• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကျန်းမာချမ်းသာတရားရဲ့အလွဲများ(Prosperity Theology)

ဆရာရဲမင်း

11 月 11, 2024

ကျန်းမာချမ်းသာတရားရဲ့အလွဲများ(Prosperity Theology)

နိဒါန်း
“ကျန်းမာချမ်းသာတရား”(Health & Wealth Gospel)သို့မဟုတ်တိုးပွားအောင်မြင်ခြင်းသီအိုလော်ဂျီ(Prosperity Theology)ဆိုတာစကားလုံးအရနားလည်ရရင်ယုံကြည်သူ‌တွေချမ်းသာကျန်းမာဖို့တရားပါ၊ဒါဟာအင်မတန်ကောင်းမွန်ပြီးကျမ်းစာထဲကဘုရားပေးထားတဲ့ကတိ‌ တော်ကောင်းကြီးမင်္ဂလာပါဘဲ။ဒါပေမယ့်ကျမ်းစာထဲကျန်းမာခြင်းချမ်းသာခြင်းကိုဘဲနုတ်ယူ‌ ဟောပြောပြီးယုံကြည်သူတွေ ပေးဆပ်ရမယ့်ကားတိုင်လမ်းကိုထိန်ချန်ထားခဲ့တာကတစ်ဝက်ကိုသာချပြတဲ့တရား‌ဒေသနာ‌ဖြစ်နေပါပြီ။ဒါဟာခရစ်ယာန်အဖွဲ့အစည်းတခုမဟုတ်ဘဲ“ခရစ်ယာန်မှန်ရင်မုချကျန်းမာ‌နေရမယ်၊မုချချမ်းသာ‌နေရမယ်”ဆိုတဲ့တစ်ခြမ်းပဲ့အစွန်း‌ရောက်အဓမ္မတရားပါ။
ဒီကျန်းမာချမ်းသာတရားကို၁၉၇၀မှာအမေရီကန်ကခရစ်ယာန်ဓမ္မဆရာ Kenneth E. Haginကနေစတင်လာတယ်လို့ဆိုပါတယ်။1983မှာဆွီဒင်မှာကျန်းမာချမ်းသာ‌‌ထွန်းကားလာပြီးခေါင်းဆောင်ဖြစ်လာတာကUlf Ekmanပါ၊အဲဒီကတဆင့်ဒိန်းမတ်နိုင်ငံ၊ပြီးရင်ယ‌နေ့ကမ္ဘာတဝမ်းထိပေါ့။လူတိုင်းကျန်းမာချင်၊ချမ်းသာချင်ကြတဲ့သ‌ဘောရှိတဲ့အတွက်ဒီတရားဟာသမိုင်းတ လျှောက်ကစ၊ယ‌နေ့ထိခရစ်ယာန်လောကမှာလူတွေအင်မတန်နှစ်သက်သဘောကျကြတဲ့တရားမျိုးပါ၊အမေရီကန်မှာနေတဲ့ခရစ်ယာန်တဝက်လောက်ဟာဒီတရားကိုခံယူကြတယ်ဆိုပါတယ်။ယ‌နေ့မြန်မာပြည်မှာလဲနှစ်သက်သူမနည်းပါ။ဒါကြောင့်ဒီစာစုလေးမှာ“ကျန်းမာချမ်းသာတရားရဲ့အလွဲ”ကိုအနည်းငယ်ချပြပါမယ်။

