ပဌာနာတော် (အပိုင်း၁)
ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ…(ရှင်မဿဲခရစ်ဝင် ၆:၉)
သခင်ယေရှုဘုရားကိုယ်တိုင်သင်ကြားပေးခဲ့တဲ့ဆုတောင်းပဌာနာတော်ကိုတခွန်းချင်းရှင်းအံ့။ပဌာနာတော်ရဲ့ပထမဆုံးတခွန်းကတော့…”ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ… “ပင်။
ချစ်သောမိတ်ဆွေ၊”အဘFather”လို့ပြောလိုက်တာနဲ့သိရမှာကဘုရားနဲ့ကျွန်တော်တို့ရဲ့ပတ်သက်မှုဟာဖခင်နဲ့သားသမီးလိုမျိုးပါ။သားသမီးကနေဖခင်ကိုတောင်းခံတာမျိုး၊တနည်းအားဖြင့်ကျနော်တို့တွေဟာဘုရားသားသမီးများဖြစ်တယ်၊ဟာလေလုယာ၊ဒါဟာအင်မတန်မွန်မြတ်တဲ့မင်္ဂလာတပါးဘဲဖြစ်တယ်။
ဥပမာ…ဒီနေ့သင်လမ်းဘေးမှာသူတောင်းစားကိုတွေ့ခဲ့တယ်ဆိုပါစို့၊သူကသင့်ကိုတောင်းခံတဲ့ချိန်သင်သနားလို့ပေးကမ်းခဲ့မယ်၊ဒါပေမဲ့အဲဒီသူတောင်းစားဟာသင်သူ့ကိုပေးကမ်းလိမ့်မယ်လို့အတည်ယုံကြည်ခဲ့မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့သင်နဲ့သူကဘာပတ်သက်မှုမျိုးမှမရှိလို့ပါ။ဒါပေမဲ့သင်အိမ်ပြန်ရောက်လို့သင့်သားကမုန့်ဖိုးတောင်းရင်ကော?ဖခင်ဖြစ်တဲ့သင်ဟာမပေးမရတော့ပါဘူး၊သားဖြစ်သူကလဲမတောင်းခင်ရလိမ့်မယ်လို့အတည်ယုံကြည်ပြီးသားပါ။ဘာကြောင့်လဲ?ဖခင်နဲ့သားပတ်သက်မှုရှိလို့၊ဒါဟာအရိုက်အရာမတူလို့ဘဲဖြစ်တယ်၊ဟာလေလုယာ။
ချစ်သောမိတ်ဆွေ၊ကျနော်ကျမတို့တတွေဟာတချိန်ကအပြစ်ရဲ့နွံမှာသေရမဲ့လူတွေပါ၊တပါးအမျိုးသားတွေပါ၊ဘုရားနဲ့ဝေးကွာပြီးကယ်တင်ခြင်းနဲ့မထိုက်တန်သူတွေပါ။ဒါပေမဲ့ယေရှုခရစ်တော်အားဖြင့်ဘုရားသားသမီးအရိုက်အရာကိုရခဲ့တယ်၊ဟာလေလုယာ။ရောမဩဝါဒစာ ၈:၁၆
မှာဒီလိုသက်သေပေးခဲ့တယ်”ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။”အဲဒီကစပြီး၊သူတောင်းစားလိုတောင်းခြင်းမျိုးမဟုတ်တော့ဘူး၊သားသမီးကနေဖခင်ကိုတောင်းခြင်းဖြစ်တယ်၊ဒါကြောင့်ဆုတောင်းတိုင်းဆုတောင်းတိုင်းယုံကြည်စွာဖြင့်ဆုတောင်းပါ။သားသမီးနေရာကနေဖခင်မေတ္တာကိုခံစားပါ။
နောက်တချက်က…
“ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ”လို့ပြောလိုက်တာဟာဆုတောင်းခံသူကိုပေါ်လွင်စေခြင်းဘဲဖြစ်တယ်။ဘယ်သူ့ထံဆုတောင်းတာလဲ?ကောင်းကင်ဘုံကဘုရားကိုပါ။စကြာဝဠာရှိသမျှကိုဖန်ဆင်းတဲ့ဘုရား၊အလုံးစုံကိုတတ်နိုင်တဲ့ဘုရား၊ဒီဘုရားဟာကျနော်ကျမတို့ရဲ့ဖခင်ဖြစ်တယ်ဟာလေလုယာ။နိုင်ငံတော်သမ္မတသာသင့်ဖခင်ဖြစ်ရင်ဘယ်လိုနေမလဲ?သင်ယုံယုံကြည်ကြည်နဲ့တောင်းသင့်တာတောင်းလိမ့်မယ်။ချစ်သောမိတ်ဆွေယနေ့ကျနော်တို့ကိုးကွယ်နေတဲ့ဖဘုရားသခင်ဟာဘုရင်တကာဘုရင်၊အရှင်တကာအရှင်ဖြစ်တယ်၊ဟာလေလုယာ၊ဒါကြောင့်ပိုပြီးယုံယုံကြည်ကြည်တောင်းသင့်တယ်မဟုတ်လား?ဒါကြောင့်ပဌာနာတော်ရဲ့ပထမစကားတခွန်းဟာယုံကြည်ချက်အရင်ရှိစေဖို့သွန်သင်ခဲ့ခြင်းဖြစ်တယ်ဟာလေလုယာ။
ပဌာနာတော် (အပိုင်း၂)
ကိုယ်တော်၏နာမတော်အားရိုသေလေးမြတ်ခြင်းရှိပါစေသော(မဿဲ၆း၉)
ပဌာနာတော်ရဲ့ဒုတိယတခွန်းကတော့”ကိုယ်တော်၏နာမတော်အားရိုသေလေးမြတ်ခြင်းရှိပါစေသော”ဟူ၍ပင်။
ဒီအချက်ဟာခရစ်ယာန်အာလုံးမှာရှိရမဲ့အချက်ဖြစ်တယ်၊ဘယ်လိုလုပ်ပြီးဘုရားနာမကိုရိုသေလေးမြတ်ရာရောက်မလဲ?
အရာရာမှာဘုရားကိုဦးထိပ်ထားခြင်း၊နေရာပေးခြင်းဖြင့်လက်တွေ့လိုက်လျှောက်ခြင်းဘဲဖြစ်တယ်။
ဥပမာ…သူငယ်ချင်းတယောက်ကကိုယ့်အိမ်ကိုအလည်လာမယ်ဆိုပါစို့၊ကိုယ့်အဖေကိုကိုယ်ကမရိုမသေဆက်ဆံနေတာသူ
ငယ်ချင်းကတွေ့ခဲ့ရင်၊သူငယ်ချင်းဖြစ်သူကလည်းသင့်အဖေကိုရိုသေမှာမဟုတ်ဘူး။ဒီလိုပါဘဲ၊အကယ်လို့ကိုယ်ကိုယ်တိုင်ကလူတွေရှေ့မှာအဖဘုရားစကားလက်တွေ့မလိုက်လျှောက်ဘူးဆိုရင်၊ဘုရားသားသမီးပါဆိုပြီး၊ကိုယ့်လုပ်ရပ်တွေကသူတပါးချော်လဲစရာဖြစ်နေရင်၊အကျင့်ကမယုံကြည်သူတွေထက်ဆိုးနေရင်၊ဘယ်လိုလုပ်ပြီးအဖဘုရားနာမတော်ကိုရိုသေလေးမြတ်ခြင်းရှိနိုင်မလဲ?
ချစ်သောမိတ်ဆွေ…
ကိုယ်တော်၏နာမတော်အားရိုသေလေးမြတ်ခြင်းရှိစေနိုင်ဖို့ကိုယ်တိုင်ပုံသက်သေကောင်းရှိဖို့လိုပါတယ်၊ သင့်အလုပ်ထဲမှာသော်၄င်း၊သင့်မိတ်ဆွေ၊ဆွေမျိုး၊မိသားစုအသိုင်းဝိုင်းမှာသော်၄င်း၊သင်ရောက်လေရာနေရာတိုင်းမှာအသစ်ပြုပြင်သောအသက်တာရဲ့ပုံသက်သေကောင်းရှိစေပါ။ပုံသက်သေကောင်းရှိပြီးသမ္မာတရားတိုင်းအသက်ရှင်ခဲ့ရင်၊သင့်ကြောင့်လူတွေဟာခရစ်တော်ဘုရားဆီရောက်လာပြီးဘုရားနာမကိုရိုသေလေးမြတ်ကြမှာဧကန်ပါဘဲ။
