ဝိညာဉ်ဆုကျေးဇူးကိုတောင်းလို့ရလား
Ye Ming – RubyLand
ဆုကျေးဇူးဆိုတာဝိညာဉ်တော်ဘုရားကသူ့အလိုတော်အတိုင်းယုံကြည်သူတွေကိုခွဲခန့်ပေးတာဖြစ်တယ်(၁ကော၁၂:၁၁)။ယုံကြည်ပြီးကယ်တင်ခြင်းရတဲ့အချိန်ပေးတာရှိသလိုကယ်တင်ခြင်းရပြီးနောက်မှပေးတာလည်းရှိတယ်။တချို့ဆရာကဝိညာဥ်ဆုကျေးဇူးဟာတောင်းလို့မရတော့ဘူးပြောနေကြတာမို့၊ဆုကျေးဇူးကိုဘုရားဆီတောင်းလို့ရသလိုဘုရားလည်းပေးနိုင်ကြောင်းတင်ပြပါမယ်။
ကျမ်းစာကအတိကျဒီလိုသွန်သင်တယ်
(၁ကော၁၄:၁ ချစ်ခြင်းမေတ္တာကို မီအောင်လိုက်ကြလော့။ ဝိညာဉ်ဆုကျေးဇူးတို့ကို အလွန်အလိုရှိသည်တွင်၊ ပရောဖက်ပြု(မူရင်းမှာတရားဟောခြင်း)ရသော အခွင့်ကို သာ၍ လိုချင်သောစိတ် ရှိကြလော့။)
နောက်ပြီး(၁ကော၁၂:၃၁ သင်တို့မူကား ပို၍မြတ်သောဆုကကျေးဇူး(မေတ္တာ)တို့ကို အလွန်လိုချင်သောစိတ်ရှိကြလော့။)
ဒီကျမ်းချက်တွေထဲက”အလွန်လိုချင်သောစိတ်”ရှိပါဆိုတာမရှိသေးတာကိုရှိအောင်တောင်းလို့ရကြောင်းဖော်ပြနေတာပါ။အမြတ်ဆုံးဆုကျေးဇူးဖြစ်တဲ့ချစ်ခြင်းမေတ္တာကိုရဖို့လိုက်စားဖို့ရှင်ပေါလုကသွန်သင်နေတာပါ။
ပိုပြီးရှင်းလင်းတာက
(၁ ကော၁၄:၁၂-၁၃ သို့ဖြစ်၍ သင်တို့သည် ဝိညာဉ်ဆုကျေးဇူးတော်တို့ကို အလွန်အလိုရှိကြသည်တွင်၊ အသင်းတော်ကို တည်ဆောက်ခြင်းငှာ ကြွယ်ဝပြည့်စုံမည်အကြောင်း ကြိုးစားကြလော့။ထိုကြောင့် အခြားသော ဘာသာစကားကို ပြန်ပြောသောသူသည်၊ အနက်ကိုလည်း ဖော်ပြနိုင်မည်အကြောင်း ဆုတောင်းစေ။)
ဒီကျမ်းချက်ထဲက”ကြိုးစားကြလော့”ဆိုတာမူရင်းမှာ“လိုချင်ပါ၊ရဖို့လိုက်စားပါ”လို့လည်းသက်ရောက်တယ်။”ဆုတောင်းစေ”ဆိုတာကတော့ရှင်းနေရောဘဲ။တောင်းစေလို့ကျမ်းစာကပြောတာကိုတောင်းလို့မရဘူးလို့ဒဲ့သွန်သင်နေတာတော့ပညာမဲ့လွန်းရာကျပါတယ်။
နောက်တခု
(၁ တိမောသေ၄:၁၄ ဗျာဒိတ်တော်ကို ခံ၍၊ သင်းအုပ်(အသင်းတော်လူကြီး)များတို့သည် လက်တင်ခြင်းနှင့်တကွ၊ သင်၌အပ်ပေးသော ဆုကျေးဇူးကို မပြုစုဘဲမနေနှင့်။)
(၂ တိမောသေ၁:၆ ထိုသို့ဖြစ်၍၊ ငါလက်တင်သောအားဖြင့်၊ သင်၌ ဘုရားသခင်ပေးတော်မူသောဆုကို နှိုးဆော်မည်အကြောင်း၊ ငါသည် သင့်ကိုသတိပေး၏။)
ဒါတွေဟာဆုတောင်းလို့ရကြောင်းနဲ့ဆုကျေးဇူးကိုအမှုတော်ဆောင်ဆရာကြီးတွေရဲ့လက်တင်ဆုတောင်းပေးပြီးလည်းဘုရားဆီတောင်းနိုင်ကြောင်းဖော်ပြနေတာဖြစ်ပါတယ်။
တချို့ဆရာတွေကဝိညာဉ်တော်ရဲ့ဆုကျေးဇူးဟာကယ်တင်ခြင်းရတဲ့ချိန်တခါထဲပေးပြီးဖြစ်ကြောင်း၊ကယ်တင်ခြင်းရပြီးနောက်ဝိညာဥ်တော်ကမပေးတော့ကြောင်းပြောတတ်ကြပါတယ်။အလွန်ပင်မှားပါတယ်။ကယ်တင်ခြင်းရတဲ့ချိန်ပေးတဲ့ဆုကျေးဇူးရှိသလို၊ကယ်တင်ခြင်းရပြီးနောက်မှပေးတဲ့ဆုကျေးဇူးလဲရှိတာသတိပြုပါ။ဥပမာ(တမန်တော်၂:၄)မှာ တမန်တော်တွေဟာယေရှုကိုယုံကြည်ပြီးကယ်တင်ခြင်းရပြီးနောက်မှအမျိုးမျိုးသောဘာသာစကားဆုကျေးဇူး(မီးလျှာကဲ့သို့)ကိုရခဲ့ကြတာပါ။အဲဒီဆုကျေးဇူးရတဲ့ချိန်ကတမန်တော်တွေကယ်တင်ခြင်းရပြီးတဲ့နောက်ပိုင်းမှပါ။ဒီအမျိုးမျိုးသောဘာသာစကားဆုကျေးဇူးကိုဝိညာဉ်ဆုကျေးဇူးမဟုတ်ဘူးလို့ပြောနေသူတောင်ရှိပြန်ပါတယ်၊ဒါကတော့ကျမ်းစာသေချာမဖတ်ဘူးလို့ဘဲမှတ်ချက်ပြုရပါတော့မယ်။
နိဂုံးချုပ်ပြောရရင်
ဝိညာဉ်ဆုကျေးဇူးဆိုတာ
သင်ကယ်တင်ခြင်းရတဲ့ချိန်ပေးပြီးသားရှိသလို၊
သင်ယုံကြည်ပြီးနောက်အသက်တာမှာသင်တောင်းလို့ဘုရားကသူ့အလိုတော်အတိုင်းပေးလာတာလဲရှိကြောင်းဖော်ပြချင်တာဖြစ်ပါတယ်။သတိထားရမှာကတောင်းလို့ရတယ်ဆိုပေမဲ့ဘုရားကတော့သူ့အလိုအတိုင်းပေးမှာသာဖြစ်တယ်။ဒါကြောင့်သင်လိုချင်တဲ့ဆုကျေးဇူးတောင်းသာတောင်း၊ပေးတာမပေးတာဘုရားကဆုံးဖြတ်လိမ့်မယ်။ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။
မူရင်း-ဆရာရဲမင်း