထူးအသုံးပြုခံဖြစ်ကြတဲ့အမျိုးသမီးငါးဦးအကြောင်းတင်ပြချင်ပါတယ်။ဒီငါးဦးလုံးကအကုန်သန့်ရှင်းပြီးပြောစရာမရှိတဲ့လူတွေမဟုတ်သလိုဣသရေလလူတွေဘဲလည်းမဟုတ်ပါဘူး၊ဒါဟာဘုရားသခင်ရဲ့ကယ်တင်ခြင်းဟာတပါးအမျိုးသားတွေနဲ့ဆိုင်သလိုမပြည့်စုံတဲ့အပြစ်သားတွေနဲ့လဲဆိုင်ကြောင်းမီးမောင်းထိုးပြနေခြင်းပါ။

၁။တာမာ(အပြစ်သား)
မေရှိယရဲ့ဆွေစဉ်မျိုးဆက်ထဲပထမဦးဆုံးအမျိုးသမီးကတော့တာမာဆိုတဲ့သူပါ။တာမာဆိုတဲ့အဓိပ္ပာယ်ဟာထောင်ပေးခြင်း၊တည့်မတ်ပေးခြင်းလို့ရပါတယ်။သူမဟာတပါးအမျိုးသားထဲကဖြစ်ပြီးယုဒရဲ့သားကြီးဧရရဲ့ဇနီးဖြစ်ပါတယ်။ဧရဟာဘုရားစကားနားမထောင်လို့သေခဲ့ရပါပြီးသူ့ညီဖြစ်တဲ့ဩနန်ဟာအကို့ဇနီးကိုဆက်ခံယူခဲ့ပါတယ်။ဒါပေမယ့်ဘုရားမနှစ်သက်တာလုပ်လို့သေဆုံးသွားပြန်ပါတယ်။လူမျိုးဓလေ့အရသားငယ်ရှေလကအကို့ဇနီးကိုဆက်လက်တာဝန်ယူရမှာပါ၊ဒါပေမယ့်အဖေဖြစ်တဲ့ယုဒကသားငယ်ပါသေမှာစိုးလို့ချွေးမတာမာကိုညာပြီးအိမ်ပြန်ခိုင်းထားလိုက်ပါတယ်၊ဒါပေမယ့်တာမာကမျိုးဆက်ရအောင်ကြံရွယ်ပြီးယောက္ခထီးဖြစ်တဲ့ယုဒနဲ့ပြစ်မှားပြီးသားဖာရက်ကိုဖွားမြင်ခဲ့တာပါ(ကမ္ဘာ၃၈:၁-၃၀)။ဒါကြောင့်တာမာဟာယနေ့အပြစ်သားဖြစ်တဲ့လူတိုင်းကိုပုံဆောင်ခြင်းပါ။

၂။ရာခပ်(ယုံကြည်သူ)
မေရှိယဆွေမျိုးစာရင်းဝင်ဖြစ်တဲ့ဒုတိယအမျိုးသမီးကတော့ရာခပ်ဆိုတဲ့သူပါ။ရာခပ်ဆိုတဲ့အဓိပ္ပာယ်ကကျယ်ဝန်းသောလို့ရပါတယ်။သူလဲတပါးအမျိုးသားထဲကဖြစ်ပြီးယေရိခေါမြို့ကပြည်တန်စာမတယောက်ဖြစ်ပါတယ်။ယုံကြည်ခြင်းအားဖြင့်ဣသရေလသူလျှိုနှစ်ဦးကိုကူညီခဲ့လို့တမိသားစုလုံးကယ်တင်ခြင်းရခဲ့တာပါ(ယောရှုမှတ်စာ၂:၁-၂၄)။နောက်တော့ဣသရေလလူမျိုးထဲမှာဘဲအတူလိုက်နေပြီးဣသရေလအမျိုးသားဖြစ်တဲ့စာလမုန်နဲ့အိမ်ထောင်ကျပြီးသားဗောဇကိုဖွားမြင်ခဲ့တာပါ(ရှင်မသဲ ၁:၅)။ရာခက်ဟာယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ရာကိုဝင်နိုင်ကြောင်းပုံဆောင်တဲ့သူပါ။