ပဌာနာတော်ရဲ့ပထမတခွန်းဟာယုံကြည်ခြင်းအရင်ရှိဖို့သွန်သင်ခဲ့ပြီး၊ဒုတိယဆုတောင်းချက်ဟာကိုယ်တိုင်ပုံသက်သေကောင်းရှိဖို့(အကျင့်ရှိဖို့)သွန်သင်ခဲ့ပါတယ်။
ဒါကြောင့်ပဌာနာတော်ရဲ့ဒုတိယတခွန်းရွတ်ဆိုမိတိုင်းကိုယ့်ကိုကိုယ်ပုံသက်သေကောင်းရှိပြီလားဆိုတာဆန်းစစ်ရမှာပါ။ကိုယ့်ပုံသက်သေကောင်းအားဖြင့်လူတိုင်းကိုယ်တော်၏နာမတော်အားရိုသေလေးမြတ်ခြင်းရှိကြပါစေသော။အာမင်။
ပဌာနာတော် (အပိုင်း ၃)
နိုင်ငံတော်တည်ထောင်ပါစေသော။ (မဿဲ ၆:၁၀a)
၁၊ယုံကြည်ချက်ရှိရှိနဲ့
၂၊ကိုယ့်ကိုကိုယ်ပြန်လည်ဆန်းစစ်ပြီးရင်၊ဆုတောင်းတိုင်းအဦးဆုံးတောင်းရမဲ့အချက်ကဘုရားသခင်ရဲ့”နိုင်ငံတော်တည်ထောင်စေဖို့”အတွက်ပါဘဲ။ပတ္တိဇံယောဟန်နဲ့သခင်ယေရှုတို့ရဲ့အဦးဆုံးဧဝံဂေလိဟာလဲ”နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရား”ကို ဟောခဲ့တာပါ။(မဿဲ ၆:၃၃)နဲ့(၁တိ၂း၁)မှာလဲထပ်မံသွန်သင်ထားပြန်ပါတယ်။ဒါကြောင့်ပဌာနာတော်ရဲ့တတိယတခွန်းဟာ”နိုင်ငံတော်တည်ထောင်ပါစေသော”ပင်ဖြစ်ပါသည်။
နိုင်ငံတော်ဆိုတာ…
၁။ထာဝရတည်သောကောင်းကင်နိုင်ငံ(ဆာလံ၉၃း၂)
၂။ဘုရားသခင်အုပ်စိုးသောနေရာ…….ပင်ဖြစ်သည်။
ဒီဆုတောင်းချက်ရဲ့အဓိပ္ပာယ်ဟာ…
၁။လူတိုင်းကယ်တင်ခြင်းရပြီးဘုရားအုပ်စိုးသောသူဖြစ်စေရန်
၂။ကိုယ်တိုင်ကယ်တင်ခြင်းတရားအတွက်ပါဝင်ရန်
၃။ယေရှုဘုရားတဖန်ကြွလာခြင်းကိုမျော်လင့်ရန်…ပင်။
ဆိုတော့ဘုရားသခင်ရဲ့နိုင်ငံတော်ဘယ်ချိန်မှာတည်ထောင်လာမလဲ?(မဿဲ၂၄း၁၄)အရလူတိုင်းဧဝံဂေလိတရားကြားပြီးမှပါ။ဘုရားနိုင်ငံတော်ဘာလို့တည်ထောင်စေတာလဲ?မြေကြီးပေါ်မှာ(လောက)ငြိမ်းချမ်းခြင်းမရှိလို့ဘဲဖြစ်တယ်။ထာဝရငြိမ်းချမ်းနိုင်ဖို့ဘုရားသခင်ရဲ့နိုင်ငံတော်တည်ထောင်လာမှဖြစ်မှာပါ။
ချစ်သောမိတ်ဆွေ…
ယနေ့သင်ဆုတောင်းတိုင်းမှာဘာကိုအရင်ဦးစားပေးဆုတောင်းသလဲ?”နိုင်ငံတော်တည်ထောင်ပါစေသော”လို့ဆုတောင်းလိုက်တိုင်းမှာကိုယ့်ကိုကိုယ်ဆင်ခြင်ရမှာက…
◆ငါကိုယ်တိုင်ကဘုရားအုပ်စိုးသောအသက်တာနဲ့လား?
◆ငါဧဝံဂေလိလုပ်နေပြီလား?
◆ပျောက်ဆုံးဝိညာဉ်များအတွက်ဆုတောင်းနေပြီလား?
