သားသမီးကိုစိတ်ပျက်စေနိုင်တဲ့အရာ(၁၀)မျိုး
နိဒါန်း
ကောလောသဲ၃:၂၁နဲ့ဧဖက်၆:၄ မှာခရစ်ယာန်မိဘတွေကိုသတိပေးထားတာတခုရှိပါတယ်၊အဲဒါကတော့ကိုယ့်သားသမီးတွေကိုစိတ်ဆိုးစိတ်ပျက်စေအောင်မလုပ်မိဖို့ပါ။ဒါဆိုရင်ဘယ်အရာတွေကသားသမီးတွေကိုစိတ်ဆိုးစိတ်ပျက်စေနိုင်သပါလဲ?အချက်(၁၀)ချက်နဲ့အလင်းပေးပါရစေ။
၁။လွန်ကဲစွာရိုက်နက်နှိပ်စက်ခြင်း
သားသမီးတွေကိုစည်းကမ်းရှိရှိဆုံးမတာကောင်းပေမယ့်၊ ခြေလွန်လက်လွန်နဲ့အသားညိုမဲစေတဲ့အထိရိုက်နက်နှိပ်စက်ခြင်းဟာသားသမီးတွေအတွက်ရည်ရှည်စိတ်ဒဏ်ရာဖြစ်စေပြီးစိတ်ပျက်သွားစေနိုင်ပါတယ်။
၂။စကားဖြင့်စိတ်ပိုင်းဆိုင်ရာချိုးနှိမ်ခြင်း
မိဘတွေသားသမီးကိုပြောဆိုဆုံးမပေးရမှာမှန်ပေမယ့်၊ပြောဆိုတဲ့အခါအထင်သေးလွန်းတဲ့စကားမျိုး၊ဖိနှိပ်ချိုးနှိမ်တဲ့အသုံးအနူန်းမျိုးတွေဟာရေရှည်သားသမီးတွေအတွက်စိတ်ပျက်သွားစေနိုင်တဲ့အရာတွေပါ။
၃။တမင်ဥပေက္ခာပြုထားပေးခြင်း
သားသမီးတွေရဲ့လိုအပ်မှုကိုသိလျက်နဲ့တမင်မကြည့်ပေးတာမျိုး၊သူတို့ရဲ့စိတ်ခံစားမှုကိုဂရုမစိုက်ပေးတာမျိုး၊သူတို့ပြောချင်တာကိုအတင်းကန့်သတ်လိုက်တာမျိုးတွေဟာသားသမီးတွေစိတ်ထဲမှာငါ့မိဘကငါ့ကိုလက်မခံဘူးဆိုပြီးစိတ်ပျက်သွားစေနိုင်ပါတယ်။
၄။အထင်လွဲအမြင်မှားခြင်း
သားသမီးတွေကိုအထင်လွဲမိတာမျိုး၊အမြင်မှားမိတာမျိုး။ပိုဆိုးတာကလူကြီးမိဘလုပ်သူကသားသမီးအပေါ်အထင်အမြင်မှားမှန်းသိလျက်နဲ့ကိုယ်မှားမှန်းပြန်မဝန်ခံရဲဘဲအရှက်ပြေနဲ့သားသမီးအပေါ်သိသိကြီးဆက်အထင်အမြင်မှားသွားတာမျိုးဟာသားသမီးတွေစိတ်ပျက်သွားစေနိုင်ပါတယ်။
၅။မတရားတဲ့မျှော်လင့်တောင်းဆိုမှု
စည်းကမ်းတင်းကျပ်စွာချထားပေးပြီး၊ဒီလိုလုပ်နိုင်ရမယ်ဆိုတာမျိုး၊သားသမီးတွေကမိဘချထားတဲ့ပန်းတိုင်မရောက်နိုင်တဲ့အခါအပြစ်ပေးတာမျိုး၊လွတ်လပ်စွာအသက်ရှင်ခွင့်မရဘဲမိဘအတွက်သာအသက်ရှင်ပေးနေရတာမျိုးဟာသားသမီးတွေအတွက်စိတ်ပျက်သွားစေနိုင်တဲ့အရာတွေပါ။
၆။တောင်းဆိုမှုရှိနေသောချစ်ခြင်း
ဒီလိုလုပ်နိုင်မှချစ်မယ်၊ဒီလိုစကားနားထောင်မှချစ်မှာဆိုတာမျိုး၊လိမ္မာမှဒါတွေဝယ်ပေးမှာဆိုတာမျိုးဟာသားသမီးတွေအတွက်မိဘမေတ္တာစင်စစ်ကိုမခံစားရစေဘဲအပေးအယူလို့သာခံစားသွားစေနိုင်ပြီးမိဘ မေတ္တာကိုစိတ်ပျက်သွားစေနိုင်ပါတယ်။