၁။ယုံကြည်သူမှန်ရင်မုချကျန်းမာချမ်းသာရမယ်ဆိုတာကျမ်းစာအရမှားပါတယ်။
ကျန်းမာချမ်းသာတရားဟောဆရာတွေဟာဆင်းရဲ‌နေသူနဲ့ဖျားနာ‌နေသူ‌တွေကိုယုံကြည်ခြင်းမရှိဘူး(ကယ်တင်ခြင်းမရ‌သေးသူ)လို့သတ်မှတ်ထားကြပါတယ်။အမှန်‌တော့သမ္မာကျမ်းစာထဲမှာလည်းကျန်းမာ၊ချမ်းသာ‌၊အောင်မြင်ခြင်းတွေမရှိတာမဟုတ်ပါဘူး။ဒါပေမယ့်ဒီအရာ‌တွေနဲ့ယုံကြည်သူဖြစ်ခြင်းမဖြစ်ခြင်းကိုတိုင်းတာနေတာကမှားတာပါ။ယနေ့ထိအောင်မြင်နေတဲ့ယုံကြည်သူရှိသလိုကျရှုံးခြင်းခံစားနေရတဲ့ယုံကြည်သူရှိတယ်။ယနေ့ထိကျန်းမာနေတဲ့ယုံကြည်သူရှိသလိုရောဂါ‌ရှိနေတဲ့ယုံကြည်သူတွေလဲရှိပါတယ်။ယနေ့ထိဆင်းရဲနေတဲ့ယုံကြည်သူရှိသလိုချမ်းသာတဲ့ယုံကြည်သူရှိပါတယ်။ကျန်းမာချမ်းသာ‌ နေတဲ့သူဟာယုံကြည်ခြင်းကြီးမားနေလို့မဟုတ်သလိုဆင်းရဲရောဂါရှိနေသူတွေလဲမယုံကြည်ကြလို့မဟုတ်ပါ။အချို့က၂ကော၈:၉ကိုယူပြီးယေရှုခရစ်‌ ပေးဆပ်ခဲ့တာသင်စည်းစိမ်ချမ်းသာဖို့အတွက်လို့တလွဲသွန်သင်ကြတာရှိပြန်ပါတယ်၊အမှန်တော့ဒီကျမ်းချက်မှာပေါလုကနေကောရိန္သုအသင်းတော်ကလူ တွေကိုအမှုတော်မြတ်မှာ‌လှူဒါန်းကြဖို့တိုက်သွန်းနေတယ်ဆိုတာအငယ်၁၄မှာဖတ်ရင်သိနိုင်ပါတယ်။ချမ်းသာဖို့ရယူခိုင်းတာမဟုတ်ဘဲရှိ‌နေတဲ့အထဲကနေပေးလှူဖို့ပါ။ဒါကြောင့်ယုံကြည်သူမှန်ရင်ကျန်းမာချမ်းသာရမယ်ရောဂါမရှိရဘူး(သို့မဟုတ်)ယုံကြည်သူမှန်ရင်မုချဆင်းရဲနေရမယ်ဆိုတာမျိုးကသမ္မာကျမ်းစာအရနှစ်ဖက်လုံးမှားနေတာပါဘဲ။

၂။ယုံကြည်သူမှန်ရင်ရောဂါမကူးနိုင်ဘူး၊ရောဂါမရှိနိုင်ဘူးဆိုတာကျမ်းစာအရမှားပါတယ်။
သမ္မာကျမ်းစာအရဘုရားသခင်ကကုသပေးနိုင်ခြင်း၊ကျန်းမာစေနိုင်ခြင်း၊ရောဂါမှကာကွယ်ပေးနိုင်ခြင်းရှိတာအမှန်ပါဘဲ။ဒါပေမယ့်ယုံကြည်တဲ့သူတိုင်းရဲ့‌ ရောဂါမှန်သမျှကိုကုသ‌ပေးမယ်လို့ကျမ်းစာကမဆိုထားပါ၊အလို‌တော်အတိုင်းခန့်ခွဲလုပ်ကိုင်တဲ့ဘုရားပါ။ဘုရားသခင်ကဒီအရာ‌ တွေအားဖြင့်ထာဝရအသက်ကိုမြင်စေရစေချင်တဲ့ရည်ရွယ်ချက်ရှိပါတယ်။ဒါ ကြောင့်ဘုရားသာ၍ဖြစ်စေချင်တာကထာဝရအသက်ရစေဖို့ပါ။ဘယ်ကျန်းမာချမ်းသာတရား‌ ဟောဆရာကမှမအိုမနာမသေဘူးဆိုတာမရှိခဲ့ပါဘူး။အပြစ်နဲ့ပြည့်နက်နေတဲ့လောကကြီးထဲအသက်ရှင်သေးသရွှေ့တော့အိုခြင်း၊နာခြင်း၊‌သေခြင်းကရှိနေအုံးမှာပါ။ဒါကြောင့်လည်းထာဝရအသက်ကိုလိုလားတောင့်တစေဖို့ဘုရားသခင်ကအလိုတော်ရှိတာပါ။‌