◆ယေရှုဘုရားကြွလာခြင်းကိုမြော်လင့်တောင့်တနေပြီလား? ဆိုပြီးဆန်းစစ်ရပါမည်။
ပဌာနာတော် (အပိုင်း ၄)
အလိုတော်သည်ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။(မဿဲ ၆း၁၀b)
ပဌာနာတော်ရဲ့နံပတ်လေးတခွန်းက”အလိုတော်သည်ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော” ဟူ၍ပင်။
ဘုရားသခင်ရဲ့အလိုတော်ဟာကောင်းကင်မှာအတားဆီးမရှိပေမဲ့၊မြေကြီးပေါ်မှာတော့စာတန်ရဲ့တားဆီးခြင်းနဲ့၊လူတွေရဲ့မနာခံခြင်းဖောက်ပြန်ခြင်းကြောင့်အလိုတော်မပြည့်စုံနိုင်သေးပါ။တခါတလေယုံကြည်သူတွေတောင်အားနည်းပြီးဘုရားအလိုတော်ကိုတားစီးနေမိတတ်ပါတယ်။ဒါကြောင့်လဲယေရှုဘုရားကိုယ်တိုင်ဒီလိုဆုတောင်းဖို့သွန်သင်ခဲ့တာပါ။
ဒီမှာမေးရမှာကဘုရားအလိုတော်ကိုဘယ်သူကတားဆီးနိုင်မှာလဲ?သူကဘုရားမဟုတ်ဘူးလား?ဟုတ်ပါတယ်မိတ်ဆွေ၊ဘုရားအလိုတော်ကိုဘယ်သူမှတားဆီးလို့မရပါဘူး၊ဒါပေမဲ့ကျနော်တို့သိထားရမှာကဘုရားသခင်လူကိုဖန်ဆင်းတဲ့အချိန်ကစပြီးလူကိုလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပေးခဲ့ပါတယ်။လူတွေကိုအာဏာနဲ့ဖိအားပေးပြီးအတင်းအဓမ္မနာခံခိုင်းတာထက်လွတ်လပ်စွာကိုယ်ပိုင်ရွေးချယ်မှုနဲ့လာနာခံတာကိုလိုလားနှစ်သက်တဲ့ဘုရားပါ၊ဟာလေလုယာ။ဝိညာဉ်တော်ဘုရားအားဖြင့်စိတ်ကိုတို့ထိစေတယ်၊နာခံမနာခံတော့ကိုယ့်ရွေးချယ်မှုမှာမူတည်ပါတယ်။
ဒါကြောင့်ချစ်သောမိတ်ဆွေ၊”အလိုတော်သည်ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော”လို့သင်ဆုတောင်းလိုက်တိုင်းမှာဆင်ခြင်ရမှာကမိမိကိုယ်တိုင်နာခံခြင်းနဲ့အသက်ရှင်နေပြီလားဆိုတာပါဘဲ။ကိုယ့်နာခံခြင်းအားဖြင့်ဘုရားရဲ့အလိုတော်မြေကြီးပေါ်မှာပြည့်စုံပါစေ၊အာမင်။
ပဌာနာတော် (အပိုင်း ၅)
အသက်မွေးလောက်သောအစာကိုအကျွန်ုပ်တို့အားယနေ့ပေးသနားတော်မူပါ။ (မဿဲ ၆:၁၁)
ပဌာနာတော်ရဲ့ဆုတောင်းခြင်းအားလုံးထဲမှာဝိညာဉ်ရေးရာအတွက်တာများပြီး၊ကိုယ်ကာယအတွက်တော့ဒီနံပတ်ငါးတခွန်းတည်းရှိပါတယ်။ဒါဟာဘုရားသခင်ကျွန်တော်တို့ဝိညာဉ်ရေးကိုဘဲဂရုစိုက်တာမဟုတ်၊ကိုယ်ခန္ဓာအတွက်လဲဂရုစိုက်ကြောင်းပေါ်လွင်စေပါတယ်။