၇။သားသမီးကိုခွဲခြားပြီးချစ်ခြင်း
အကြီးကောင်ကိုဘဲရွေးချစ်တာမျိုး၊အငယ်ကောင်ကိုဘဲသဘောကျတာမျိုး၊တခုခုဖြစ်ရင်တစ်တန်းထဲမစီရင်ဘဲမျက်နာလိုက်တာမျိုးဟာခွဲခြားခြင်းခံရတဲ့သားသမီးတွေအတွက်စိတ်ပျက်သွားစေနိုင်ပါတယ်။
၈။အပြောတမျိုးအလုပ်တမျိုးဖြစ်ခြင်း
သားသမီးရှေ့ပုံသက်သေမပြဘဲ၊ငါပြောသလိုသာလုပ် ငါလုပ်သလိုလိုက်မလုပ်နဲ့ဆိုတာမျိုး၊သားသမီးတွေကိုတော့စည်းကမ်းအပြည့်တင်းကျပ်ထားပြီးမိဘလုပ်တဲ့သူကတလွဲလုပ်နေတာမျိုးဟာသားသမီးတွေစိတ်ပျက်သွားနိုင်ပါတယ်။
၉။သားသမီးအပေါ်ကတိမတည်ခြင်း
သားသမီးကြိုးစားချင်စိတ်ရှိအောင်မိဘတွေကဒါဝယ်ပေးမယ်၊ဟိုဟာလုပ်ပေးမယ်ဆိုပြီးဘာညာကတိ တွေတပုံကြီးပေးတတ်ကြပါတယ်။တကယ်တမ်းကျတော့ကလေးဖက်ကကြိုးစားပြီးဖြစ်လာတဲ့အခါမိဘတွေ ပြောထားတဲ့ကတိအတိုင်းမတည်ဘဲနေရင်သားသမီးတွေစိတ်ပျက်သွားစေနိုင်ပါတယ်။
၁၀။သူများကလေးနဲ့နိုင်းယှဉ်ခြင်း
ဟိုအိမ်ကကလေးကြည့်ပါလား၊နင့်သူငယ်ချင်းမောင်ဘယ်သူမဘယ်သူကိုကြည့်ပါလားဆိုပြီး၊သူများကလေးဘယ်လောက်တော်ကြောင်းတတ်ကြောင်းနဲ့ကိုယ့်သားသမီးကိုလာနိုင်းယှဉ်ချိုးနှိမ်နေခြင်းဟာသားသမီးတွေရဲ့စိတ်ဓာတ်ကိုပျက်ပျားသွားစေနိုင်ပါတယ်။
နိဂုံး
သားသမီးကိုစိတ်ပျက်စေနိုင်တဲ့အရာ(၁၀)မျိုးကတော့
၁။လွန်ကဲစွာရိုက်နက်နှိပ်စက်ခြင်း
၂။စကားဖြင့်စိတ်ပိုင်းဆိုင်ရာချိုးနှိမ်ခြင်း
၃။ဥပေက္ခာပြုထားပေးခြင်း
၄။အထင်လွဲအမြင်မှားခြင်း
၅။မတရားတဲ့မျှော်လင့်တောင်းဆိုမှု
၆။တောင်းဆိုမှုရှိသောချစ်ခြင်းမေတ္တာ
၇။သားသမီးကိုခွဲခြားပြီးချစ်ခြင်း
၈။အပြောတမျိုးအလုပ်တမျိုးဖြစ်နေခြင်း
၉။သားသမီးအပေါ်ကတိမတည်ခြင်း
၁၀။သူများကလေးနဲ့နိုင်းယှဉ်ခြင်း
ကောလောသဲ၃:၂၁ အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ထိုသို့ပြုလျှင်၊ သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။
ဧဖက်၆:၄ အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ သခင်ဘုရား၏ အလိုတော်နှင့်ညီသော ဆုံးမ သွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။
သားသမီးကိုစိတ်ပျက်စေနိုင်တဲ့အရာ(၁၀)မျိုး