• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သမ္မာကျမ်းစာထဲမှစံပြဖခင်(၆)ဦး

ဆရာရဲမင်း

10 月 16, 2024

သမ္မာကျမ်းစာထဲမှစံပြဖခင်(၆)ဦး
Ye Ming(ပတ္တမြားမြေ)

၁။ဧနောက်(ကမ္ဘာ၅:၂၁-၂၄)
ဧနောက်ဟာသားမသုရှလကိုရပြီးနောက်မိသားစုနဲ့အတူနေရင်းအနှစ်သုံးရာပတ်လုံးဘုရားသခင်နှင့်အတူသွားလာပြီးသားသမီးများပြန်ရတယ်ဆိုပါတယ်။သဘောကဒီဖခင်ဟာအလုပ်တဖက်မိသားစုတဖက်ဖြစ်ပေမယ့်ဘုရားသခင်နဲ့အတူသွားလာတတ်သောဖခင်ဖြစ်ပါတယ်။ဘုရားနဲ့အတူသွားလာတယ်ဆိုတာမိသားစုကိုပစ်ခဲ့ပြီးတောထွက်တရားကျင့်တာမျိုးမဟုတ်ကြောင်း၊အလုပ်တဖက်မိသားစုတဖက်နဲ့လဲကျမ်းစာဖက်ဆုတောင်းဝတ်ပြုခြင်းပါဝင်ပြီးဘုရားသခင်နဲ့အတူသွားလာလို့ရကြောင်းယနေ့အလုပ်တဖက်မိသားစုရေးနဲ့ဆင်ခြေပေးနေတတ်တဲ့ဖခင်တွေသိဖို့လိုပါတယ်။

၂။နောဧ(ကမ္ဘာ၆:၉-၁၆၊၂၂၊၇: ၆-၇)
နောဧဟာလဲမိသားစုတဖက်နဲ့ဘဲဘုရားနဲ့အတူသွားလာပြီးဖြောင့်မတ်သောသူဖြစ်ကြောင်းကျမ်းစာကဆိုထားပါတယ်။နောဧဟာသူအသက်ရှင်နေခဲ့ရတဲ့ခေတ်ကအင်မတန်ဆိုးရွားပေမယ့်သူကတော့ဘုရားကိုရိုသေကိုင်းရှိုင်းသာမက၊သူ့မိသားစုကိုပါဘုရားတရားရိုသေဖို့သွန်သင်ထားသူပါ။ဒါကြောင့်လဲဘုရားသခင်ကအဲဒီခေတ်ကလူတွေကိုအကုန်သုတ်သင်တဲ့အခါသူနဲ့သူ့မိသားစုဟာနာခံခြင်းအားဖြင့်သင်္ဘောကြီးတည်ဆောက်ပြီးကယ်တင်ခြင်းရခဲ့တာပါ။ယနေ့ဖခင်တွေအတွက်မိမိသားသမီးတွေကိုဘုရားတရားရိုသေကိုင်းရှိုင်းတတ်လာအောင်သွန်သင်ပေးဖို့တွန်းအားဖြစ်စေပါတယ်။

၃။အာဗြံဟံ(ကမ္ဘာ၂၄:၁-၄)
အာဗြံဟံဟာနာခံခြင်းအားဖြင့်ယုံကြည်ခြင်းဖခင်ဖြစ်ခဲ့သလို၊သားအတွက်ဘုရားတရားမှာစံပြဖခင်လဲဖြစ်ခဲ့ပါတယ်။အထူးသဖြင့်သားအတွက်မိန်းမယူပေးတဲ့အခါ ခါနန်ပြည်ကရုပ်တုကိုးကွယ်တဲ့အမျိုးသမီးကိုမယူစေဘဲ၊ဘုရားကိုသိတဲ့အမျိုးသမီးတစ်ယောက်ရဖို့ဝေးလံလတဲ့သူ့နေရာအရောက်သွားရှာစေခဲ့ပါတယ်။ယနေ့ယုံကြည်သူဖခင်များအတွက်လဲမိမိသားသမီးတွေအတွက်ထမ်းပိုးညီတဲ့အိမ်ထောင်ဖြစ်အောင်စီစဉ်လမ်းပြပေးဖို့တာဝန်အပြည့်ရှိနေပါတယ်။

