• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ခရစ္စမတ်ရဲ့သင်္ကေတ(၄)မျိုး

ဆရာရဲမင်း

10 月 10, 2024

ခရစ္စမတ်ရဲ့သင်္ကေတ(၄)မျိုး

သင်္ကေတဆိုတာတစ်စုံတစ်ရာကို ကိုယ်စားပြုသော၊ တစ်စုံတစ်ရာကို ရည်ညွှန်းသော အမှတ်အသားဖြစ်ပါတယ်။ဒီသင်္ကေတကိုယုဒသန်ဘာသာပြန်ဗားရှင်းမှာ”နိမိတ်”လို့ဖော်ပြပြီး၊မြန်မာစံမီဘာသာပြန်ဗားရှင်းမှာတော့အမှတ်လက္ခဏာလို့ဖော်ပြပါတယ်။သတိထားရမှာကသမ္မာကျမ်းစာထဲမှာခရစ္စမတ်ကိုရည်ညွန်းတဲ့အမှတ်အသားတွေဟာခရစ္စမတ်သစ်ပင်တို့၊ဆန်တာခရော့တို့၊မီးရောင်စုံတို့မဟုတ်ဘူးဆိုတာကိုပါ။ဆိုတော့ဒီပို့စ်မှာသမ္မာကျမ်းစာထဲကတွေ့ရတဲ့ခရစ္စမတ်သင်္ကေတ(၄)မျိုးကိုဖော်ပြပါမယ်။

၁။ကြယ်ကြီး
အရှေ့ပြည်ကပညာရှိများဟာယေရှုခရစ်ဖွားမြင်ကြောင်းဒီကြယ်ကြီးကနေသိရှိလာကြတာဖြစ်ပါတယ်။တနည်းအားဖြင့်ကြယ်ကြီးဟာခရစ္စမတ်ရဲ့အမှတ်သားတခုဖြစ်ပါတယ်။ဒါကြောင့်ယနေ့ခရစ္စမတ်လုပ်တိုင်းမှာဒီအမှတ်အသားကိုပုံ ဆောင်ပြုလုပ်လေ့ရှိပါတယ်။ဒီကြယ်ကြီးကခရစ်တော်ရဲ့ရှင်ဘုရင်ဖြစ်ခြင်းကိုပုံဆောင်ပြီး၊ယုံကြည်သူတွေရဲ့အလင်းပုံသက်သေကိုပုံဆောင်ပါတယ်။
‭‭(ရှင်မဿဲ‬ ‭၂:၁-၂ယုဒပြည်ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည် ဖွားမြင်ခြင်းကိုခံတော်မူပြီးမှ၊ မာဂုပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်။ယခု ဖွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ ရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို ငါတို့ မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှာ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ၏။)

၂။သူငယ်
ကောင်းကင်တမန်တွေဟာသိုးထိန်းတွေကိုမေရှိယမွေးဖွားပြီဖြစ်ကြောင်းသတင်းကောင်းလာပါးတဲ့အခါ၊သူတို့ရှာလို့ရအောင်အမှတ်အသားတချို့ကိုဖော်ပြပေးခဲ့ပါတယ်။အဲဒီအမှတ်အသားထဲမှာပထမဆုံးတခုကတော့သူငယ်တော်ပါဘဲ။ဒီသူငယ်တော်ဟာလူသားတွေကိုကယ်တင်ဖို့”ဘုရားသခင်မှလူလာလုပ်ခြင်း”ဖြစ်ပါတယ်။ဒါဟာခရစ္စမတ်ရဲ့အမှတ်လက္ခဏာတခုပါဘဲ။
‭‭(ရှင်လုကာ‬ ‭၂:၁၂သင်တို့သည် အဘယ်နိမိတ်ဖြင့် သိရမည်နည်းဟူမူကား၊ သူငယ်သည် အဝတ်နှင့်ပတ်ရစ်၍ နွားစားခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်…)

