• 周六. 5 月 23rd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကျန်းမာချမ်းသာတရားကဘာမှားနေလို့လဲဆိုတဲ့အဖြေ

ဆရာရဲမင်း

3 月 20, 2026

ကျန်းမာချမ်းသာတရားကဘာမှားနေလို့လဲဆိုတဲ့အဖြေ

ဆရာရယ် ကျန်းမာချမ်းသာကဘာမှားနေလို့လဲ?ဘုရားကလူကိုကျန်းမာချမ်းသာစေချင်တဲ့ဘုရားဘဲမဟုတ်ဘူးလား?ကျမ်းစာမှာလဲအဲလိုဖော်ပြချက်အများကြီးရှိတာဘဲမဟုတ်ဘူးလား?ဆိုပြီးလာ‌မေးတဲ့သူရှိပါတယ်။
ဟုတ်ကဲ့၊အဲလိုဘဲခံယူရင်မမှားပါဘူး၊ပြဿနာကကျန်းမာချမ်းသာ‌ဒေသနာဆိုတာအဲလောက်ဘဲမဟုတ်တာပါ။ကျန်းမာချမ်းသာ‌ဒေသနာဆိုတာ”စကားလုံး”ကိုဘဲကြည့်ရင်မမှား‌ပါဘူး၊မှန်ပါတယ်ဗျ။

ဥပမာ-အယူလွဲတွေဖြစ်ကြတဲ့-ယေဟောဝါသက်သေခံအဖွဲ့၊အနန္တတန်ခိုးရှင်အသင်းတော်အဖွဲ့၊ကောင်းကင်သစ်မြေကြီးသစ်ယေရှုအသင်း၊မော်မုန်ဆိုတဲ့ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်…စသဖြင့်အဖွဲ့ကိုလည်းအမည်နာမနဲ့အခေါ်အဝေါ်ကိုဘဲကြည့်ကြည့်ပါ-ဘာမှအမှားမရှိပါဘူး။ကျမ်းစာအရချိန်ထိုးမယ်ဆိုရင်လဲဒီအမည်နာမတွေကမှန်နေတာဘဲ‌လေ။ဒါပေမဲ့-ဒီအခေါ်အဝေါ်အောက်မှာခံယူနေကြတဲ့ခံယူချက်ကကျမ်းစာနဲ့လုံးဝဆန့်ကျင်နေတာကိုလေ့လာမှတွေ့ရပါမယ်။

ဥပမာ-ယေဟောဝါသက်သေခံအဖွဲ့ဆိုရင်ယေရှုကိုဘုရားပါလို့လက်မခံကြဘူး။အနန္တတန်ခိုးရှင်အသင်းတော်အဖွဲ့ဆိုရင်တရုတ်မကိုယေရှုပါလို့ခံယူကြပြန်ရော။ကောင်းကင်သစ်မြေကြီးသစ်ယေရှုအသင်းဆိုရင်သူတို့ရဲ့ခေါင်းဆောင်လီမန်ဟီကိုကယ်တင်ရှင်အဖြစ်ခံယူကြတာ။မော်မုန်ဆိုရင်ကျမ်းစာကိုတောင်မယုံကြဘူး။
ဒါကြောင့်အဖွဲ့အစည်းတစ်ခု(သို့မဟုတ်)တရား‌ဒေသနာတခုကိုမှားမှန်ပိုင်းဖြတ်တဲ့အခါသူ့အဖွဲ့ရဲ့‌အခေါ်အဝေါ်(ခေါင်းစဉ်)တခုကိုဘဲကြည့်ပြီးဆုံးဖြတ်လို့မရပါဘူး၊အတွင်းကျကျဘာကိုယုံကြည်လက်ခံ‌နေကြတာလဲဆိုတာကိုလေ့လာမှမှား/မှန်သိရတာပါ။

အလားတူပါဘဲ-
ကျန်းမာချမ်းသာတရားဆိုတာအခေါ်အဝေါ်အရဘဲကြည့်ရင်မမှားဘူး၊ဒီအခေါ်အဝေါ်ကိုဘဲကျမ်းစာနဲ့သွားချိန်ထိုး နေရင်အကုန်မှန်နေမယ်။ဒါပေမဲ့အဲဒီတရားအောက်မှာအမှားတွေအများကြီးပါနေတာလေ့လာမှမြင်ရပါမယ်။
မြင်သာအောင်အနည်းငယ်ချပြပါမယ်။
ကျန်းမာချမ်းသာတရားမှားတယ်ဆိုတာကယုံကြည်သူတွေမကျန်းမာရဘူး၊မချမ်းသာရဘူးလို့ပြောနေတာကြောင့်မဟုတ်သလို၊ဘုရားအလိုတော်ကဆင်းဆင်းရဲရဲနေမှရမယ်ဆိုတာမျိုး ကြောင့်လဲမဟုတ်ရပါဘူး။

