ကျန်းမာချမ်းသာဒေသနာနှင့်ကားတိုင်တရားကွာခြားချက်
၁။ကျန်းမာချမ်းသာဒေသနာကခေတ္တကျန်းမာချမ်းသာခြင်းကိုဗဟိုပြုတယ်။ကားတိုင်တရားကတော့ထာဝရကျန်းမာချမ်းသာခြင်းဗဟိုပြုတယ်။
(ဖိလိပ္ပိ၃:၁၉-၂၀ထိုသူတို့သည် ပျက်စီးခြင်း၌ လမ်းဆုံးတတ်ကြ၏။ သူတို့၏ ဘုရားမူကား၊ မိမိတို့ဝမ်းပေတည်း။ မိမိတို့ ရှက်ကြောက်ဖွယ်သော အကျင့်၌သာ မိမိတို့ဝါကြွားကြ၏။ လောကီအရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြ၏။ ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မျှော်လင့်လျက်နေကြ၏။)
၂။ကျန်းမာချမ်းသာဒေသနာကဘုရားကိုအသုံးချပြီးလိုချင်တဲ့ကျန်းမာချမ်းသာကိုရအောင်လုပ်ယူတယ်။ကားတိုင်တရားကတော့လိုအပ်လာရင်ရွေငွေတွေအသက်နဲ့ တောင်ပေးဆပ်ပြီးယေရှုဘုရားကိုရအောင်လုပ်ပေးရတယ်။
(ဖိ၃:၈ထိုမျှမက ငါ၏ သခင်ယေရှုခရစ်ကိုသိသော ပညာသည် အဘယ်မျှလောက် မြတ်သည်ကို ထောက်၍၊ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏။)
၃။ကျန်းမာချမ်းသာဒေသနာကလောကနဲ့လောကအရာတွေကိုစွဲလမ်းဖို့ချစ်ဖို့သွန်သင်တယ်။ကားတိုင်တရားကတော့ခေတ္တအရာထက်-အထက်အရာကိုသာစွဲလမ်းဖို့သွန်သင်တယ်။
(ကောလောသဲ၃:၂ မြေကြီးပေါ်မှာရှိသော အရာတို့ကို စွဲလမ်းသောစိတ် မရှိကြနှင့်။ အထက်အရာတို့ကိုသာ စိတ်စွဲလမ်းခြင်း ရှိကြလော့။)
၄။ကျန်းမာချမ်းသာဒေသနာကလူတွေရဲ့အပြစ်တရားနဲ့နောင်တတရားအဓိကမဟောကြဘူး။ကားတိုင်တရားကတော့လူတွေကိုအပြစ်ကနေနောင်တရဖို့အဓိကဟောရတယ်။
(တမန်တော်၂၀:၂၁ဘုရားသခင့်ရှေ့တော်၌ နောင်တရခြင်းတရားကိုလည်းကောင်း၊ ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းတရားကိုလည်းကောင်း၊ ယုဒလူ၊ ဟေလသလူတို့အား သက်သေခံသည် အကြောင်းအရာကို သင်တို့သိကြ၏)
၅။ကျန်းမာချမ်းသာဒေသနာကယုံကြည်သူဒုက္ခဆင်းရဲခံရတာဟာဘုရားအလိုတော်မရှိဘူး၊ဖျားနာဆင်းရဲနေရင်ယုံကြည်သူအစစ်မဟုတ်သလိုလိုပြောတတ်ကြတယ်။ကားတိုင်တရားကတော့ယုံကြည်သူတိုင်းလဲဒုက္ခဆင်းရဲကြုံမှာဖြစ်ကြောင်း၊မတူတာကယုံကြည်သူတွေဟာအဲဒီဒုက္ခဆင်းရဲကိုယေရှုခရစ်အားဖြင့်အောင်မြင်နိုင်ကြောင်းသွန်သင်ပါတယ်။
(ရှင်ယောဟန်၁၆:၃၃သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု မိန့်တော်မူ၏။)
၆။ကျန်းမာချမ်းသာဒေသနာက ယေရှုကိုယုံကြည်ရင်မုချကျန်းမာမယ်-ချမ်းသာမယ်-အောင်မြင်မယ်သာပြောပြီးခရစ်တော်နောက်လိုက်ရင်ပေးဆပ်ရမဲ့ဒုက္ခဆင်းရဲခြင်းအရာတွေတမင်ထိန်ချန်ခဲ့တယ်။ကားတိုင်တရားကတော့ရှင်းတယ်၊ကျန်းမာ-ချမ်းသာ-အောင်မြင်ခြင်းရှိသလိုယုံကြည်သူရဲ့အသက်တာမှာယေရှုခရစ်ကိုယုံကြည်လို့ပေးဆပ်ရမဲ့ မကျန်းမာခြင်း-ဆင်းရဲခြင်း-ကျရှူံးခြင်း-အရှက်ခွဲခံရခြင်းတွေလဲရှိမယ်။ဒါပေမဲ့ဒါတွေကိုဘုရားသခင်ကပေးတဲ့စာမေးပွဲသာဖြစ်တယ်၊ထာဝရမှာသရဖူပြင်ဆင်ထားတယ်ဆိုတာသွန်သင်တယ်။
(ရှင်လုကာ၉:၂၃ထိုမှတစ်ပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။)
ဘုရားသခင်ကသင့်ကိုခေတ္တကျန်းမာချမ်းသာခြင်းထက်
ထာဝရကျန်းမာချမ်းစာစေချင်တဲ့ဘုရားဖြစ်တယ်-အာမင်။ဒါကြောင့်ခေတ္တအရာကိုတောင်းလို့ရတယ်-ဘုရားလဲ ပေးနိုင်တယ်ဆိုပေမဲ့ယုံကြည်မှုရဲ့ပန်းတိုင်လို့လုံးဝ(လုံးဝ)မခံယူမိပါစေနဲ့။ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။
(ရှင်မဿဲ၆:၂၄ အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ သခင်တစ်ဦးကို မှီခို၍ တစ်ဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကိုလည်းကောင်း၊ လောကီစည်းစိမ်၏ အစေကိုလည်းကောင်း မခံနိုင်ကြ။)
မူရင်း-ဆရာရဲမင်း
https://www.facebook.com/100001226263944/posts/9934290183288425/