ခရစ္စမတ်နှင့်သက်ဆိုင်သောကျမ်းချက်(၁၅)ချက်
၁။ရှင်လုကာ၂:၁၀-၁၁ ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလိုငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ။
၂။ရှင်မဿဲ၁:၂၁ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကိုအပြစ်မှ ကယ်ချွတ်မည်သူ ဖြစ်သောကြောင့်၊ ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။
၃။ရှင်ယောဟန်၃:၁၆ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။
၄။ဟေရှာယ၉:၆ အကြောင်းမူကား၊ ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။
၅။ရှင်လုကာ ၂:၁၄ ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာ ရှိစေသတည်းဟု ဘုရားသခင်ကို ချီးမွမ်း၍မြွက်ဆိုကြ၏။
၆။ဟေရှာယ ၇:၁၄ ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သားယောက်ျားကို ဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတ္တံ့။
၇။ရှင်မဿဲ၁:၂၃ ဗျာဒိတ်တော်အချက်ဟူမူကား ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတ္တံ့ဟု လာသတည်း။ ဧမာနွေလအနက်ကား ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း။
၈။ရှင်ယောဟန်၁:၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။
၉။မိက္ခာ၅:၂ အို ဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေလအမျိုးကို အုပ်စိုးရသော သခင်သည် ငါ့အဖို့ သင်၏အထဲမှာ ပေါ်ထွန်းလတ္တံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသောသခင် ဖြစ်၏။
၁၀။၁တိမောသေ၁:၁၅ ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှာ၊ ဤလောကသို့ ကြွလာတော်မူသည်ဟူသောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ ခံယူအပ်သောစကားလည်းဖြစ်၏။ အပြစ်ရှိသော သူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏။
၁၁။ရှင်ယောဟန်၃:၁၇ လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။
၁၂။၁ယော၄:၉ သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှာ၊ ဘုရားသခင်သည် တစ်ပါးတည်းသော သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသောအရာ၌၊ ငါတို့ကို ချစ်တော်မူသော မေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။
၁၃။ဂလာတိ၄:၄-၅ အချိန်ကာလစေ့သောအခါ၊ ငါတို့သည် သား၏အခွင့်အရာကို ခံရမည်အကြောင်း၊ပညတ်တရားလက်၌ရှိသော ငါတို့ကို ရွေးနုတ်စေခြင်းငှာ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ ဖွားမြင်ရသော သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။
၁၄။ဖိလိပ္ပိ၂:၆-၇ ထိုသခင်သည် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင်၊မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကို ခံတော်မူ၏။
၁၅။ရောမ၈:၃ ဇာတိပကတိကြောင့် ပညတ်တရားသည် အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြုတော်မူခြင်းငှာ၊ အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏ သဏ္ဌာန်ကိုဆောင်သော မိမိသားတော်ကို စေလွှတ်တော်မူ၍၊ အပြစ်ဖြေဖို့ရာ ဇာတိပကတိ၌ အပြစ်ကို ဒဏ်ပေးတော်မူ၏။
မူရင်း-ဆရာရဲမင်း