ကျန်းမာချမ်းသာတရားကမှားတယ်ဆိုတာ
၁။ယုံကြည်သူတိုင်းကျန်းမာချမ်းသာနေရမယ်ဆိုပြီးမကျန်းမာ/မချမ်းသာတဲ့သူကယုံကြည်ခြင်းမရှိသလို(ယေရှုကိုမရသေးလိုဆင်းရဲနေတာလို့)ဟောနေတာကမှားတာပါ။(ယုံကြည်သူမှန်ရင်ဆင်းရဲ‌ပြီးရောဂါရှိနေရမယ်ဆိုတာမျိုးလည်းမှားပါတယ်)။အမှန်ကယုံကြည်သူတွေထဲမှာကျန်းမာသူရှိသလို‌ရောဂါသည်လဲရှိပါတယ်။ချမ်းသာသူရှိသလိုဆင်းရဲသူလဲရှိနေပါတယ်။ဆင်းရဲချမ်းသာ-ကျန်းမာမကျန်းမာနဲ့စံချိန်ပြီးယုံကြည်သူစစ်/မစစ်သွားတိုင်းတာလို့မရတာပါ။ဒီအရာတွေကယုံကြည်သူစစ်ခြင်းမစစ်ခြင်းနဲ့တိုက်ရိုက်မသက်ဆိုင်တာပါ။ချမ်းသာချင်တာအပြစ်မဟုတ်သလိုဆင်းရဲနေတာလဲအပြစ်ဖြစ်မသွားပါ။

၂။ယေရှုကိုယုံကြည်တဲ့သူတိုင်းရောဂါလုံးဝမကူးနိုင်ဘူးဆိုတာမှားပါတယ်။အမှန်ကစစ်မှန်တဲ့ယုံကြည်သူတိုင်းလဲရောဂါ(အသေး/အကြီးကအစ)ကူးတတ်တယ်ဆိုတာသိထားရပါမယ်။ သက်သေအနေနဲ့ကိုဗစ်တုန်းကအဲလိုဟောခဲ့တဲ့ဆရာကိုယ်တိုင်ကိုဗစ်ကူးခဲ့တာသတိရပါ။ကမ္ဘာကျော်ကျန်းမာချမ်းသာဒေသနာဆရာကြီးတစ်ယောက်ဆိုရင်ဆေးရုံပါတင်လိုက်ရ‌ပါသေးတယ်။မြန်မာပြည်မှာကျန်းမာချမ်းသာဟော‌နေတဲ့ဆရာတွေလည်းပါဝါမျက်မှန်တပ်ပြီးဖျားရင်ဆေးရုံဆေးခန်းသွားနေရတာပါဘဲ၊ဒါသတိပြုကြည့်ပါ။အမှန်ကယုံကြည်သူတွေရောဂါရတတ်လို့ကိုကဘုရားရဲ့ကုသခြင်းဆိုတာရှိ‌နေတာဘဲမဟုတ်လား။(ရှင်ယောဟန်၁၁:၃ မှာ ယေရှုချစ်တဲ့လာဇရုဖျားနေတာကိုသတိပြုကြည့်ပါ။)

၃။ယေရှုကိုယုံယုံကြည်ကြည်ဆုတောင်းရင်ပိုက်ဆံအိတ်ထဲငွေအလိုလိုပွားများလာမယ်၊ဘဏ်ကဒ်ထဲငွေအမောက်သူ့အလိုလိုတိုးလာမယ်၊ဆုတောင်းရင်အရပ်ပုသူအရပ်ရှည်လာမယ်ဆိုတာမျိုးကလုံးဝ(လုံးဝ)မှားနေပါတယ်။ဘုရားသခင်မတတ်နိုင်တာမဟုတ်ပါဘူး၊အဓိပ္ပာယ်မရှိတာ တွေဘုရားမလုပ်တာပါ။အမှန်ကကျမ်းစာမှာလူကိုအလုပ်ကြိုးစားလုပ်ဖို့သာသွန်သင်ပါတယ်။ရေသာခိုဖို့မသွန်သင်ထားသလိုပါ။အရပ်ပုနေတဲ့ဇက္ခဲကိုတောင်ယေရှုကအရပ်ရှည်အောင်မလုပ်ပေးခဲ့ပါဘူး၊အသက်တာပြောင်းလဲအောင်သာလုပ်ပေးခဲ့တာပါ။(၁တိ၆:၁၀မှာငွေတပ်မက်ခြင်းဟာမကောင်းမှုရဲ့အမြစ်တည်ရာဖြစ်တယ်လို့ဖော်ပြပါတယ်)