အသက်ရှင်နေထိုင်ဖို့အစာကိုလိုအပ်ပါတယ်၊ဒါပေမဲ့ချမ်းသာကြွယ်ဝဖို့တောင်းခိုင်းတာမဟုတ်ဘူး၊ဒီနေရာမှာအကောင်းဆုံးသာဓကတခုကသုတ္တံကျမ်း၃၀း၇-၉က ယာကေသားအာဂုရရဲ့ဆုတောင်းခြင်းပါဘဲ။သူကဆုနှစ်ခုတောင်းခဲ့တယ်၊ “ဆင်းရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်”တဲ့၊ “အသက်မွေးလောက်သော အစာကိုသာ ပေးတော်မူပါ”ဆိုပြီးပေါ့။ဘာလို့လဲဆိုတော့ ကြွယ်ဝနေရင်ဘုရားကိုမေ့ပြီးငြင်းမိမှာစိုးရိမ်လို့၊ သို့မဟုတ်၊ ဆင်းရဲနေရင်လဲသူ့ဥစ္စာခိုးမိပြီးဘုရားနာမကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမိမှာစိုးရိမ်စရာရှိလို့ပါတဲ့။ဒါဟာကျနော်တို့ဆင်ခြင်သင့်တဲ့အရာပါ။
နောက်တခုက”ယနေ့”ပေးသနားတော်မူပါဆိုတာ…အငယ်၃၄ကပြောတဲ့”နက်ဖြန်အဘို့ မစိုးရိမ်ကြနှင့်” ရဲ့ရှေ့ပြေးစကားပါ။လုကာမှာ-နေ့ရက်စဉ်တိုင်းလို့ရေးထားပေမယ့်တရက်သာစားဖို့အတွက်ပါဘဲ။ဘုရားအဓိကဂရုစိုက်တာသင်လက်ရှိအချိန်ဘဲဖြစ်တယ်၊လူတိုင်းအမြဲတမ်းအရေးကြီးဆုံးချိန်ကလဲလက်ရှိအချိန်ဘဲဖြစ်တယ်။နက်ဖြန်အတွက်စိုးရိမ်မနေဘဲ၊ယနေ့အတွက်အကောင်းဆုံးအသက်ရှင်ဖို့ပါဘဲ။
နောက်ဆုံးတချက်သတိထားရမှာက”ကျွန်ပ်တို့”ဆိုတဲ့စကားလုံးဘဲဖြစ်တယ်။ငါတယောက်ထဲစားရဖို့ဘဲတောင်းခိုင်းတာမဟုတ်ဘူး၊အများအတွက်ပါတောင်းခိုင်းတာဖြစ်တယ်။အများအတွက်ဆုတောင်းခြင်းကလက်တွေ့လုပ်ဆောင်ခြင်းနဲ့တထပ်ထဲဖြစ်ရမယ်လို့ကျမ်းစာကသွန်သင်ထားတယ်။ပုံလေးတခုနဲ့ပြောရင်ပိုနားလည်လွယ်မယ်… တခါကအသင်းတော်လူကြီးတစ်ယောက်၊သူ့အခန်းထဲမှာဒူးထောက်မျက်ရည်ကျပြီးစားစရာမရှိတဲ့အိမ်ဘေးကဒုက္ခသည်တွေအတွက်ဆုတောင်းနေသတဲ့၊ဒါကိုမြေးလေးကတွေ့တော့သူ့နောက်ကနေသူ့ပုခုံးလေးပုတ်လိုက်ပြီး”မငိုပါနဲ့အဖိုး၊အဖိုးဂိုဒေါင်ထဲကလှောင်ထားတဲ့ဆန်ဝေပေးလိုက်ရင်သူတို့စားစရာရှိပြီလေ” ဟူ၍ပင်။
ချစ်သောမိတ်ဆွေ၊ဒါဟာ ရှင်ယာကုပ်ဩဝါဒစာ ၂:၁၅မှာပြောသလိုပါဘဲ…”ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍နေ့တိုင်းစားရသောအစာမရှိသောအခါ၊သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာသွားကြလော့။ နွေးကြလော့။ ဝကြလော့ဟု ပြောလျက်၊သူတို့ကိုယ်နှင့်တော်လျော်သောအသုံးအဆောင်ကိုမပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း”။
ချစ်သောမိတ်ဆွေ၊
အသက်မွေးလောက်သောအစာကိုပေးဖို့တောင်းလိုက်တိုင်းဆင်ခြင်ရမှာကငါချမ်းသာကြွယ်ဝဖို့အတွက်ဘဲတောင်းနေသလား?ဝိညာဉ်အစာထက်စားဝတ်နေရေးကိုစိုးရိမ်နေသလား?ကိုယ်ဝရင်ပြီးရောဆိုပြီးငတ်နေသောသူကိုမကျွေးမွေးဘူးလား?ဒါဟာပဌာနာတော်ဆုတောင်းလိုက်တိုင်းဆင်ခြင်သတိရမဲ့အရာဘဲဖြစ်ပါတယ်။
ပဌာနာတော် (အပိုင်း ၆)
သူတပါးသည်အကျွန်ုပ်တို့ကိုပြစ်မှားသောအပြစ်များကိုအကျွန်ုပ်တို့သည်လွှတ်သကဲ့သို့အကျွန်ုပ်တို့၏အပြစ်များကိုလွှတ်တော်မူပါ။ (မဿဲ ၆း၁၂)
