• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သာယာသောခရစ်ယာန်အိမ်ထောင်

ဆရာရဲမင်း

10 月 22, 2024

သာယာသောခရစ်ယာန်အိမ်ထောင်

“ထာဝရအရှင်ဘုရားသခင်ကလည်း၊ ယောကျာ်းသည် တစ်ယောက်တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူဖို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။”(ကမ္ဘာဦးကျမ်း ၂:၁၈
)။ဒီကျမ်းချက်ဟာကမ္ဘာ့ပထမဦးဆုံးသောအိမ်ထောင်အစပြုခြင်းဖြစ်ပါတယ်။ဒီအိမ်ထောင်ဟာဘုရားသခင်ကိုယ်တိုင်စုံဖက်ပေးခဲ့ပြီးဧဒင်ဥယျာဉ်မှာနေခဲ့ခိုင်းတာဖြစ်တယ်။ ဒါပေမဲ့လူတွေဟာစကားနားမထောင်လို့ဘုရားနဲ့ဝေးခဲ့ပြီးအပြစ်နွံထဲနှစ်မြုပ်ခဲ့ရတယ်၊ဒါနဲ့ခရစ်တော်ကအသက်ပေးပြီးပြန်လည်တဖန်ဘုရားနဲ့ဆက်နွယ်စေခဲ့တယ်။ဆိုတော့ယနေ့ခရစ်ယာန်အိမ်ထောင်လို့ပြောလိုက်တဲ့အခါမှာအဓိကအချက်၄ချက်နဲ့ဝေငှချင်တယ်။

၁။ခရစ်တော်၌ထမ်းပိုးညီသောအိမ်ထောင်
ပေါလုက ၂ကော ၆:၁၄ မှာဒီလိုမှာခဲ့တယ်…”မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့်။ တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည်မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။” ဒီကျမ်းချက်ဟာရှင်းရှင်းလေးပါ၊မယုံကြည်သေးတဲ့သူကိုအိမ်ထောင်ဖက်အဖြစ်မရွှေးပါနဲ့ပေါ့။ဒါပေမဲ့လူတွေကတကယ်ရွေးခဲ့ရင်လဲဘုရားအခွင့်တော်ထဲမှာပေါ့၊အလိုတော်တော့မဟုတ်ဘူး။ နောက်ပြီးရှင်ပေါလုဒီစကားပြောပေးနေတာကအိမ်ထောင်မပြုသေးတဲ့သူတွေကိုပါ၊အိမ်ထောင်ပြုပြီးမညီတဲ့ထမ်းပိုးထမ်းနေသူတွေအတွက်တော့ကိုယ့်ကြင်ယာယုံကြည်သူဖြစ်လာဖို့ဆုတောင်းရမယ်၊ပုံသက်သေပြရမယ်၊ချစ်မေတ္တာလက်တွေ့ချပြရပါမယ်။အမှားကိုနောက်ပြန်ဆုတ်ပြီးအစကနေလာလို့မှမရတော့တဲ့အိမ်ထောင်ရေးမို့အထက်ပါသုံးချက်တိုင်းလုပ်ဆောင်သွားသင့်ပါတယ်။ဒါပေမဲ့အိမ်ထောင်မပြုသေးသောသူများအတွက်တော့သတိပေးတဲ့ဆေးတခွက်ဖြစ်ပါတယ်။မိမိအိမ်ထောင်ဖက်အဖြစ်ရွှေးချယ်မဲ့သူကကယ်တင်ခြင်းရသောသူလားဆိုတာအင်မတန်အရေးကြီးပါတယ်။ဒါမှသာယာသောခရစ်ယာန်အိမ်ထောင်တည်ဆောက်လို့ရပါလိမ့်မယ်။