၃။ရုသ(တပါးအမျိုးသား)
မေရှိယဆွေတော်စဉ်စာရင်းဝင်တဲ့တတိယအမျိုးသမီးကတော့ရုသဆိုသူပါ။နာမည်အဓိပ္ပာယ်ကလှပခြင်းသို့သူငယ်ချင်းလို့ရပါတယ်။ရုသဟာမောဘပြည်သူတဦးပါ၊မောဘပြည်ဆိုတာလောတနဲ့သူသမီးအပြစ်လုပ်ပြီးမွေးဖွားလာတဲ့မျိုးဆက်တွေပါ၊တနည်းအားဖြင့်သန့်ရှင်းတဲ့ဘုရားသခင်နဲ့မဆိုင်တော့တဲ့လူမျိုး(တပါးအမျိုးသား)တွေပါ၊တရားဟောရာကျမ်း ၂၃:၃မှာဆိုရင်သူတို့ကိုဘုရားသခင်ရဲ့ပရိသတ်တော်ထဲမှာပါဝင်ခွင့်တောင်မပေးထားပါဘူး။ဒါပေမယ့်ရုသဆိုတဲ့အမျိုးသမီးဟာဣသရေလလူမျိုးဖြစ်တဲ့ဧလိမလက်သားနဲ့အိမ်ထောင်ကျခဲ့ပြီးသူ့လူမျိုးသူ့ကိုးကွယ်ရာကိုပစ်ပယ်ခဲ့သူပါ။ခင်ပွန်းဆုံးသွားပြီးယောက္ခမကအိမ်ပြန်ခိုင်းပေမယ့်မပြန်ဘဲထာဝရဘုရားကိုသူ့ယောက္ခမဖြစ်တဲ့နောမိနဲ့အတူသေသည့်တိုင်အတူလိုက်ကိုးကွယ်မယ်ဆိုပြီးဆုံးဖြတ်ခဲ့သူပါ။ဒါကြောင့်နောက်အိမ်ထောင်မှာဣသရေလအမျိုးသားဖြစ်တဲ့ဗောဇနဲ့ဆုံဖက်ပြီးသားဩဗက်ကိုမွေးဖွားခဲ့တာပါ(မသဲ၁:၅)။နဂိုကျိန်ခြင်းနဲ့သာဆိုင်တဲ့တပါးအမျိုးသားထဲကလူဖြစ်နေပေမယ့်သူ့ရွှေးချယ်ကိုးကွယ်မှုကြောင့်အမင်္ဂလာကနေမင်္ဂလာကိုကူးပြောင်းလာခဲ့တာပါ။

၄။ဗာသရှေဘ(ခွင့်လွတ်ခံရသူ)
မေရှိယဆွေမျိုုးစာရင်းဝင်လေးယောက်မြောက်အမျိုးသမီးကတော့ဗာသရှေဘပါ။သူ့နာမည်အဓိပ္ပာယ်ကတော့ချမ်းသာသောသမီးလို့ရပါတယ်။သူနဂိုကစစ်သူကြီးဥရိယရဲ့ဇနီးပါ၊ဒါပေမယ့်ဒါဝိဒ်မင်းကြီးရဲ့တဏှာစိတ်ကြောင့်အကြမ်းသိမ်းယူခံရတာပါ။ဒါကြောင့်လဲသမ္မာကျမ်းစာထဲကမှာဒါဝိဒ်ရဲ့ဒီလုပ်ရပ်ကိုအရှိအတိုင်းအပြစ်ဖြစ်ကြောင်းဖော်ပြထားတာပါ၊မသဲအခန်းကြီး၁ကမေရှိယအမျိုးစာရင်းထဲမှာဥရိယဇနီးဆိုပြီးရေးရခြင်းဟာသစ္စာရှိတဲ့ဥရိယကိုမှတ်တမ်းတင်ထားတယ်လို့လဲခံယူလို့ရပါတယ်။ဒါဝိဒ်မင်းကြီးနဲ့ဇနီးဗာသရှေဘဟာသူတို့အမှားကိုဘုရားသခင်ဆီမှာဝန်ချတောင်းပန်ခဲ့လို့စီရင်ခြင်းခံရပြီးခွင့်လွတ်ခြင်းရခဲ့လို့မေရှိယဆွေမျိုးတော်စာရင်းဝင်ခဲ့ရတာပါ။ဗာသရှေဘဟာအပြစ်လုပ်ပြီးနောင်တရတဲ့သူကိုပုံဆောင်ပြီးခွင့်လွတ်ခြင်းခံရသူကိုပုံဆောင်ပါတယ်။

