• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ခရစ်ယာန်အိမ်ထောင်ကိုဖျက်ဆီးစေမည့်ရန်သူသုံးမျိုး

ဆရာရဲမင်း

10 月 17, 2024
ခရစ်ယာန်အိမ်ထောင်ကိုဖျက်ဆီးစေမည့်ရန်သူသုံးမျိုး
၁။အချင်းချင်းတောင်းဆိုနေမှု
ခရစ်ယာန်အိမ်ထောင်မှကြင်သူနှစ်ဦးဟာလောကရဲ့စည်းအတိုင်းသွားရင်တစ်ဦးကိုတစ်ဦးတောင်းဆိုမှုရှိလာတတ်ကြပါတယ်၊ဥပမာ”ငါဒီအပိုင်းလုပ်ပြီးရင်နင်လဲဟိုအပိုင်းပြီးနိုင်ရမယ်”လို့ပေါ့။အကယ်၍တဖတ်သားဟာ၄၅%ဘဲလုပ်ခဲ့ရင်၊ငါလဲ၄၅%ထိပြန်လျော့လုပ်ရမှတရားမျှတမယ်လို့ထင်တတ်လာမယ်။သူကဒီထက်ညံ့နေရင်ကိုယ်ကလဲ၄၀%ထိထပ်လျော့ဖို့ဝန်မလေးဘူး။ဒီလိုနဲ့ဘဲကြာလာရင်တော့…”နင်ကငါ့ကိုမလေးစားဘူးဆိုရင်ငါကဘယ်လိုနင့်ကိုဆက်ချစ်သွားလို့ရမှာလဲ”…သို့မဟုတ်… “ရှင်ကကျွန်မခံစားချက်ကိုနားမလည်ပေးဘူးကျွန်မရှင့်စကားဘယ်လိုနာခံနိုင်မှာတုန်း”….ဟူ၍ဖြစ်လာတတ်ပါတယ်။အဲဒီချိန်မှာနှစ်ဦးလုံးကတဖက်သားရဲ့အမူရာပေါ်ကြည့်ပြီးတုန့်ပြန်တတ်ကြတယ်။ ကြာတော့ ငါ့အလိုလိုက်ရင်ok၊မလိုက်ရင်အကုန်Noဖြစ်သွားရော။ဒီလိုအိမ်ထောင်ရေးရဲ့အချစ်ဟာအချင်းချင်းတောင်းဆိုမှုပေါ်တည်ဆောက်နေတော့ကြာလာရင်ကုမရတဲ့ရောဂါလိုဖြစ်သွားပါလိမ့်မယ်။
(ဧဖက်ဩဝါဒစာ ၅:၃၃သို့ရာတွင်သင်တို့သည် အသီးသီး ကိုယ်ကိုကိုယ် ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့။)
၂။တစ်ကိုယ်ကောင်းစိတ်ဆန်ခြင်း
လူတိုင်းအတ္တဆန်ကြပါတယ်၊မိမိကိုယ်ကိုယ်ဗဟိုပြုပြီးတကိုယ်ကောင်းစိတ်ဆန်နေတတ်တာဟာလူသားတိုင်းရဲ့ပျော့ကွက်ပေါ့။ဒီစိတ်ဟာသတိမထားတာနဲ့သူ့ထဲနှစ်မျောနေတတ်မဲ့အရပါ။ဥပမာအအေးဆိုင်မှာသမီးရည်းစားချိန်းတွေ့တဲ့ချစ်သူစုံတွဲလိုပေါ့၊အမျိုးသားကအချိန်ကြာနေပြီပြန်တော့မယ်ပေါ့၊အမျိုးသမီးကကျအအေးသေချာသောက်ပြီးမှပြန်မယ်ပေါ့၊ဒါနဲ့အမျိုးသားကချစ်သူကိုအမြန်ကုန်အောင်သောက်ဖို့ပြောတယ်၊အမျိုးသမီးကတမင်အေးဆေးသောက်ချင်ပါတယ်ဆိုပြီးအေးဆေးလုပ်နေတယ်၊ဒါနဲ့နှစ်ယောက်သားစကားတွေများပြီးပြန်လာခဲ့ကြရတယ်၊နဂိုကအင်မတန်လှပတဲ့အချိန်လေးတွေကစိတ်တိုခြင်းစကားများခြင်းနဲ့ပြီးဆုံးသွားရတယ်၊ဒါဟာနှစ်ဦးနှစ်ဖက်လုံးတကိုယ်ကောင်းစိတ်ဆန်နေကြလို့ပါ။