၄။ယောရှု(ယောရှု၂၄:၁၄-၁၅)
ယောရှုဟာမောရှေရဲ့ဆက်ခံသူဖြစ်လို့ဣသရေလလူတွေကိုခါနန်ပြည်ထိနောက်ဆုံးခေါ်ဆောင်လာခဲ့သူပါ။စစ်ငြိမ်းပြီးကိုယ့်နေရာကိုယ်ရကြတဲ့အခါယောရှုကဣသရေလလူအပေါင်းကိုထာဝရဘုရားကိုကိုးကွယ်ကြမလားမကိုးကွယ်ကြဘူးလားရွှေးချယ်ခိုင်းခဲ့ပါတယ်၊သူကိုယ်တိုင်ကတော့အားလုံးရှေ့မှာ “ငါနှင့်ငါ့အိမ်သား ဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်”လို့ရဲရဲတောက်ဝန်ခံပြောဆိုခဲ့တဲ့အိမ်ထောင်ဦးစီးဖခင်ဖြစ်ပါတယ်။ယနေ့ယုံကြည်သူဖခင်တွေဟာလဲကိုယ့်မိသားစုဝင်အားလုံးကိုထာဝရဘုရားကိုဘဲကိုးကွယ်ဖို့သွေးဆောင်ရပါမယ်။

၅။ဇေဗေဒဲ(မဿဲ၄:၂၁-၂၂)
တမန်တော်ယာကုပ်နဲ့ယောဟန်ရဲ့ဖခင်ဖြစ်ပါတယ်။နဂိုဂါလိလဲကတံငှါသည်မိသားစုလေးပါ။ဖခင်နဲ့အတူသားနှစ်ယောက်ငါးဖမ်းပြီးပိုက်ကွန်ပြင်နေတဲ့အခါသားနှစ်ယောက်ကိုခရစ်တော်ခေါ်ဖိတ်ခဲ့ပါတယ်။သားနှစ်ယောက်လုံးကချက်ချင်းအလုပ်နဲ့ဖခင်ကိုထားခဲ့ပြီးခရစ်တော်နောက်လိုက်သွားတာကိုဖခင်မကန့်ကွက်ခဲ့ပါ။အမှုတော်ဆောင်ဖို့သဘောတူပေးပြီးတွန်းအားဖြစ်စေခဲ့ပါတယ်။ယနေ့ယုံကြည်သူဖခင်တွေအတွက်မိမိသားသမီးအပြင်လောကမှာဘယ်လောက်အောင်မြင်နေပါစေအမှုတော်ဆောင်ဖို့သူတို့ဆုံးဖြတ်လာတဲ့အခါမကန့်ကွက်ဘဲတွန်းအားပေးဖို့လိုပါတယ်။

၆။ကော်နေလိ(တမန်၁၀:၁-၄၊၂၄)
ကဲသရိမြို့ကဣတလိတပ်မူးတစ်ယောက်ပါ။မိသားစုကိုဦးဆောင်ပြီးဘုရားတရားကိုင်းရှိုင်းတတ်သူဖြစ်ပြီးစွန့်ကြဲတတ်တဲ့သူလဲဖြစ်ကြောင်းကျမ်းစာကဆိုထားပါတယ်၊နိုင်ငံ့အစိုးရပေါ်တာဝန်ကျေပြီးတချိန်ထဲမှာဘုရားပေါ်သစ္စာရှိသူပါ။မိသားစုဝင်သာမကဆွေမျိုးသားချင်းတွေကိုပါစုဝေးပြီးဘုရားလူကိုခေါ်ပင့်တရားပြခိုင်းစေခဲ့သူပါ။ဒီလိုဖခင်မျိုးကအင်မတန်ရှားပါးနေပါပြီ။ယနေ့ယုံကြည်သူဖခင်များစံနမူနာယူသင့်ပါပေတယ်။

Ye Ming(ပတ္တမြားမြေ)