၂။ယေရှုခရစ်တော်ဦးဆောင်သောအိမ်ထောင်
ဧဒင်ဥယျာဉ်တုန်းကအာဒံဧဝရဲ့အိမ်ထောင်ကိုဘုရားကိုယ်တိုင်ကွပ်ကဲပါတယ်၊ထိန်းကျောင်းပါတယ်၊ဘုရားကနေတဆင့်တာဝန်အသီးသီးပေးပြီးသူ့နေရာနဲ့သူလုပ်ရပါတယ်။ဘုရားရှိနေတဲ့အသက်တာဟာအင်မတန်ပျော်ရွင်စရာပါ။ဒါပေမဲ့ဘုရားဦးဆောင်တာမလိုချင်တော့ဘဲဘုရားလိုဦးဆောင်သူဖြစ်လာချင်ကြလို့မာနတ်ကျော့ကွင်းမိပြီးအပြစ်ပြုခဲ့မိကြတယ်၊ဒီအခါမှာအိမ်ထောင်ရေးအဆင်မပြေမှုတွေနဲ့ဆက်တိုက်ကြုံခဲ့ရတယ်။
ယနေ့ကျနော်တို့ယုံကြည်သူအိမ်ထောင်ကလည်းခရစ်တော်ဦးဆောင်ဖို့အင်မတန်အရေးကြီးတယ်၊ခရစ်တော်ရှိနေဖို့ထက်ခရစ်တော်ကိုအိမ်ထောင်ဦးစီးနေရာပေးဖို့အင်မတန်အရေးကြီးတယ်၊ဒီနေရာမှာကျနော်ပုံပြင်လေးတပုဒ်နဲ့ခွန်အားပေးချင်တယ်။ တခါကလူတစ်ယောက်မှာအိမ်သစ်တလုံးရှိပြီးအခန်းပေါင်းဆယ်ခန်းရှိပါသတဲ့၊အခန်းဆယ်ခန်းလုံးရဲ့သော့ကလဲသူ့လက်ထဲမှာပေါ့၊ဒါနဲ့တနေ့တော့ယေရှု့သူ့ဆီလာပါသတဲ့၊ဒီလူကလဲယေရှုဘုရားဆိုတော့အကောင်းဆုံးဖြစ်တဲ့အခန်းကိုနေခိုင်းတာပေါ့၊ဒါနဲ့ညရောက်ရောစာတန်တခါးလာခေါက်တယ်၊ဒီလူကတံခါးသွားဖွင့်ပြီးစာတန်မှန်းသိတော့အကြာကြီးမောင်းထုတ်ပစ်ခဲ့ရတော့ပေါ့၊ဒါနဲ့ခွန်အားချိနဲ့မှအိပ်ပျော်သွားတယ်၊မိုးလင်းတော့ယေရှုကိုသွားပြောပြတာပေါ့၊အရှင်ဘုရားမနေ့ညစာတန်လာတာကျနော်သူနဲ့အကြာကြီးဆွဲလုံးခဲ့ရတာကိုယ်တော်မသိဘူးလားပေါ့၊ယေရှုကလဲပြုံးပြပြီးပြောတယ်၊ငါ့သားမင်းကအိမ်ရှင်လေ၊ငါကဧည့်သည်၊မင်းကငါ့ကိုအပေါ်ခန်းတခန်းလးဘဲပေးနေတာငါအဲဒီအခန်းအတွက်ဘဲနေရာရထားလို့ပါ။….ဒါနဲ့ဒီလူကလဲဒါဆိုရင်အပေါ်ထပ်အကုန်ဘုရားကိုပေးမယ်ဆိုပြီးအပ်လိုက်တယ်၊ဒါနဲ့ညရောက်ရောစာတန်ပြန်လာတယ်၊သူကဘဲထပြီးတခါးဖွင့်တော့စာတန်ဖြစ်နေလို့ပြန်မနည်းမောင်းထုတ်ခဲ့ရပြန်တယ်၊ဒါနဲ့မောပန်းအိပ်ပျော်ပြီးမိုးလင်းလာတော့ယေရှုကိုပြန်မေးတာပေါ့၊ယေရှုကစကားဟောင်းတိုင်းဘဲပြန်ဖြေတယ်၊ဒီအခါဒီလူကယေရှုကိုအိမ်ခန်းကိုးခန်းလုံးအပ်လိုက်တယ်၊ကျန်တခန်းတော့ယေရှုနဲ့မဆိုင်ဘူးပေါ့၊သူ့နေရာလေးတော့ပေးပါပေါ့။ဒါနဲ့ညရောက်တော့စာတန်ပြန်တခါးခေါက်လာတယ်၊ဒီအခါဒီလူသွားဖွင့်တော့စာတန်ပါလားဆိုပြီးမောင်းထုတ်ရင်းယေရှုကိုအော်တယ်၊ယေရှုထွက်လာတော့စာတန်လဲထွက်ပြေးသွားတာပေါ့၊ဒါနဲ့ယေရှုကိုပြန်မေးတယ်၊အရှင်ဘုရားရှိနေမှန်းစာတန်သိလျက်နဲ့ဘာလို့လာခေါက်ရဲသေးတာလဲပေါ့၊ဒါနဲ့ယေရှုကလဲစကားဟောင်းအတိုင်းဘဲသူအိမ်ရှင်မဟုတ်သေးကြောင်းပြန်ဖြေတယ်၊ဒီအခါဒီလူကသဘောပေါက်သွားပြီးအိမ်သော့နဲ့အိမ်ပိုင်ရှင်နေရာကိုယေရှုလက်ထဲအပ်ပေးလိုက်တယ်။ညရောက်တော့စာတန်ပြန်တခါးလာခေါက်တာပေါ့၊ဒါနဲ့ဒီလူထပြီးသွားဖွင့်မယ်လုပ်တော့ခြေသံတခုထွက်သွားနေတာကြားလိုက်မိတယ်၊ဪ…အိမ်ပိုင်ရှင်ကငါမှမဟုတ်တော့ဘဲယေရှုထွက်ဖွင့်နေတာသေချာတယ်ဆိုပြီးနားစွင့်နေသတဲ့၊ဒါနဲ့တခါးခေါက်နေတဲ့စာတန်ကိုဖွင်းပေးလိုက်တော့စာတန်ကိုယ်၌ကလန့်ပြေးရတော့တာပေါ့၊ဒါယေရှုဘုရားပါလား၊သူဒီအိမ်ပိုင်ရှင်ဖြစ်နေပါလားပေါ့။ဒီလိုနဲ့နောက်ညတွေမှာစာတန်မလာရဲတော့ပါဘူး။