၃။အဝတ်
ကလေးမွေးပြီးတိုင်းအဝတ်နဲ့ပတ်ရစ်ဖုံးအုပ်စမြဲပါဘဲ။ဒါကြောင့်သူငယ်တော်ယေရှုမွေးဖွားတဲ့အချိန်မှာလည်းမယ်တော်မာရိနဲ့ယောသပ်တို့ဟာသူတို့မှာရှိတဲ့အဝတ်နဲ့မွေးကင်းစယေရှုကိုအဝတ်နဲ့ပတ်ရစ်ပေးထားကြပါတယ်။ဒီအဝတ်ဟာလည်းခရစ္စမတ်ရဲ့သင်္ကေတတခုဖြစ်ကြောင်းကျမ်းစာကဖော်ပြပါတယ်။ဒီအဝတ်ဟာဘုရားသခင်ရဲ့ဖုံးအုပ်ပေးခြင်းကိုပုံဆောင်ပါတယ်။ဒီ‌ကလေးဟာသူ့ရဲ့အသက်ကိုရင်းပြီးအပြစ်သားတွေအတွက်အသွေးတော်နဲ့ဖုံးအုပ်ပေးမည့်သူဖြစ်ကြောင်းပုံဆောင်ပါတယ်။
(ရှင်လုကာ‬ ‭၂:၁၂သင်တို့သည် အဘယ်နိမိတ်ဖြင့် သိရမည်နည်းဟူမူကား၊ သူငယ်သည် အဝတ်နှင့်ပတ်ရစ်၍ နွားစားခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်…)

၄။နွားစားခွက်
သူငယ်တော်ယေရှုကိုဘာလို့နွားစားခွက်ထဲသိပ်ထားရတာလဲ?အဖြေကတော့အဲဒီခေတ်ကာလမှာတစ်နိုင်ငံလုံးသန်းခေါင်စာရင်းကောက်တဲ့အတွက်လူတိုင်းလိုလိုအစိုးရမင်းဆီလာပြီးစာရင်းပေးရပါတယ်။မာရိကကိုယ်ဝန်အရင့်အမာကြီးဖြစ်နေပေမဲ့အစိုးရမင်းအမိန့်အကြောင့်သန်း‌ခေါင်စာရင်းပေးဖို့ ယောသပ်နဲ့အတူခရီးထွက်လာရပါတယ်။တစ်ပြည်လုံးခရီးထွက်လာသူတွေချည်းမို့တည်းခိုခန်းမှာလူပြည့်နေကြပါပြီ၊သူတို့တည်းစရာနေရာမရှိတာမို့နွားတွေဆိတ်တွေလှောင်ထားတဲ့အိမ်ထဲမှာသာတည်းခဲ့ရပါတယ်။အဲဒီမှာဘဲယေရှုမွေးဖွားလာတာမို့၊ကလေးကိုသိပ်ထားတဲ့နေရာမရှိလို့၊အဆင်ပြေတဲ့နွားစားခွက်ထဲမှာသာသိပ်ထားခဲ့ရတာဖြစ်ပါတယ်။ဒီနွားစားခွက်ဟာလဲအဲဒီကနေစပြီးခရစ္စမတ်ရဲ့သင်္ကေတတခုဖြစ်လာပါတော့တယ်။နွားစားခွက်ဟာနိမ့်ချခြင်း၊အဆင့်အတန်းမခွဲခြင်းကိုပုံဆောင်ပါတယ်။ယေရှုခရစ်တော်ဟာဘုရင့်နန်းတော်မှာမွေးခဲ့ရင်ဆင်းရဲသားတွေလာဖူးမြော်လို့ရမှာမဟုတ်တော့ပါဘူး၊ဒါပေမဲ့နွမ်းနယ်တဲ့နွားစားခွက်ထဲဖွားမြင်ခဲ့တာမို့ဆင်းရဲချမ်းသာအဆင့်အတန်းမရွေးလာဖူးမြော်ခွင့်ရခဲ့သလို၊ယနေ့ထိတိုင်ဆင်းရဲချမ်းသာမရွေးယုံကြည်သူတိုင်းကိုကယ်တင်ခြင်းပေးနေတာဖြစ်ပါတယ်။
(ရှင်လုကာ‬ ‭၂:၁၂သင်တို့သည် အဘယ်နိမိတ်ဖြင့် သိရမည်နည်းဟူမူကား၊ သူငယ်သည် အဝတ်နှင့်ပတ်ရစ်၍ နွားစားခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်…)

နိဂုံး
ခရစ္စမတ်ရဲ့သင်္ကေတဟာ
ရှင်ဘုရင်ဖြစ်လျက်၊ဘုရားသခင်ဖြစ်လျက်၊နှိမ့်ချစွာလူ့ဇာတိကိုခံယူပြီး၊အဆင့်အတန်းမခွဲဘဲ၊လူသားအားလုံးအတွက်ကယ်တင်ခြင်းလာပေးခြင်းဖြစ်ပါတယ်။အဲဒီအမှတ်အသားသင်္ကေတကိုသင်သိမြင်နားလည်ပြီး၊ယုံကြည်လက်ခံရင်မုချကယ်တင်ခြင်းခံရမှာဖြစ်ပါတယ်။

မူရင်းလင့်-ဆရာရဲမင်း