၃။ယေရှုသင့်အတွက်ခံသွားပေးပြီမို့သင်လက်ရှိဘဝမှာမုချကျန်းမာပြီချမ်းသာပြီဆိုတာမှားပါတယ်။
၁ ပေ ၂:၂၄ မှာ“ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီး ဒဏ်ချတော်များအားဖြင့် သင်တို့သည် အနာပျောက်လျက်ရှိကြ၏။”ဆိုတဲ့ကျမ်းချက်အားဖြင့်ယုံကြည်သူအများစုက“ယေရှုသင့်အတွက်အကုန်ခံသွားပြီ၊ဒါကြောင့်ယေရှုကိုယုံကြည်လက်ခံရင်အနာရောဂါအကုန်ပျောက်ပြီ”လို့ဟောပြောတတ်ကြပါတယ်၊အဲတော့ရောဂါရှိတဲ့ယုံကြည်သူအတွက်တော့သရော်တဲ့တရားအဖြစ်သက်ရောက်နေပါတယ်၊ရောဂါရှိနေတဲ့ယုံကြည်သူကယေရှုကိုတကယ်မရလို့လား?ယေရှုကိုယုံကြည်လို့ရောဂါမပျောက်ခဲ့ရင်ကိုယ်ကဘဲတကယ်မယုံခဲ့သလိုလိုပြောတတ်ကြပြန်ပါတယ်။တကယ်တမ်းတော့ဒီကျမ်းချက်က‌ခေတ္တလူ့ကိုယ်ခန္ဓာကိုအဓိပြောခြင်းမဟုတ်ဘဲထာဝရဝိညာဉ်ရေးရာနဲ့အပြစ်ကိုရည်ညွန်းပြောထားခြင်းဖြစ်ပါတယ်။ကျန်းမာ‌စေတာချမ်းသာစေတာဘုရားမပေးနိုင်တာမဟုတ်ပါ၊ဒီခေတ္တအရာတွေနဲ့ဘုရားကိုယုံကြည်တာမဟုတ်ဘဲထာဝရအရာကိုမြင်စေချင်တာပါ။ဒါကြောင့်ယေရှုပေးဆပ်သွားတာသည်သင့်အပြစ်အတွက်ဆိုတာသတိရပါ၊သင်ခေတ္တကျန်းမာချမ်းသာဖို့ဆိုတာထက်ထာဝရကျန်းမာချမ်းသာဖို့အတွက်ပါ၊ဟာလေလုယာ။

၄။အာဗြံဟံပဠိညာဉ်အားဖြင့်ယုံကြည်သူတွေလည်းကြီးပွားချမ်းသာမယ်ဆိုတာကျမ်းစာသဘောမဟုတ်ပါ။
ကျန်းမာချမ်းသာတရားဟောဆရာတွေဟာများသောအားဖြင့်ဂလာတိ၃:၁၄ကိုအခြေခံပြီး“အာ​ဗြ​ဟံ​ခံ​ရ​သော ကောင်း​ချီး​မင်္ဂ​လာ​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့၌ သက်​ရောက်​သည်​”လို့ဆိုပြီးဒီကောင်းချီးမင်္ဂလာဟာကြီးပွားချမ်းသာခြင်းဘဲလို့သွန်သင်တတ်ကြပါတယ်။အမှန်‌ တော့အဲဒီကျမ်းချက်ကိုတဝက်ဘဲယူထားပြီးအောက်တခွန်းဖြစ်တဲ့“ငါတို့သည် က​တိ​တော်​နှင့် ယှဉ်​သော ဝိ​ညာဉ်​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ခံ​ရ​ကြ​မည်​အ​ကြောင်း​တည်း။”ဆိုတာကိုထိန်ချန်ခဲ့လို့ပါ။အမှန်တော့ကျမ်းချက်ရဲ့အဓိကဆိုလိုရင်းဟာသန့်ရှင်းသောဝိညာဉ်တော်ကိုဆက်ခံခြင်းဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်သူတိုင်းကျမ်းစာစေ့စေ့ဖတ်ရှုလေ့လာထားဖို့လိုပါတယ်။

၅။သာ၍ကြီးပွားချမ်းသာဖို့အတွက်ပေးလှူစေခြင်းကကျမ်းစာသဘောမဟုတ်ရပါ။
ကျန်းမာချမ်းသာတရားဟောဆရာတွေရဲ့အလှူငွေရှာနည်းဟာ“မျိုး‌စေ့များများကျဲရင်များများရိတ်သိမ်းရမယ်”ဆိုပြီးမာလခိ၃:၁၀နဲ့မာကု၁၀:၃၀အခြေခံဟောပြောတတ်ကြပါတယ်။သဘောကလောင်းကစားလုပ်သလိုအများကြီးလိုချင်လို့“ထိုးကြည့်ထိုးရင်ပေါက်မယ်”ဆိုတဲ့သဘောပါ။တကယ်တော့ပေးလှူတဲ့အရာမှာဘုရားသခင်ကကောင်းကြီးတန်ပြန်ချပေးတာမှန်ပါတယ်ကတိ‌တော်ပါ။မမှန်တာကကောင်းကြီးတန်ပြန်ရချင်တဲ့စိတ်နဲ့လှူဒါန်းနေခြင်း၊ကောင်းကြီးတန်ပြန်ရမယ်ဆိုပြီးမြူဆွယ်‌ဟောပြောနေခြင်း၊ဒီကောင်းကြီးဟာငွေကြေးချမ်းသာခြင်းဘဲလို့ခံယူခြင်းပါ။ဒီလိုဆိုရင်ထာဝရအတွက်အမှုတော်မှာပေးဆပ်နေခြင်းမျိုးမဟုတ်ဘဲလောဘကြီးစွာနဲ့တိုးပွားချမ်းသာချင်လို့လောင်းနေတာမျိုးဖြစ်နေပါလိမ့်မယ်။