မိတ်ဆွေ၊ဒီပုံပြင်လေးရဲ့အိမ်ခန်းဆိုတာယနေ့ယုံကြည်သူတိုင်းရဲ့နှလုံးသားအခန်းတွေပါ၊တခါတလေယေရှုကိုနေရာပေးထားပေမဲ့တထောင့်တနေရာဘဲပေးထားပြီးကိုယ်ကအိမ်ဦးစီးနေရင်၊စာတန်တံခါးလာခေါက်တော့ကိုယ်ကနိုင်မည်မဟုတ်ပါ။ဒါကြောင့်ယေရှုခရစ်တော်ကိုအကုန်ပုံအပ်ပြီးသူ့ဦးဆောင်မှုမှာမိသားစုတွေအသက်ရှင်တာမှာလုံးဝလုံခြုံပါလိမ့်မယ်။

၃။မေတ္တာအားဖြင့်အုပ်ချုပ်သောအိမ်ထောင်
ခရစ်ယာန်အိမ်ထောင်သာယာမှုဆိုတာအဓိကမေတ္တာပေါ်မှုတည်ပါတယ်၊အချင်းချင်းချစ်ကြပြီး၊အချင်းချင်းကူညီတတ်ဖို့အရေးကြီးပါတယ်။ချမ်းသာကြွယ်ဝပြီးအချစ်မရှိနေရင်မသာယာနိုင်ပါ၊ဒါပေမဲ့အချစ်ရှိနေပြီးဆင်းရဲနေရင်တော့သာယာနေတတ်တာတွေ့နိုင်ပါတယ်။သုတ္တံကျမ်း ၁၅:၁၇ မှာဒီလိုဖော်ပြထားတယ်…”ဆူအောင်ကျွေးသော နွားတစ်ကောင်လုံးကို အချင်းချင်း အငြိုးထားသောစိတ်နှင့် စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တစ်နပ်စာသည် သာ၍ကောင်း၏။”တဲ့၊
အချစ်ကအရာရာကိုဖုံးအုပ်တတ်ပါတယ်၊ဒါကြောင့်ပြဿနာရဲ့ရန်သူကမေတ္တာပါဘဲ။မေတ္တာနဲ့တာဆက်တိုက်တည်ဆောက်သွားမယ်ဆိုရင်ပြဿနာဆိုတာဝေးဝေးရှောင်သွားပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဒီမေတ္တာမှာပါနေတဲ့အရာတွေဟာအင်မတန်ကောင်းမြတ်လို့ပါ။ ၁ ကော ၁၃:၄-၈ မှာမေတ္တာအကြောင်းအသေးစိပ်ဖော်ပြထားပါတယ်…
” မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊မတရားသော အမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။မေတ္တာသည် ဖေါက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။”