၄။ယေရှုကိုယုံကြည်နေရခြင်းရဲ့အဓိကရည်ရွယ်ချက်ကဒီဘဝမှာကျန်းမာဖို့ချမ်းသာဖို့သာဖြစ်တယ်ဆိုတာလုံးဝမှားနေပါတယ်။အမှန်ကကျမ်းစာထဲမှာခေတ္တအရာထက်ထာဝရအရာကိုသာ၍စွဲလမ်းဖို့အဓိကသွန်သင်ပါတယ်။‌ နောက်ပြီး”ကျွန်တော်ကတော့ကောင်းကင်မရောက်ခင်လောကမှာချမ်းချမ်းသာသာဘဲနေသွားမယ်”လို့ခံယူတာမမှားပေမဲ့၊ဆင်းရဲနေသူကယေရှုကိုမရသေးသူတွေပါလို့ဟောပြောရင်မှားပါပြီ။(၁ကော၁၅:၁၉မှာ ယေရှုကိုယုံကြည်ခြင်းကခေတ္တအကျိုးသာရရင်သနားစရာလူဖြစ်နေမယ်လို့သတိပေးထားပါတယ်)

၅။ပိုပေးလှူနိုင်မှပိုပြီးကောင်းကြီးရမယ်၊ဒါကြောင့်ကောင်းကြီးများများရချင်ရင်များများပေးလှူပါဆိုတာမျိုးကမှားနေပါတယ်။ပေးလှူမှုမှာကောင်းကြီးကတိတော်မရှိတာတော့မဟုတ်ပါဘူး၊ဒါပေမဲ့ယုံကြည်သူတွေပေးလှူခြင်းဟာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုပြန်လည်တုန့်ပြန်တဲ့အနေနဲ့ကျေးဇူးတင်သောအားဖြင့်ချီးမွမ်းပေးလှူရတာပါ၊လောဘကြီးပြီးလောင်းကစားလုပ်သလိုများများလောင်းများများရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေးလှူလို့မရပါ။ကျန်းမာချမ်းသာ‌ ဒေသနာဆရာတွေကတော့ငွေရဖို့အဲလိုဘဲဟောကြမှာပါ။ဒါကြောင့်ဆရာတွေကသူဌေးဖြစ်သွားပြီးနောက်လိုက်တွေကမွဲကုန်ကြတာပေါ့ဗျာ။

၆။ငါချမ်းသာမှဘဲဆင်းရဲသားကိုပေးကန်းနိုင်မယ်၊ဘုရားဘုန်းထင်ရှားမယ်လို့ခံ‌ယူနေတာမျိုးကမှန်သလိုထင်ရပေမဲ့သတိထားရမဲ့အချက်တချို့ရှိနေပါတယ်။ချမ်းသာလာရင်ဘုရားအတွက်ဆက်ကပ်မယ်ဆိုတဲ့စိတ်ထားကမှန်ပေမဲ့၊ချမ်းသာလာမှဘုရားကိုဆက်ကပ်လို့ရမယ်တို့၊ချမ်းသာလာမှဘုရားဘုန်းထင်ရှားမယ်လို့ခံယူနေတာကမှားနေတာပါ။ယုံကြည်သူတိုင်းရဲ့အသက်တာမှာဆင်းရဲချမ်းသာမရွေးဘုရားအတွက်အဖက်ဖက်ကနေဆက်ကပ်လို့ရသလို၊ဆင်းရဲချမ်းသာမရွေးဘုရားဘုန်းထင်ရှားအောင်အသက်ရှင်နေထိုင်လို့ရပါတယ်။ဒါကြောင့်ချမ်းသာအောင်ဆုတောင်းလို့ရတယ်ဆိုပေမဲ့၊ချမ်းသာမှအမှုတော်ဆောင်လို့ရမယ်ခံယူနေတာကမှားပါတယ်။

ဒီအထက်ပါ(၆)ချက်က
ကျန်းမာချမ်းသာဒေသနာ ဘယ်မှာမှားနေလဲဆိုတာထင်သာမြင်သာအောင်အနည်းငယ်သာ မီးမောင်းထိုးချပြလိုက်တာပါ။သေချာ လေ့လာရင်ဒီထက်လွဲတာတွေအများကြီးတွေ့ရပါလိမ့်မည်။ဒီလောက်ဆိုရင်ကျန်းမာချမ်းသာဒေသနာဘာတွေမှားနေသလဲဆိုတာမြင်လာပါမယ်။တိုက်ခိုက်အငြင်းပွားနေခြင်းမဟုတ်ပါဘူး၊ယုံကြည်သူတွေမေးလာတဲ့မေးခွန်းကိုအားလုံးဖတ်ရှုလို့ရအောင်-ဖတ်ရှုပြီးရင်လွတ်လပ်စွာခံယူလို့ရအောင်တင်ပေးတာဖြစ်ပါတယ်။
ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။

မူရင်း-ဆရာရဲမင်း