၅။မာရိ(မင်္ဂလာရှိသူ)
မေရှိယဆွေမျိုးတော်စာရင်းဝင်ဖြစ်တဲ့နောက်ဆုံးအမျိုးသမီးတဦးကတော့မယ်တော်မာရိပါ။မာရိဆိုတဲ့အဓိပ္ပာယ်ကခါးသီးခြင်းလို့ရပါတယ်။မာရိဟာဘုရားသခင်ကိုရိုသေကိုင်းရှိုင်းသောသူဣသရေလလူမျိုးဖြစ်သလိုယုံကြည်ခြင်းနဲ့မေရှိယကိုစောင့်မျှော်နေသောသူဖြစ်ပါတယ်။ယောသပ်ဆိုတဲ့သူနဲ့ထိမ်းမြားဖို့စေ့စပ်ထားတဲ့အပျိုကညာလဲဖြစ်ပါတယ်။ကောင်းကင်တမန်ကသူ့ကိုအသုံးတော်ခံဖို့လာပြောတဲ့အခါမာရိက၊အကျွန်ုပ်သည် ထာဝရဘုရား၏ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေသောဟု ဝန်ခံပြီးချီးမွမ်းခဲ့ပါတယ်(လုကာ ၁:၃၈၊၄၆)။ဒီကြီးမားတဲ့အရာကိုလက်ခံဖို့ဆိုတာသူ့ချစ်သူရဲ့ပစ်ပယ်မှုအပါအဝင်အရှက်တရားနဲ့အသက်ပါပေးရတဲ့အထိပေးဆပ်ရမဲ့လမ်းပါ၊ဒါပေမဲ့မာရိကတော့နာခံခြင်းအသက်တာနဲ့နောက်လူတွေအားလုံးအတွက်စံပြဖြစ်ခဲ့တယ်၊မေရှိယရဲ့လူ့ဇာတိခံအမေပါဆိုပြီးရာထူးယူနေတာမရှိသလိုမိမိကိုယ်ကိုယ်အသုံးတော်ခံအဖြစ်နားလည်သဘောပေါက်ထားသူပါ။ဒါကြောင့်လဲသမ္မာကျမ်းစာကသူမကိုမင်္ဂလာအရှိဆုံးအမျိုးသမီးလို့တင်စားခဲ့တာပါ။

နိဂုံး
အထက်ပါမေရှိယဆွေမျိုးစာရင်းဝင်ဖြစ်တဲ့အမျိုးသမီးငါးဦးဟာယနေ့သင်နဲ့ကျွန်ုပ်အသက်တာကိုထင်ဟပ်စေပါတယ်။မပြည့်စုံတဲ့သူ၊အပြစ်ရှိတဲ့သူ၊ကျိန်ခြင်းခံသင့်တဲ့သူ၊အမင်္ဂလာရှိတဲ့အမျိုးသမီးတွေဖြစ်နေပေမယ့်ယုံကြည်ခြင်းအားဖြင့်နောင်တရပြောင်းလဲလာတဲ့အခါမေရှိယရဲ့ဆွေတော်စဉ်မျိုးတော်ဆက်စာရင်းထဲထိဝင်ခွင့်ရခဲ့ပါတယ်။ယနေ့သင်နှင့်ကျွန်ုပ်လဲအလားတူပင်ဖြစ်သည်၊မထိုက်တန်သောအပြစ်သားဖြစ်ပေမယ့်၊မပြည့်စုံသောသူဖြစ်ပေမယ့်၊ယုံကြည်ခြင်းအားဖြင့်နောင်တရပြောင်းလဲလက်ခံတဲ့အခါဘုရားသားသမီးဖြစ်ခွင့်ရပြီးကောင်းကင်နိုင်ငံရဲ့အသက်စာစောင်ထဲစာရင်းဝင်ခွင့်ရခဲ့ပြီလေ၊ဟာလေလုယာ။

Ye Ming(ပတ္တမြားမြေ)