ပဌာနာတော်ရဲ့ခြောက်ခွန်းမြောက်ဟာကျွန်တော်တို့ရဲ့ဆုတောင်းချက်ဖြစ်သလို၊ဘုရားသခင်မှဆုတောင်းသူကိုမိန့်မှာတဲ့အရာလဲဖြစ်ပါတယ်။
ဒီဆုတောင်းချက်ဟာလူတိုင်းအပြစ်ရှိကြောင်းပေါ်လွင်စေသလိုလူဆိုးလူကောင်းအားလုံးဟာအပြစ်သားဘဲဖြစ်ကြောင်းထင်သာပါတယ်။ဒါကြောင့်ဘုရားသခင်ဆီမှာအပြစ်ဝန်ချတောင်းပန်ရမှာဖြစ်ကြောင်းသခင်ယေရှုကဒီဆုတောင်းချက်နဲ့သင်ပေးခဲ့တာဖြစ်တယ်။ဒီဆုတောင်းချက်အားဖြင့်လဲသိရတာကဘုရားမလွတ်နိုင်တဲ့အပြစ်မရှိဘူးဆိုတာပါဘဲ၊သင်အပြစ်ဘယ်လောက်ကြီးကြီးဘုရားခွင့်လွတ်နိုင်တယ်၊ဟာလေလုယာ။
ဒါပေမဲ့…ဒီဆုတောင်းချက်မှာဘုရားရဲ့မိန့်မှာချက်က ကိုယ့်အပြစ်ကိုလွတ်စေချင်ရင်သူများအပြစ်ကိုကိုယ်ကအရင်လွတ်ရမှာပါ(အငယ်၁၄၊၁၅ကြည့်ပါ)။ဘုရားသခင်ကသင့်အပြစ်ကိုမလွတ်နိုင်လို့မဟုတ်ဘူး၊သင့်အထဲကဇာတိစိတ်ကသူတပါးအပြစ်ကိုမလွတ်နိုင်လို့သင်ကိုယ်တိုင်အပြစ်လွတ်ခြင်းကိုမလိုလားတာပါ။အရှင်းဆုံးပြောရရင်၊သူတပါးကိုယ့်အပေါ်ပြစ်မှားတဲ့အပြစ်ကိုမလွတ်နိုင်ဘဲပဌာနာတော်ကိုရွတ်ဆိုဆုတောင်းလိုက်ရင်”ကျွန်ုပ်အပြစ်ကိုလည်းဘုရားမလွတ်နဲ့”လို့ဆုတောင်းရာရောက်ပါတယ်။ဒါကြောင့်ပဌာနာတော်ကိုမရွတ်ဆိုမဆုတောင်းခင်ကိုယ့်ကိုကိုယ်အရင်စစ်ကြောသင့်ပါတယ်။(မဿဲ၅း၂၃-၂၄ကိုဆုတောင်းတိုင်းအရင်ဆင်ခြင်သင့်ပါတယ်။)
ချစ်သောမိတ်ဆွေ
ဒီဆုတောင်းချက်အားဖြင့်ဆင်ခြင်ရမှာက
၁။ပဌာနာတော်နဲ့ဆုတောင်းတိုင်းဘုရားသခင်ပေးတဲ့အပြစ်လွတ်ခြင်း(ငြိမ်သက်ခြင်း)ကိုတကယ်ဘဲခံစားရပြီလော?
၂။ဘာအကြောင်းတရားတွေကြောင့်သူတပါးအပြစ်ကိုမခွင့်လွတ်နိုင်သေးတာလဲ?ဒီအရာကြောင့်ကိုယ့်အပြစ်လွတ်ခြင်းအခွင့်ဆုံးရှုံးနေပြီလော?
၃။ရောက်လေရာတိုင်းမှာကြုံလာသမျှ၊အပြစ်ဆိုတာနဲ့ချက်ခြင်းဘုရားမကြိုတ်မှန်းသိတတ်ပြီလော?
ပဌာနာတော် (အပိုင်း ၇)
အပြစ်သွေးဆောင်ရာသို့မလိုက်မပါစေဘဲမကောင်းသောအမှုအရာမှလည်းကယ်နှုတ်တော်မူပါ။ (မဿဲ ၆:၁၃)
စကားနှစ်ခွန်းဖြစ်ပေမဲ့ဆုတောင်းချက်ကတော့တခုထဲဖြစ်ပါတယ်။”မကောင်းသောအမှုအရာ”ဆိုတာ”အပြစ်သွေးဆောင်ရာ”သို့လိုက်ပါသွားမိတဲ့ရလဒ်ပါဘဲ။ဒါကြောင့်အပြစ်သွေးဆောင်ရာသို့မလိုက်ပါမိဖို့ဆုတောင်းခြင်းဟာအင်မတန်မှအရေးကြီးပါတယ်။အကယ်လို့များအပြစ်သွေးဆောင်ရာသို့လိုက်ပါသွားခဲ့မိခဲ့ရင်လည်းအဲဒီမကောင်းမှုထဲကနေကယ်နုတ်ပေးပါလို့တခါထဲဆုတောင်းထားတာဖြစ်ပါတယ်။
“အပြစ်သွေးဆောင်ရာ”ဆိုတာဘာလဲ?
