• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ခရစ်ယာန်အိမ်ထောင်သာယာဖို့သတိပြုစရာ(၇)ချက်

ဆရာရဲမင်း

10 月 22, 2024

ခရစ်ယာန်အိမ်ထောင်သာယာဖို့သတိပြုစရာ(၇)ချက်

၁။ခရစ်ယာန်အိမ်‌ထောင်မှာ ယောကျာ်းဟာမိန်းမအတွက်မှီခိုအားထားရာဆိုတာမမေ့ပါနဲ့။သင့်ကိုအားကိုးတကြီးမှီခိုအားထား‌နေသူကိုအော်ချင်သလိုအော်၊ဟောက်ချင်သလိုဟောက်၊ရိုက်ချင်သလိုရိုက်ဖို့မဟုတ်ပါ။နှလုံးအိမ်ထဲထည့်ပြီးအမြတ်တနိုးထားပြီးချစ်တတ်ဖို့ပါ။
(ဧဖက်၅:၂၈ထိုနည်းတူ ယောက်ျားတို့သည် မိမိကိုယ်ကို ချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်။ ခင်ပွန်းကို ချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။)

၂။ခရစ်ယာန်အိမ်ထောင်မှာမိန်းမဟာကိုယ့်ယောက်ျားအတွက်အထောက်အမဆိုတာမမေ့ပါနဲ့။ရှေ့တန်းလိုက်ရပ်ပြီးဦး‌ဆောင်နေဖို့မဟုတ်၊ရှေ့တန်းပြေးနေတဲ့ယောက်ျားကိုကူညီထောက်မဖို့ပါ။
(ကမ္ဘာဦးကျမ်း 2:18 ထာဝရအရှင်ဘုရားသခင်ကလည်း၊ ယောက်ျားသည်တစ်ယောက်တည်းမနေကောင်း၊သူနှင့်တော်သော အထောက်အမကိုသူ့ဖို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။)

၃။ခရစ်ယာန်အိမ်‌ထောင်ဆိုတာပြုချင်တိုင်းပြု၊ကွဲချင်တိုင်းကွဲ‌နေလို့မရပါ။အရိုးထဲကအရိုးမို့အသက်ချင်းချိတ်ဆက်ထားလို့သူထိကိုယ်နာဖြစ်တတ်ရပါမယ်။
(ကမ္ဘာဦးကျမ်း2:23 လူကလည်း၊ ယခု ဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကိုလူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏။)

၄။ခရစ်ယာန်အိမ်ထောင်ဆိုတာဘယ်သူမှန်ဘယ်သူမှားငြင်းခုန်နေရမယ့်နေရာမဟုတ်ပါဘူး၊ချစ်ခြင်းမေတ္တာကိုသာပြောရမယ့်နေရာပါ။
(ဧဖက်၅:၃၃ သင်တို့သည် အသီးအသီး ကိုယ်ကိုကိုယ် ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့။)

၅။ခရစ်ယာန်အိမ်ထောင်ရေးမှာပြဿနာဖြစ်တိုင်းအရင်ကျေအေးသူဟာတကယ်ချစ်တတ်တဲ့သူပါ။ကိုယ့်အနီးဆုံးလူထိခိုက်သွားမှာစိုးလို့၊အရှုံးကိုအရင်ကျေကျေနပ်နပ်ခံယူနေတတ်သူပါ။ကြောက်လို့မဟုတ်ချစ်လို့၊တစ်သားတစ်ကိုယ်ထဲမို့ပါ။
(ဧဖက်၅:၃၁ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက် တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။)

၆။ခရစ်ယာန်အိမ်ထောင်မှာအုပ်ထိန်းသူဟာယောကျာ်းမဟုတ်သလိုမိန်းမလည်းမဟုတ်ပါ။‌ယောကျာ်းဟာအိမ်ထောင်ဦးစီးဆိုပေမဲ့အိမ်ထောင်တစ်ခုလုံးရဲ့အုပ်ထိန်းသူဟာယေရှုခရစ်တော်ဖြစ်ပါတယ်။အာဏာပြဖို့၊အာဏာလုဖို့မလုပ်ကြဘဲ သခင့်စကားအတိုင်းအတူတကွနာခံကြရပါမယ်။
(၁ကော၆:၂၀သင်​တို့​သည် အ​ဖိုး​နှင့် ဝယ်​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့်၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော သင်​တို့၏ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ထင်​ရှား​စေ​ကြ​လော့။)

၇။ခရစ်ယာန်အိမ်ထောင်အမြဲတည်မြဲခိုင်ခံ့အောင်ဒီစကားသုံးခွန်းကိုအမြဲဆောင်ထားပြီးသုံးပါ။(၁)ဆောရီးပါ။(၂)ချစ်တယ်။(၃)ကျေးဇူးပါ။
မယုံမရှိနဲ့လက်တွေ့စမ်းကြည့်ပါ။
ဘုရားသခင်ကောင်းချီးပေးပါစေ။