၄။ဘုရားဝတ်အမြဲပြုသောအိမ်ထောင်
ယခုခေတ်မှာအိမ်ထောင်ဝတ်ပြုစည်းဝေးနေ့တိုင်းလုပ်နေတဲ့သူအင်မတန်ရှားသွားပါပြီ၊တချို့အမှုတော်ဆောင်တွေကျမ်းစာကျောင်းပြဆရာဆရာမမိသားစုတွေတောင်အလုပ်များလို့ဆိုပြီးအိမ်ထောင်စည်းဝေးမလုပ်နိုင်ကြဘူး၊အသင်းသားတွေကိုလုပ်ခိုင်းဖို့လဲသူ့တို့ကိုယ်၌ကမလုပ်နိုင်တော့သွန်သင်ဖို့ဖိအားကြီးလားတာပေါ့။ယုံကြည်သူတွေကလည်းအကြောင်းရင်းတခုခုရှိမှဆရာတွေခေါ်ပြီးဆုတောင်းစည်းဝေးလုပ်တာကလွဲလို့ပုံမှန်အိမ်ထောင်ဝတ်မပြုနိုင်ကြဘူး။အမှန်တော့သမ္မာတရားသွန်သင်မှုအရသာယာသောခရစ်ယာန်အိမ်ထောင်မှာနေ့တိုင်းဝတ်ပြုဖို့ကအင်မတန်အရေးကြီးလှပါတယ်။အဓိကမိအမှုတော်ဆောင်ကနေစံပြဖြစ်နေသင့်ပြီး၊မိဘလုပ်တဲ့သူကိုယ်၌ကမိမိသားသမီးကိုအတူခေါ်ဆောင်လုပ်ကိုင်သင့်ပါတယ်၊သုတ္တံကျမ်း ၂၂:၆မှာဒီလိုဖော်ပြထားပါတယ်…
“သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်။”
ဒါကြောင့်မိမိအိမ်သူအိမ်သားတွေလမ်းမလွဲအောင်အိမ်ထောင်ဝတ်ပြုစည်းဝေးကအရေးကြီးပါတယ်။
အိမ်ထောင်ဝတ်ပြုစည်းဝေးအားဖြင့်
၁။အချင်းချင်းခရစ်တော်၌ပိုနားလည်လာစေတယ်။
၂။အိမ်သူအိမ်သားစိတ်တလုံးတဝညီညွတ်စေတယ်။
၃။ဘုရားစကားတော်အားဖြင့်အိမ်ထောင်ဖောက်ပြန်မှုကင်းမယ်။
၄။မယုံကြည်သေးတဲ့မိသားစုဝင်လာပါဝင်ရင်ကယ်တင်ခြင်းရစေနိုင်မယ်။
၅။ယုံကြည်ခြင်းတိုးပွားစေမယ်။
၆။ဘုရားအလိုတော်သိလာမယ်။
ယေရှုခရစ်တော်က ရှင်မဿဲခရစ်ဝင် ၅:၁၅ မှာဒီလိုပြောခဲ့ပါတယ်…
“ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှါ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။”
အိမ်ထောင်ဝတ်ပြုစည်းဝေးဆိုတာမိသားစုအားလုံးအလင်းရစေဖို့ဆီမီးကိုခုံပေါ်တင်ထားတာဖြစ်ပါတယ်။ဒီဆီမီးဖြစ်တဲ့ဘုရားစကားတော်ဟာမိသားစုဝင်တိုင်းရဲ့ခြေရှေ့ကမီးခွက်ဖြစ်ပြီးလမ်းခရီးကို လင်းစေပါလိမ့်မည်။