ဥပမာ…သင်မူးယစ်ဆေးဝါးမသောက်တော့ဘူးလို့ခရစ်တော်၌ဆုံးဖြတ်ထားပြီဆိုပါစို့၊ဒါပေမဲ့ခုဘဲ သောက်ဖော်စားဖက်တွေနဲ့လာတွေ့ပြီးအဆင့်မြင့်မြင့်တိုက်မည်လိုက်မလားဘာညာပေါ့…လောင်းကစားမလုပ်တော့ဘူးလို့သက်သေခံပြီးပြီ၊ဒါပေမဲ့ပွဲကောင်းတွေနဲ့လာလာတိုးပြန်တယ်….ဘုရားကျောင်းတက်ဖို့မပျက်ကွက်တော့ဘူးဆုံးဖြတ်ကာစရှိသေး၊ဘုရားကျောင်းတက်ချိန်ရောက်တိုင်းအရေးကြီးကိစ္စကပေါ်ပေါ်လာ…ဝတ်ပြုချိန်ဖုန်းမပွတ်တော့ဘူးဆုံးဖြတ်၊ဝတ်ပြုချိန်မှအရေးကြီးဖုန်းဝင်လာ….မုသာနဲ့ဆဲဆိုတာမပြောတော့ဘူးဘဲရှိသေးအခြေနေကြုံလာပြန်ပြီ…နောက်…အခြားအရာမြောက်များစွာ…။
ဒါတွေဟာ”အပြစ်သွေးဆောင်ရာ”ပါဘဲ၊ဒီအရာနောက်မလိုက်မပါမိစေရန်နေ့တိုင်းဆုတောင်းဖို့သခင်ယေရှုသွန်သင်ခဲ့တာပါ။ဘာကြောင့်လဲဆိုတော့ယုံကြည်ခြင်းမခိုင်ခဲ့ရင်မကောင်းမှုထဲရောက်မှာမို့ပါ။တခါတလေမကောင်းမှုထဲမထင်မှတ်ဘဲရုတ်တရက်ရောက်သွားခဲ့တတ်ပါတယ်၊ဒီချိန်မှာအဲဒီမကောင်းမှုအရာထဲကနေကယ်နုတ်ဖို့ဘုရားသခင်ဆီဆုတောင်းတာဖြစ်တယ်။
ချစ်သောမိတ်ဆွေ ဒီဆုတောင်းချက်အားဖြင့်…
၁။အပြစ်သွေးဆောင်ရာသို့မလိုက်ပါဖို့ဆုတောင်းပြီးကိုယ်တိုင်အပြစ်သွေးဆောင်ရာသို့လျှောက်လှမ်းနေသလား?
၂။မကောင်းသောအမှုအရာမှလည်းကယ်နုတ်တော်မူပါလို့ နေ့တိုင်းဆုတောင်းပြီးမကောင်းမှုအရာမှာပျော်ရွှင်မူးယစ် နေသလား?