၆။အရာရာတိုင်းမှာယေရှုနာမနဲ့အမိန့်ပေးဝန်ခံရင်အဲဒီတိုင်းမုချဖြစ်လာမယ်ဆိုတာမှားပါတယ်။
“ယေရှုနာမနဲ့ဘဏ်ထဲမှာပိုက်ဆံပြည့်စေဖို့အမိန့်ပေးတယ်”တို့“‌ယေရှုနာမနဲ့အရပ်ရှည်‌စေ”တို့“‌ ယေရှုနာမနဲ့ဒီမိန်းကလေးကိုသိမ်းပိုက်တယ်”တို့“‌ ယေရှုနာမ၌အောင်မြင်ပြီလို့ဝန်ခံတယ်”စသဖြင့်…မိမိကိုယ်ကျိုးအတွက်ယေရှုနာမကိုအလွဲသုံးစားလုပ်နေကြတာယနေ့ခေတ်မှာအများကြီး‌တွေ့ရမှာပါ။ကျန်းမာချမ်းသာတရားဟောဆရာတွေကရှင်ယောဟန်၁၄:၁၃-၁၄၊၁၅:၁၆နဲ့‌ယာကုပ်၄:၂ကိုအခြေခံပြီးအဲလိုအမိန့်ပေးဝန်ခံတိုင်းဖြစ်မယ်လို့လွဲမှားစွာသွန်သင်နေကြတာပါ။အမှန်တော့ယေရှုခရစ်တော်ရဲ့နာမကတန်ခိုးမရှိတာမဟုတ်ပါဘူး၊ပြဿနာကယေရှုနာမကိုအာလာဒင်မီးခွက်ကောက်ရသလို(လိုတရအဖြစ်)ခံယူနေတဲ့ခရစ်ယာန်တချို့ကြောင့်လွဲသွားတာပါ။‌ဘုရားကိုဒါ‌ပေးပါဆိုပြီးအမိန့်ပေးနေရင်သင်ကဘုရားထက်ကြီးတဲ့ဘုရားသခင်ရဲ့သခင်ဖြစ်‌နေပါလိမ့်မယ်၊သင်လိုချင်တာထက်လိုအပ်တာကိုဘုရားအလိုတော်အတိုင်းခွဲခန့်ပေးနေတာနားလည်ပါ။ယေရှုခရစ်တော်ရဲ့နာမအားဖြင့်အသနားခံတတ်ဖို့နဲ့နူတ်ကပတ်‌တော်အတိုင်းဝန်ခံရမယ့်အရာတွေဝိညာဉ်တော်အလင်းပြပါစေ။အာမင်။

နိဂုံး
၂တိ၄:၃-၄“အကြောင်းမူကား၊ နောင်​ကာ​လ၌ လူ​တို့​သည် စင်​ကြယ်​သော​ဩ​ဝါ​ဒ​ကို နား​မ​ခံ​နိုင်​ဘဲ၊ ယား​တတ်​သော နား​ရှိ​လျှင်၊ မိ​မိ​တပ်​မက်​ခြင်း​အ​တိုင်း များ​ပြား​သော ဆ​ရာ​တို့​နောက်​သို့ လိုက်​ကြ​လိမ့်​မည်။သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​ဘဲ၊ ဒ​ဏ္ဏာ​ရီ​စ​ကား​ကို နား​ထောင်၍ လွဲ​သွား​ကြ​လိမ့်​မည်။”
ယနေ့လူတွေမြောက်များစွာဒီကျန်းမာချမ်းသာဆရာတွေနောက်လိုက်နေကြတာ၊နားထောင်ချင်နေကြတာ၊လမ်းလွဲလို့လွဲနေမှန်းမသိ၊မေတ္တာနဲ့ထောက်ပြသူကိုပါရန်တွေ့တဲ့ယုံကြည်သူတွေဒီစာလေးဖတ်ပြီးသတိတခုဝင်သွားရင်ဝိညာဉ်တော်ဆက်လက်အလင်းပြပါစေလို့ဆုတောင်းပါတယ်။အာမင်။