အအေးတခွက်လေးနဲ့လူတွေရဲ့အတ္တကိုတွေ့မြင်နိုင်ရင်၊အိမ်ထောင်သက်တမ်းတလျှောက်ဒီလိုအဖြစ်ပျက်လေးတွေကအများကြီး၊ဒီလိုဆက်ပြီးတကိုယ်ကောင်းဆန်နေရင်အိမ်ထောင်ရေးကြာကြာခိုင်မြဲမည်မဟုတ်ပါ။ခရစ်တော်သာနှလုံးသာထဲရှိနေဖို့လိုပါတယ်။
(ဧဖက်ဩဝါဒစာ ၅:၂၁ခရစ်တော်ကို ခန့်ညားသောအားဖြင့်၊ အချင်းချင်း တယောက်အောက်တယောက်ကိုယ်ကို နှိမ့်ချလျက် နေကြလော့။)
၃။အတွေးထဲကဖောက်ပြန်မှု
ခရစ်ယာန်အိမ်ထောင်အရပြောရရင်”ဖောက်ပြန်မှု”ဆိုတာအပြင်လောကအတိုင်းလက်တွေ့ဖောက်ပြန်ခြင်းမျိုးသာမက၊စိတ်ထဲအတွေးထဲမှာကိုယ့်ကြင်ယာကလွဲပြီးအခြားတစ်ယောက်ယောက်ရှိနေခြင်းဟာလဲအိမ်ထောင်ဖောက်ပြန်မှုမြောက်ပါတယ်။ကိုယ့်ကြင်ယာမရှိခင်ဘဲဖြစ်ဖြစ်ရှိနေရက်သားနဲ့ဘဲဖြစ်ဖြစ်အတွေးထဲမှာအခြားသူကိုချစ်နေပြစ်မှားနေရင်ဖောက်ပြန်မှုပါဘဲ။စာရေးဆရာတဦးကဒီလိုပြောဘူးပါတယ်”အကယ်၍သင့်အတွေးထဲမှာအဆက်ဟောင်းကိုသတိရပြီးစိတ်ထဲမှာငါအိမ်ထောင်မပြုခင်ဘာလို့မင်းကိုမကြုံခဲ့တာလဲ၊မင်းကငါ့လက်ရှိကြင်ယာထက်ကောင်းတယ်၊ခုငါ့အိမ်ထောင်ဖက်ကမင်းသာဖြစ်နေရင်ဘယ်လောက်ကောင်းမလဲ….လို့တွေးခဲ့ရင်၊သေချာပြီသင်ဟာစုံစမ်းနှောင့်ယှက်ခြင်းကိုဖိတ်ခေါ်လိုက်ပြီ”…ဒါဟာအိမ်ထောင်ရေးဖောက်ပြန်မှုတမျိုးပါဘဲတဲ့။
အိမ်ထောင်ဖောက်ပြန်စေတဲ့တတိယလူဆိုတာသက်တန့်ရောင်နဲ့တူပါသတဲ့၊မရယူသေးခင်အဝေးကြီးရှိနေချိန်မှာတော့အင်မတန်လှပပြီး၊တကယ်တမ်းကိုယ့်ဆီရောက်ပြီးဆုပ်ကိုင်လိုက်တော့မှဘာမှမရှိတဲ့ဗလာနတ္တိပါ၊လှည့်စားမှုဆိုတာကြုံမှသိပါတယ်။ဒါကြောင့်အတွေးထဲကဖောက်ပြန်မှုဟာလဲအင်မတန်စီုးရိမ်ရပါတယ်။
(ရှင်မဿဲခရစ်ဝင် ၅:၂၈ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။)
Ye Ming(ပတ္တမြားမြေ)