ပဌာနာတော် (အပိုင်း ၈ နိဂုံး )
အစိုးပိုင်သောအခွင့်နှင့်ဘုန်းတန်ခိုးအာနုဘော်သည်ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏။ အာမင် (မဿဲ၆:၁၃)
ပဌာနာတော်ကိုသင်ပေးခဲ့တဲ့သူဟာဘုရားစိတ်ကိုအားလုံးသိသလိုလူစိတ်ကိုလဲအားလုံးသိနေတဲ့သူဘဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဘာသာရေးပေါင်းများစွာကဆုတောင်းခြင်းဟာဘုရားကလူတွေရဲ့အလိုကိုသိဖို့ဘဲဖြစ်ပေမဲ့အခုပဌနာတော်ရဲ့သွန်သင်ချက်ဟာဆိုရင်လူကဘုရားအလိုတော်သိဖို့ဖြစ်နေပါတယ်။အကယ်၍ယေရှုခရစ်ဟာဘုရားမဟုတ်ရင်ဘုရားအလိုတော်သိမှာမဟုတ်သလို၊လူသားအဖြစ်မမွေးဖွားခဲ့ရင်လူတွေကငါတို့လိုအပ်ချက်ကိုယေရှုမသိဘူးလို့ပြောကြပါလိမ့်မယ်။ဒါကြောင့်ယေရှုခရစ်ဟာဘုရားနဲ့လူကြားမှာရှိနေတဲ့တခုတည်းသောပေါင်းကူးဖြစ်သောကြောင့်ပဌာနာတော်ကိုအသင့်တော်ဆုံးနဲ့အကောင်းဆုံးသင်ပေးခဲ့တာဖြစ်ပါတယ်။
ပဌာနာတော်ရဲ့နောက်ဆုံးဆုတောင်းချက်မှာဘာလို့”အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏။ အာမင်”လို့ဆုတောင်းရသလဲ?ဒီနေရာမှာဆိုလိုတာကကောင်းကင်နဲ့မြေကြီးစကြာဝဠာရှိသမျှအာဏာစက်နဲ့ဘုန်းတန်ခိုးဟာဘုရားမှာတည်ရှိနေကြောင်းဝန်ခံခြင်းဖြစ်တယ်။ဒီလိုဆုတောင်းခြင်းအားဖြင့်ဘုရားကအုပ်စိုးသူ၊ကျနော်ကအုပ်စိုးခံဖြစ်ကြောင်း၊ဘုန်းတန်ခိုးဟာဘုရားမှာတည်ရှိတယ်၊ကျနော်ဘာမှကြွားစရာမရှိကြောင်းသက်ရောက်တယ်။
ချစ်သောမိတ်ဆွေ
ဒီနေ့စဉ်းစားရမှာကအစိုးပိုင်သောအခွင့်နဲ့ဘုန်းတန်ခိုးဘယ်ကလာသလဲ?ဘုရားကနေပါ။ဘုရားသာအစိုးပိုင်သောအခွင့်နဲ့ဘုန်းတန်ခိုးကိုလူတယောက်ကနေယူပစ်မယ်ဆိုရင်ခဏအတွင်းမှာအာဏာပျောက်ပြီးအနှိမ့်ဆုံးဘဝသို့ရောက်သွားနိုင်ပါတယ်။ဘုရားတင်မြောက်မယ်ဆိုရင်လဲအနှိမ့်ဆုံးကနေအမြင့်ဆုံးသို့ရောက်နိုင်ပါတယ်။
“အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏။”ဆိုတာချီးမွမ်းခြင်းဖြင့်ဝန်ခံခြင်းဖြစ်တယ်မိတ်ဆွေ။ဘုရားဆီမှာဆုတောင်းတိုင်းဒါပေးပါဟိုဟာပေးပါလို့တောင်းပြီး၊ဝန်ခံချီးမွမ်းခြင်းမရှိတာဟာဘုရားနှစ်သက်မည်မဟုတ်ပါ။ဘာကြောင့်ဝန်ခံချီးမွမ်းသလဲ?ဟေဗြဲဩဝါဒစာ ၁၁:၁မှာ”ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြု ခြင်းဖြစ်၏။ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏။”ဆိုတဲ့အတိုင်းကိုယ့်ဆုတောင်းချက်ကိုအတည်ပြုခြင်းဖြစ်တယ်။ဆုတောင်းထားတာမပြည့်စုံခင်ပြည့်စုံမယ်လို့ယုံကြည်တဲ့သဘောပါ၊ဟာလေလုယာ။
ပဌာနာတော်ရဲ့အဆုံးမှာ”အာမင်”လို့အဆုံးသတ်ထားပါတယ်။အာမင်ဆိုတာဟီဘရူး(Hebrew)ဘာသာစကားပါ။အဓိပ္ပာယ်ကတော့တိကျသေချာစွာနားလည်ပြီးယုံကြည်ထောက်ခံခြင်းဖြစ်ပါတယ်။ဥပမာ သဘောတူလက်မှတ်ထိုးခြင်းလိုပါဘဲ။”မှန်တယ်၊ဒီတိုင်းဖြစ်ပါစေ”
(so let it be)…လို့အဓိပ္ပာယ်သက်ရောက်ပါတယ်။
သင်ဆုတောင်းတိုင်းမှာနှိမ့်ချသောစိတ်နဲ့ဝန်ခံချီးမွမ်းခြင်းရှိနေပြီလားမိတ်ဆွေ။